Tuesday, March 10, 2020

အခုခေတ်မှာ ပိုပြီးပူလောင်လာကြတယ် "

" လွန်ခဲ့တဲ့ အနှစ် ၄၀-၅၀ လောက်တုန်းက လူတွေရဲ့ စိတ်ဓာတ်က အေးချမ်း ငြိမ်သက်မှုရှိသော်လည်း ဒီကနေ့ခေတ်မှာ ပိုပြီးတော့ ပူလောင်လာတယ်၊ လောဘတွေ ပိုများလာတယ်၊ ဒေါသတွေ ပိုများလာတယ်၊
ဘုန်းကြီးတို့ ဘဝမှာ မကြားဖူးတဲ့ အခြေအနေဆိုးတွေ အခုကြားရတယ်၊ အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ခေတ်မှာ ပေါ်လာတာ၊
Terrorism တဲ့၊ အကြမ်းဖက်ဝါဒတွေ terrorist အကြမ်းဖက်သမားတို့၊ အကြမ်းဖက်သမားဝါဒတို့ ဆိုတာ ဘယ်သူ့ကိုမှ မရှောင်ဘူး၊
တွေ့သမျှ လူမှန်သမျှကို ဒုက္ခပေးတဲ့ဝါဒမျိုး ဖြစ်လာတယ်၊

 ဟိုးရှေးတုန်းက ဒီလိုဟာမျိုး မဟုတ်ဘူး၊ လူအချင်းချင်းမုန်းလို့ သတ်ချင်သတ်လိမ့်မယ်၊ ရာဇဝတ်မှုကျူးလွန်ပြီး သတ်ချင်သတ်လိမ့်မယ်၊ တစ်စုံတစ်ခုသောအကြောင်း ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်၊
အခုကျတော့ အဲလိုမဟုတ်ဘူး၊ ကိုယ်သိတဲ့လူရော မသိတဲ့လူရော၊ အပြစ်ကင်းသူရော အပြစ်မကင်းသူရော အားလုံးရောပြီးတော့
ဘယ်သူသေသေ စိတ်ဓာတ်တွေ ဝင်လာတယ်ပေါ့၊
 “တိဗ္ဗော အာဃာတော” အလွန်ပြင်းထန်တဲ့
အာဃာတတွေတဲ့၊ ဒီလိုပြောရမှာပေါ့။

လူတွေရဲ့ စိတ်ထဲမှာ အဲဒါတွေ ကိန်းအောင်းလာတယ်၊
ကိန်းအောင်းလာတာဟာ တဖြည်းဖြည်း များလာတဲ့သဘောရှိတယ်၊ လျော့သွားတယ်လို့ မရှိဘူးနော်၊ တစ်နေရာ တစ်နေရာမှာ လျော့ပါးနေတာ ရှိကောင်းရှိမယ်၊ နေရာတိုင်းမှာ လုံခြုံရေးဆိုတာ အတော်တင်းကြပ်လာတယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားတဲ့ပုဂ္ဂိုလ်တိုင်း ဒါကို သတိထားမိလိမ့်မယ်၊
လေယာဉ်ပျံနဲ့ ခရီးသွားလို့ရှိရင် check in ဆိုတာ အမျိုးမျိုးပါပဲ၊
ဟိုလို check ဒီလို check နဲ့၊ တချို့နိုင်ငံများဆိုလို့ရှိလျှင် စက်နဲ့ check လုပ်လိုက်လို့ရှိလျှင် အကုန်လုံး အဝတ်အစားဘာညာ၊ မိမွေးဖမွေးတိုင်း ရုပ်ပုံထင်အောင် စက်ကိရိယာတွေ တီထွင်ပြီးတော့ထားတယ်၊ အဲဒီ စက်တွေတောင် တပ်ဆင်ပြီးတော့ ထားတယ်။

လေယာဉ်ပျံနဲ့ ခရီးသွားရာမှ လုံခြုံရေးတွေက ပိုပြီးတော့ တင်းကြပ်လာတယ်ဆိုတာကိုက အန္တရာယ်တွေ များလာတယ်ဆိုတဲ့
အဓိပ္ပာယ်ကို ဖော်ပြနေတယ်၊ မြေပြင်လမ်းလျှောက်ဦးမလား၊ မြေပြင်လမ်းလျှောက်မယ် ဆိုလို့ရှိရင် မိုင်းဗုံးတက်နင်းမိမှာ
အလွန်ကြောက်နေရတဲ့ အနေအထားမျိုး၊ ကောင်းကင်က
သွားလည်း အန္တရာယ်မကင်းဘူး၊ မြေပြင်က လမ်းလျှောက်လည်း အန္တရာယ်မကင်းဘူး၊ ရေထဲသွားပြန်တော့လည်း အန္တရာယ်မကင်းဘူး၊
အဲတော့ လူ့လောကကြီးဟာ လောဘ ဒေါသ မောဟ တွေ
ကြီးမားလာလို့ ကြီးထွားလာလို့ ဆုတ်ယုတ်ပျက်ပြားလာတယ်ဆိုတာ
သေချာတဲ့ အချက် ၁-ခုပဲ။

လက်တွေ့မျက်မြင်နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ ကြည်မယ်ဆိုလို့ရှိရင်
နှလုံးရဲ့ အေးချမ်းမှုဆိုတာ အင်မတန်မှ နည်းလာတယ်၊ လူ့လောကမှာ
လူတွေဟာ ယှဉ်ပြိုင်မှုတွေ များလာတယ်၊ စီးပွားတိုးတက်လာလေလေ ယှဉ်ပြိုင်မှုတွေ များလာလေလေ၊ အင်္ဂလိပ်လိုတော့ tension ခေါ်တာပေါ့၊ တိုးတက်ကြီးထွားလာလို့ရှိရင် tension တွေ ပိုများလာတယ်၊ မြန်မြန်တိုးတက်လေလေ tension တွေ များလေလေ၊
စီးပွားဥစ္စာ တိုးတက်လေလေ tension များလေလေပဲ၊
လူတွေဟာ ပိုပြီးတော့ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။

နဂိုကတော့ ထင်ကောင်းထင်လိမ့်မယ်၊ မတောင့်မတ မကြောင့်မကျ
စီးပွားဥစ္စာတွေ ဖြစ်ထွန်းလို့၊ ပိုက်ဆံတွေ များများရှိရင် ချမ်းချမ်းသာသာ
နေရမယ်၊ စိတ်အေးလက်အေး နေရမယ်လို့ ထင်ကောင်းထင်မယ်၊
မဟုတ်ဘူး၊ ချမ်းသာတဲ့သူက ပိုပြီးတော့ tension များတယ်နော်၊
သူတောင်စားကမှ ခွက်ကလေးချပြီး လမ်းဘေးမှာ
အိပ်လို့ရသေးတယ်၊ ပိုက်ဆံချမ်းသာတဲ့သူက
ဘယ်အိပ်ရဲမလဲ၊ အဲဒီနေရာမျိုး။

tension ပိုများလာတာပေါ့၊ စီးပွားရေး တိုးတက်လာတာဆိုရင် တစ်ဖက်ကနေပြီးတော့ ကြောင့်ကြစိတ်တွေ ဆိုတာဟာ ပူပန်တတ်တဲ့
စိတ်တွေပဲ၊ ကြောင့်ကြတယ် ပူပန်တယ်ဆိုတာ ဘာပြောတာတုန်း
ဆိုလို့ရှိရင် ဒေါမနဿကိုပြောတာ၊ ဒေါမနဿဆိုတဲ့ သဘောတရားက ဒေါသမူစိတ်မှာ ယှဉ်ပြီးတော့ဖြစ်တယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့ လာတဲ့ ပူပန်ကြောင့်ကြမူတစ်ခုဖြစ်တယ်၊ ဒေါသတွေ ဖြစ်နေတယ်။

လူတွေက စိတ်ဆိုးမှ ဒေါသဖြစ်တယ် ထင်နေတာ၊ မဟုတ်ဘူး၊
ကြောက်ရင်လည်း ဒေါသပဲ၊ မုန်းတီးတာတင် ဒေါသမဟုတ်ဘူး၊
စိတ်ဆိုးတာတင် ဒေါသမဟုတ်ဘူး၊ ကြောက်တာလည်း ဒေါသပဲ၊
ဒါကြောင့်မို့ hatred, fear, anger လို့၊ ဒေါသနဲ့ ပတ်သက်ပြီေးတာ့
အင်္ဂလိပ်လို ပြန်ကြတာ၊ hatred တစ်ခုတည်းတင် ဒေါသ မဟုတ်ဘူး၊
fear လည်း ဒေါသပဲ၊ စိုးရိမ်ကြတယ်၊ ကြောက်လန့်ကြတယ်၊

ဒေါသနဲ့ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေ၊
အဲဒီ စိတ်အခြေအနေတွေ ဖြစ်ပေါ်လာလျှင် peaceful mind ဆိုတာ ဆုံးရှုံးသွားတယ်၊ အဲဒီတော့ ခန္ဓာကိုယ်က ထွက်လာတဲ့ chemical တွေ ဓာတ်ငွေ့တွေကလည်း ဘယ်အေးချမ်းနိုင်တော့မလဲ။

မအေးချမ်းသည့်အတွက်ကြောင့် ကမ္ဘာကြီးဟာ ပိုပိုပြီးပူလာတယ်၊
ဘယ်သူ့ကြောင့် ပူတာတုန်း၊ လူတွေပူလို့ ပူတာနော်၊ လူတွေ ပူလား
မပူလားဆို တစ်ယောက်ထိုင်သွားတဲ့နေရာ သွားပြီး ထိုင်ကြည့်ပါလား၊
ပူနေမှာပဲ၊ သေချာတယ်၊ ဒါကြောင့်မို့ ဒါတွေက ကျိုးကြောင်းအနေနဲ့ ဆက်သွယ်ပြီးတော့နေတာ၊ ‘ကမ္မပစ္စယ ဥတုသမုဋ္ဌာနံ’ ကံကို အခြေခံပြီးတော့ ဥတုရာသီတွေက ပြောင်းလဲနေတာ၊ ရာသီဥတုပေါ်မူတည်ပြီး အာဟာရဓာတ်တွေက ပြောင်းလဲနေတာ၊ အာဟာရဓာတ်တွေပေါ်
မှီနေရတဲ့ လူရဲ့သက်တမ်းဟာ ဆုတ်ယုတ်မှု၊
တိုးတက်မှုဆိုတာ ဖြစ်တာ။

ဒါကြောင့်မို့ လူ့ရဲ့သက်တမ်းဟာ “အာယုဂဏနာယ နိယမော နတ္ထိ”
ဆိုတဲ့အတိုင်း သက်တမ်းရဲ့ အရေအတွက် ဂဏန်းဟာ မမြဲဘူးတဲ့၊ ဘာလို့ မမြဲလဲဆိုလျှင် ခုနကလို ဥတုအာဟာရပေါ်မှာ မှီတည်ပြီး
လူတွေရဲ့သက်တမ်းက တက်လိုက်ကျလိုက်၊
ဒီလို နှစ်မျိုးကြုံနေလို့ မမြဲဘူး။
{အပြည်ပြည်ဆိုင်ရာ ထေရဝါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
ပါမောက္ခချုပ်ဆရာတော်}

Saturday, March 7, 2020

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း (၆)

အထင်ကြီးခြင်း အထင်သေးခြင်း
သံသရာထဲကလွတ်အောင် ကရုဏာနဲ့မုဒိတာပွားပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
 ★ တခါတခါကျတော့ ဘုန်းဘုန်းတို့က အသိဉာဏ်နဲ့ပတ်သတ်ပြီးတော့ သူများကိုအထင်သေးတယ်။ ဘယ်သူက အင်္ဂလိပ်စာမတတ်ဘူး၊ 
ဘယ်သူက အဘိဓမ္မာမတတ်ဘူး၊ ဘယ်သူက တရားမထိုင်ဘူးဆိုပြီး 
အဲဒါ အထင်သေးပြန်ရော။ 

★ #တရားသွားထိုင်လာပြီးတော့ #တရားမထိုင်ဘူးတဲ့လူကို #အထင်သေးတယ်ဆိုရင် #တရားတော့တော်တော်တက်ပြီ။ တရားမထိုင်ဘူးတဲ့လူကို အထင်မသေးမိအောင် ဘာလုပ်ရမှာတုန်း ဒါဆို၊ ကရုဏာပွားရမယ် တရားနာပရိတ်သတ်တို့။ 

★ ကိုယ်တရားသွားထိုင်တဲ့အခါမှာ ကိုယ်သိတာပဲ၊ 
ဒီလောက်ထိ ကြိုစားပြီးတော့ မိနစ်တိုင်း စက္ကန့်တိုင်း သတိရှိအောင် လုပ်တာတောင်မှ စိတ်က ထွက်တာမှလေ တခါတည်း သူက ထွက်ပေါက်ပဲရှာနေတာ။ ထွက်တာမှ အရမ်းထွက်တာ 
ကိုယ့်ဟာကိုယ်သိတာပဲ။ 

★ အဲဒါနဲ့ တရားလုံးဝမထိုင်တဲ့ပုဂ္ဂိုလ်ကို ကိုယ်ပြန်ပြီးတော့
ပေါင်းတဲ့အခါမှာ၊ ကိုယ်ပြန်ပြီးတော့ စကားပြောကြည့်တဲ့အခါမှာ 
သူတို့စိတ်တွေက ထွေနေတယ်ဆိုရင် သိတယ်။ 

★ အဲလိုသိတဲ့အခါမှာ #ကရုဏာစိတ်မဖြစ်မိရင် #အထင်သေးတဲ့စိတ်ဖြစ်သွားတယ်။ ဒါကြောင့် 
#ကရုဏာတရားက #သိပ်အရေးကြီးပါတယ်။ 

★ ရန်ကုန်ထဲကလူတွေက နယ်ကလူတွေကို အထင်သေးတယ်၊ 
နယ်က မြို့ထဲမှာနေတဲ့လူတွေက တောကလူအထင်သေးတယ်၊ တောကလူတွေကလည်း ရွာပိုကြီးတဲ့လူတွေက 
ရွာပိုသေးတဲ့လူတွေကို အထင်သေး၊ 
အဆင့်ဆင့် အထင်သေးတာ။ 

★ ရန်ကုန်ကလူတွေ ဘန်ကောက်သွားတဲ့အခါကျတော့ 
ဘန်ကောက်ကလူတွေကို အထင်ကြီးပြန်ရော၊ ဘန်ကောက်ကလူတွေက ကိုယ့်ကိုအထင်သေး၊ ဘန်ကောက်ကလူတွေ အင်္ဂလန်သွားတဲ့
အခါကျတော့၊ လန်ဒန်က လူတွေက သူတို့ကို အထင်သေး။ 

★ လန်ဒန်ကလူတွေ နယူးယောက်သွားတဲ့အခါကျတော့ 
နယူးယောက်ကလူတွေက သူတို့ကို အထင်သေး။ 
နယူယောက်ထဲမှာလည်း အချင်းချင်းအထင်သေး။ 
မပြီးနိုင်ဘူး လူ့လောကြီးက။ 

🍃 ဒါကြောင့် အထင်ကြီးခြင်း အထင်သေးခြင်း 
အဲဒီသံသရာထဲကလွတ်အောင် ကရုဏာနဲ့မုဒိတာ ပွားပါ။ 

★ ကိုယ့်ထက်ပိုပြီးတော့ ပိုက်ဆံရှိတာ၊ တကယ်ရှိတာပဲ။ 
ကိုယ့်ထက်ပိုပြီးတော့ ပညာတတ်တာ တကယ်ရှိတာပဲ။ 
ကိုယ့်ထက်ပိုပြီးတော့ အပေါင်းအသင်းဆံ့တာ တကယ်ရှိတာပဲ။ 

★ အဲဒီလိုနေရာမျိုးမှာ အထင်ကြီးတဲ့စိတ် မဖြစ်ဘဲနဲ့ 
မုဒိတာစိတ်ဖြစ်ရင် အရမ်းကို safe ဖြစ်သွားတယ်၊ 
အရမ်းကို လုံခြုံတယ်၊ side effects မရှိဘူး။ 

🍃 #မုဒိတာဆိုတဲ့ #ဆေး #စားသုံးကြပါ၊ Side effects မရှိဘူး။ 

★ အဲလို မဟုတ်ဘဲနဲ့ ကိုယ်အထင်ကြီးတဲ့လူဆိုရင်လေ 
သူတို့ကိုသွားပြီးတော့ ဆက်ဆံတာ ကိုယ်က တမျိုး၊ 
သူတို့ကိုအချိန်တွေပေးတယ်၊ စကားပြောတာကအစ 
ကွာသွားတယ်၊ လေသံတွေလည်း ကွာသွားတယ်။ 

★ အဲဒီလူတွေ ဘာပဲလုပ်လုပ် ကိုယ်က အပြစ်မမြင်နိုင်ဘူး 
ကိုယ်က အထင်ကြီးတဲ့လူတွေကို၊ blind ဖြစ်သွားတာပေါ့။ 
ကိုယ်ရဲ့ အသိဉာဏ်က ကန်းသွားတာပေါ့။ 
သူတို့ကို အထင်ကြီးလို့။ 

★ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီးတစ်ယောက်ကို 
အထင်ကြီးလိုက်ပါလား၊ ဘာအပြစ်မှမရှိဘူး အဲဒီတစ်ယောက်က။ တခြားလူတစ်ယေက်က သူ့အပြစ်ကို လာပြောရင် ကိုယ်က 
လက်သီးနဲ့တောင် ထိုးလိုက်အုန်းမယ်။ 

★ ဒါကြောင့် #အောင်မြင်တဲ့လူတွေကို #မုဒိတာပဲ ပွားပါ။ #ကိုယ်အောင်မြင်တဲ့အခါမှာလည်း #ကိုယ့်ကိုယ်ကိုယ် 
#မုဒိတာပဲပွားပါ။ မုဒိတာ မမေ့နဲ့။ 
#မုဒိတာ မဖစ်တဲ့အချိန်မှာဆိုရင်
 #အလွယ်တကူသူများကို 
#အထင်ကြီးတဲ့စိတ်ဖြစ်တယ်။ 

★ အထင်းကြီးတယ် အထင်သေးတယ်ဆိုတာက 
အင်္ဂလိပ်လိုတော့ stratification လို့လည်းခေါ်တယ်၊ 
classification လို့လည်းခေါ်တယ်၊ အဆင့်အတန်းတွေ 
ဖန်တီးထားတာ။ အဲဒီလို ဖန်တီးထားတာ။ 
အဲဒီ အဆင့်အတန်းတွေ ဖန်တီးပြီးတော့ 
ကိုယ့်ကိုယ်ကိုယ် တစ်နေရာမှာ ထည့်တယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း (၅)

အထင်ကြီးခြင်း အထင်သေးခြင်းက ဒင်္ဂါးတစ်ချပ်လို
ခေါင်းနဲ့ပန်း ဟိုဖက်ဒီဖက်ပဲ 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ တချို့နေရာတွေဆိုရင်လေ ဘုန်းဘုန်းက ကလေးတွေကို 
စားသင်ပေးတဲ့အခါမှာ တရားသင်ပေးတဲ့အခါကျတော့ အတန်းမှ တစ်တန်းပဲကွာတယ်။ (၁၁)တန်းနဲ့ (၁၀)တန်းဆို တစ်တန်းပဲကွာတယ်။ 
ဒါပေမဲ့ (၁၁)တန်းက ကလေးတွေက (၁၀)တန်းက ကလေးတွေကို မတူမတန်ဆက်ဆံတယ်။ 

★ (၁၀)တန်းနဲ့ (၉)တန်းဆိုရင်လေ သူက တစ်နှစ်ပဲကွာတာ 
(၁၀)တန်းကလေးက (၉)တန်းကလေးကို မတူမတန်ဆက်ဆံတယ်။ တက္ကသိုလ်ရောက်သွားရင်ရော စီနီယာဖြစ်တဲ့လူက 
ဂျူနီယာဖြစ်တဲ့လူကို ဘာလုပ်တုန်း။ အထင်သေးတယ်။ 

★ ဒို့က ၁၉၈၀ ဒို့က ၁၉၈၅၊ သူတို့က ၁၉၈၇၊ ဒို့ထက်
 ၂နှစ်နောက်ကျတယ်။ အဲဒီ (၂၄)လက အရမ်းကို ကမ္ဘာခြားသွားတဲ့ 
ပုံစံမျိုး သူတို့ကို အထင်သေးတယ်။ 

★ ဘုန်းဘုန်းတို့ ဘုန်းကြီးလောကထဲမှာဆိုရင် ဘယ်သူက 
ဘွဲ့ဘယ်နှစ်ခုရတယ်၊ ဘယ်တစ်ပါး ဘွဲ့ပိုရတယ်။ 
ဒကာကလည်း နောက်ကနေမြောက်ပေး၊ ဘုန်းဘုန်းတို့ကလည်း အမြောက်ခံဆိုတော့ ဒီလိုပဲ တစ်ပါးကနေ တစ်ပါးကို 
အထင်သေးတာ အဲဒါမျိုးတွေဖြစ်တယ်။ 

 ★ လောကကြီးထဲမှာ အောင်မြင်အောင် 
မနည်းကြိုးစားရတယ်လေ။ ကြိုးစားပြီး အောင်မြင်
လာတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိတယ်။ 

★ ဘုန်းဘုန်းတက်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က 
အရမ်းခက်ပါတယ်။ စာအရမ်းခက်တယ်။ 
လန်ဒန်တက္ကသိုလ်ထက်ကို သုံးဆလောက်ခက်တယ်။ 
စာစီစာကုံးတွေပိုရေးရတယ်၊ စာပိုဖတ်ရတယ်၊ 
စာပိုကျက်ရတယ်။ 

★ အဲဒါကြောင့် ကျောင်းသားတွေဆိုရင်လေ undergraduate 
ကျောင်းသားတွေ တနင်္လာကနေပြီးတော့ သောကြာနေ့ 
အလုပ်လုပ်တဲ့ ၅-ရက်၊ အလုပ်လုပ်တာတော့ 
၆-ရက်လောက် လုပ်ရတယ်။ 
၆-ရက်၊ ၅-ရက်ခွဲလောက် လုပ်တယ်ပေါ့။ 

★ တနင်္လာကနေပြီးတော့ သောကြာရယ်၊ နောက်ပြီးတော့ 
တနင်္ဂနွေနေ့ရဲ့ နေ့ခင်းကနေပြီးတော့ စလုပ်တယ်။ 
နားတာက စနေနေ့ တနေကုန်နားတယ် 
နောက် တနင်္ဂနွေနေ့ မနက်နားတယ်။ 
အဲဒီ #၅ရက်ခွဲအတွင်းမှာ သူတို့က 
#တစ်ရက်လောက်ကညမအိပ်ဘူး။ 

★ #စာကြည့်တိုက်လည်း #၂၄နာရီဖွင့်ပေးထားတယ်၊ 
တက္ကသိုလ်တစ်ခုလုံးမှာ စာကြည့်တိုက်(၁၀၀)လောက်ရှိတယ် ဆောက်ပေးထားတာ။ စာကြည့်တိုက် 
ဒီတိုင်းဖွင့်ပေးထားတာ။ 

★ စာကြည့်တိုက်ထဲမှာပဲ စာကြည့်စာရေး၊ essay တွေရေး၊ 
အချိန်မမှီမှာစိုးလို့ တစ်ပတ်တစ်ပတ်ကို စာစီစာကုံး 
တချို့ဆိုရင် တပါတ်မှာဆိုရင် နှစ်ခုရေးရတယ်၊ 
တချို့ဆိုရင် သုံးခုရေးရတယ်။ 

★ အဲဒါမျိုး ဆရာသုံးယောက် တစ်ခုစီ တစ်ခုစီ သွားပေး။ 
ပြီးရင် အဲ့ဆရာတွေဆီသွားရတာ တခြားကျောင်းသားတွေနဲ့။ 
စာမဖတ်လို့တော့ မရဘူး။ ဖတ်ပြီးတော့ မရေးလည်းမရဘူး။ အရမ်းကြိုးစားတယ်။ 

★ အဲလိုအရမ်းကြိုးစား အရမ်းကြိုးစားပြီးတော့ 
အဲဒီကျောင်းကနေ ထွက်လာတဲ့အခါကျတော့ လူက 
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု confidence တွေအများကြီး 
ပါလာတယ်။ ဘာရယ်လို့မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် 
ယုံကြည်မှုက ပါလာတယ်။ 

★ အဲဒါကြောင့် အင်္ဂလန်နိုင်ငံအတွင်းမှာပဲ အလုပ်တွေဘာတွေ အင်တာဗျူးသွားတယ်ဆိုရင် သူတို့က အရမ်းကို ယုံကြည်မှုမြင့်မားတဲ့အခါကျတော့ သူတို့ကပဲရသွားတယ်။ 
ပြောရဲဆိုရဲ မသိတာတောင်မှ ပြောရဲဆိုရဲတယ်။ 
သိတယ်ဆိုရင်တော့ ပြောမနေနဲ့တော့။ 

★ အဲဒါကြောင့် တခြားလူတွေကလည်းပဲ သူတို့ကို မုန်းတယ်ဆိုပါတော့။ အောက်စဖို့ဒ်က ထွက်တဲ့လူတွေကလည်း 
လမ်းလျှောက်လာတယ်ဆိုရင် တစ်လောကလုံးမှာ 
သူတစ်ယောက်တည်း ရှိတဲ့ပုံစံမျိုးတွေ၊ 
အဲလိုပြောခံရတယ်။ 

★ Cambridge တက္ကသိုလ်ကလည်း အဲဒီအတိုင်းပဲ 
သူကလမ်းလျှောက်ပြီးတော့ ၀င်လာတယ်ဆိုရင် 
တစ်လောကလုံးက သူ့အကြွေးတင်တဲ့အတိုင်း 
လမ်းလျှောက်လာတယ်။ အဲဒါမျိုးတွေ ပြောခံရတယ်။ 

★ တကယ်လည်းပဲ သူတို့က over confidence 
ဖြစ်တဲ့လူတွေများတယ်၊ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ 
ယုံကြည်တာ၊ ရှိတာထက် ပိုယုံတယ်။ 

★ ဒါက အောက်စဖို့ဒ်ရောက်တဲ့အခါကျမှ မဟုတ်ဘူး၊ 
တောရွာလေးထဲမှာ ကလေးတစ်ယောက်ကို ကျကျနနသင်ပေးရင် သူလုပ်နိုင်တာလေးတွေ တစ်ခါလုပ်နိုင်ရင် တစ်ခါချီးမွမ်းပေး၊ 
တစ်ခါ အလုပ်တစ်ခုခု ပရောဂျက်တစ်ခုခု လုပ်ခါနီးမှာ 
သူ့ကို အားပေး။ အဲဒီလိုပုံစံမျိုးနဲ့ ပရောဂျက်နှစ်ခုသုံးခု 
သူလုပ်ပြီးသွားရင် အဲဒီကလေးက သူ့ကိုယ်သူ 
ယုံကြည်စိတ်အများကြီး ဖြစ်သွားတယ်။ 

★ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်မရှိဘူးဆိုရင် ဘုန်းဘုန်းတို့ 
ဒီလောကကြီးထဲမှာ အလုပ်လုပ်ရတာ သူက အဆင်မပြေဘူး။ 
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရတယ်။ 
ဒါပေမဲ့ #ကိုယ့်ကိုယ်ကိုယ် #ယုံကြည်တဲ့စိတ်က သူ့မှာ 
side effects ရှိတယ်။ သူ့မှာ #ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ 

★ အဲဒီ #ဘေးထွက်ဆိုးကျိုးကတော့ #သူများကို 
#အထင်သေးတတ်တဲ့ဟာ။ ပိုက်ဆံတွေ ကုန်းကွပြီးတော့ရှာတယ်၊ 
စီးပွားတွေ ကုန်းကွပြီးတော့ရှာတယ်။ ပိုက်ဆံရှိလာတဲ့အခါကျတော့ ပိုက်ဆံမရှိတဲ့လူတွေကို ကိုယ်ရဲ့အမြင်က တမျိုးဖြစ်သွားတယ်။ 

★ ဆေးကျောင်းသားလေးတစ်ယောက် တခါ
 ဆရာ၀န်မဖြစ်ခင်တုန်းကဆို စကားပြောတာ ကျနော် 
ဘာလုပ်ပေးရမှာတုန်း၊ သား ဘာလုပ်ပေးရမှာတုန်း။ 
အရမ်းကို “ဂါရ၀ နိဝါတ” များတဲ့ကလေး။ 

★ သူ့ကိုယ်သူ ဆရာ၀န်လည်းဖြစ်သွားရော 
အလုပ်ကောင်းလည်းရသွားရော အဲဒီမှာ ဆေးရုံမှာအလုပ်လုပ်နေတဲ့ သူနာပြုယောက်ျားတွေ၊ တွန်းလှည်းသမားတွ နောက်ပြီးတော့ 
physio ဘက်မှာ လုပ်တဲ့လူတွေကို သူက အရင်တုန်းက 
စကားပြောတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ 

★ ပြောတာလေ “ဟေ့ ရောင်…” ဟေ့ကောင် ခေါ်တာ၊ ဘုန်းဘုန်းက မကြားဖူးဘူး။ အဲဒါမျိုးတွေ့တဲ့အခါကျတော့ ဒီကောင်းလေး ဘယ်လိုဖြစ်သွားတုန်း။ Confidence, self-confidence 
ရှိသွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြစ်သွားပြီးတော့ သူများကို အထင်သေးတဲ့စိတ် ဘယ်အချိန်၀င်သွားမှန်းကို မသိတော့ဘူး။ 

★ ဒါ တကယ့်ကို ဂါရ၀ နိဝါတ များတဲ့ကလေး။ 
ငယ်ကတည်းက ထောင်လွှားထောင်လွှား ကြွကြွနဲ့ ကြွကြွနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။ 

★ #သူများကိုအထင်သေးတဲ့လူက အစောပိုင်းက ပြောသလိုပဲ #သူအထင်သေးခံရမှာအရမ်းကြောက်တယ်။ 

#မတော်တဆ လူတစ်ယောက်က 
#သူ့ကိုလာပြီးတော့အထင်သေးရင် #အဲဒီလူ 
#ချက်ချင်းပဲသူရန်သူဖြစ်သွားတယ်။ အထင်ကြီးခြင်း 
အထင်သေးခြင်းက ခေါင်းနဲ့ပန်း ဟိုဖက် ဒီဖက်ပဲ၊ 
ဒင်္ဂါးတစ်ချပ်တည်း။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း (၄)

ခဏခဏ အငေါက်ခံရတဲ့ကလေးက EQ စွမ်းရည် မမြင့်ဘူး၊ 
ချီးမွမ်းခံရတာ အကျင့်ပါသွားတဲ့ကလေးက 
သူများကို အထင်သေးတယ်
▬▬▬▬▬▬▬▬▬▬
★ အိမ်မှာ မိဘက ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ 
🔺 တစ်ခုက ကလေးကို 
#ကောင်းတာကြည့်ပြီးတော့ချီးမွမ်းတယ်။ 
🔺 တစ်ခုက #အမြဲတမ်းပဲ 
#လက်ညှိုးငေါက်ငေါက်နဲ့ #ဆဲဆိုတယ်။ 

★ ဒီနှစ်ခုမှာ #အမြဲတမ်းဆဲဆိုနေရင် ဒီကလေးက 
#စိတ်ဓါတ်ကျပြီးတော့ မိခင်ဖခင်ဆီမှာ ရရမယ့်နွေးထွေးမှုမေတ္တာ သူမရတဲ့အခါကျတော့ ကြီးလာတဲ့အခါ 
#သူ့ကိုယ်သူယုံကြည်မှုမရှိဘူး။ 

★ အဆိုးမြင်ဝါဒရှိတဲ့ မိဘတွေ၊ တချို့ကျတော့ အဆိုးမြင်ဝါဒ ရှိလို့မဟုတ်ဘူး၊ အလုပ်သွားတဲ့အခါမှာ စိတ်ဖိစီးမှုတွေများတယ်၊ 
အဲစိတ်ဖိစီးမှု မကိုင်တွယ်နိုင်ဘူး။ 

★ အိမ်ပြန်ရောက်တဲ့အခါမှာ အဲစိတ်ဖိစီးမှုတွေပါလာတယ်။ ဘာမှ မဟုတ်တာလေးနဲ့ စိတ်တွေဆိုး၊ စိတ်တွေတို။ အိမ်မှာနေတဲ့ 
ကိုယ့်ကလေးက ဘာမှ အပြစ်မရှိဘူး။ မဆီမဆိုင် ဒီလိုပဲ အော်မိတာပဲ။ 
ဒီလိုပဲ ဆူမိတယ်။ 

★ ဘုန်းဘုန်း ကောင်းကောင်းလေး မှတ်မိတယ်၊ မန္တလေးမှာ လူကြီးတွေနဲ့ကလေးတွေကို တရားဟောတဲ့အခါကျတော့ 
မဖြစ်နိုင်ဘူးထင်တယ်လို့ ကလေးတွေကို ဘုန်းဘုန်းက ခွဲပြီးတော့ အခန်းတစ်ခန်းထဲမှာ သီးသန့် သူတို့ကို တရားဟောပေးတယ်။ 
သူတို့ ဆရာမတွေပါတယ် ။ 

★ အဲဒီကလေးတွေက တစ်တန်း နှစ်တန်း သုံးတန်း ကလေးတွေ။ 
ဘုန်းဘုန်းက ဒီလို တရားဟောတဲ့ပုံစံမျိုး မလုပ်ပါဘူး။ 
လေးတွေကို ဝိုင်းပြီးတော့ ထိုင်ပါ။ ပြီးရင် ကလေးကို 
ကရုဏာထားတတ်ဖို့ မုဒိတာထားတတ်ဖို့ 
အဲဒါလေးတွေ သင်ပေးပြီး တရားထိုင်တယ်။ 

★ ပြီးတော့ အိမ်မှာ အိမ်ကအကြောင်းတွေ ပြောပြခိုင်းတယ်။ 
ပြောပြခိုင်းတော့ ကလေးတစ်ယောက်က ဘာပြောတုန်းဆိုတော့ ဖေဖေက အလုပ်ကနေ ပြန်လာရင်တဲ့ မေမေကိုဆူတယ်တဲ့။ တခါတခါ 
သားသားတို့ကိုလည်း ဆူတယ်။ ကလေးက နှစ်တန်းလောက်ပဲ ရှိအုန်းမယ်။ 
၆နှစ် ရနှစ်လောက်ပဲ ရှိအုန်းမယ်။ အဖေရဲ့အပြစ်မဟုတ်ပါဘူး။ 
အဖေက လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ စိတ်ဖိစီးမှုကို ကိုင်တွယ်နိုင်အောင် ကိုင်တွယ်တတ်အောင် ဘယ်သူမှ သင်မပေးဘူး။ 
သူကိုယ်တိုင်ကကိုယ်က victim ဖြစ်တယ်။ 
သူ့ကိုယ်တိုင်ကကိုယ်က တန်ဆာခံဖြစ်တယ်။ 

★ သူက victim ဖြစ်တဲ့အခါကျတော့ သူရဲ့သား သူရဲ့ကလေး 
သူရဲ့မိသားစုကို victim ဖြစ်အောင် လုပ်ဖို့အတွက် အလွယ်လေးပဲ။ 

★ အဲဒီလို ခဏခဏ အငေါက်ခံရတဲ့၊ #အိမ်မှာခဏခဏ #အငေါက်ခံရတဲ့ကလေးဆိုရင် #အိမ်ကမိဘတွေနဲ့ #ကြီးလာတဲ့အခါသိပ်အစီးမကပ်ဘူး။ 

★ ပြီးရင် #လူ့အသိုင်းအဝိုင်းမှာလည်း တခြားလူတွေနဲ့ 
ဆက်ဆံပြောဆိုတဲ့အခါမှာ relationship ဆိုတာ၊ ဆက်ဆံရေး သူငယ်ချင်းဆက်ဆံရေး၊ သူရဲ့အိမ်ထောင်ဆက်ဆံရေး အဲဒီဟာတွေကို #မြဲမြံအောင်ထိန်းထားနိုင်တဲ့ emotion စွမ်းရည် 
#EQ #စွမ်းရည်မမြင့်ဘူး။ 

🔺 ဒါတွေက #သည်းခံနိုင်တယ်ဆိုတာ 
တစ်ယောက်ကိုတစ်ယောက် သည်းခံတယ်ဆိုတာ #အသိဉာဏ်တစ်ခုတည်းနဲ့မရဘူး။ 

★ #အသိဉာဏ်ဆိုတာက #စာပေထဲကအသိဉာဏ်တစ်ခုတည်းနဲ့ #မရဘူး။ #စိတ်ခံစားမှုပိုင်းဆိုင်ရာ #အသိဉာဏ်လည်းပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် IQ နဲ့ EQ နှစ်ခုစလုံးပါတယ်။ 
‼️ EQ က ငယ်ကတည်းက အိမ်မှာ စပြီးတော့ သင်ပေးရတယ်။ 

★ သင်ပေးတဲ့နေရာမှာ ဒီလိုပဲ တချို့ဆို မိဘတွေတင်မကဘူး ချီးမွမ်းတာလေ ချီးမွမ်းတာ၊ အဘိုးအဘွားတွေလည်း ချီးမွမ်းတယ်။ ၀န်ကြီးဦးလေးတွေ ဒေါ်ကြီးဒေါ်လေးတွေလည်း ချီးမွမ်းတယ်။ အကျင့်ပါသွားတယ် ကလေးက။ 

★ အဲလို အကျင့်ပါသွားတဲ့အခါကျတော့ သူရဲ့အမြင်က 
သူရဲ့စိတ်ခံစားမှုက balance မဖြစ်ပြန်ဘူး။ မညီမျှပြန်ဘူး။ 
အဲဒီကလေးက သူများကိုသွားပြီးတော့ အထင်သေးတတ်တယ်။ 
Over confidence ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်သွားလို့။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း (၃)

မာနဆိုတဲ့ နှိုင်းယှဉ်တာဟာ အပိုအလုပ်တွေ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ #သာသူရဲ့မာန နဲ့ #တန်းတူမာန နဲ့ #နာသူမာန သုံးခုရှိတယ်။ 
ကိုယ့်ဟာကိုယ် တခြားလူနဲ့သွားပြီး ပြိုင်လိုက်တဲ့အခါမှာ - 🗣 
‘ငါက သူ့ထက်တော်တယ်၊ ငါက ဆယ်တန်း သူက 
ကိုးတန်းပဲရှိသေးတယ်၊ ငါက ကိုးတန်း၊ သူကရှစ်တန်းပဲ ရှိသေးတယ်။ 
ငါက မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ အောင်ထားတယ်၊ master အောင်ထားတယ်၊ 
သူက ရိုးရိုးပဲ အောင်သေးတယ်။’ 

★ အဲလို သွားပြီးတော့ နှိုင်းယှဉ်တဲ့အခါမှာ ပညတ်သဘောအရ ကိုယ်ကသာတယ်လို့ မြင်တဲ့အခါမှာ အဲဒါ #သာသူရဲ့မာန်တဲ့၊ 
သာသူရဲ့မာန - superiority complex လို့ခေါ်တယ်။ 

★ ကိုယ်က superior ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ် ယူဆတာ။ အဲဒါမာနကြီးတယ်ဆိုပြီးတော့ မြန်မာလိုလည်း 
ရပ်ကွက်ထဲမှာလည်း အဲလို နားလည်တယ်။ 

★ နောက်မာနတစ်ခုကတော့ တခြားလူနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ - 🗣 ‘ဘာဂရုစိုက်ဖို့လိုတုန်း။ သူ့လောက်တော့ ငါလည်း ရှိတာပဲ၊ 
သူ့လောက်တော့ ငါလည်း တက်နိုင်တာပဲ။’ အဲဒီလို စိတ်ထားတာ 
ပါဠိလို “သဒိသမာန်” တဲ့။ #သဒိသ ဆိုတာက တူတာ။ #အဆင့်တန်းတူတယ်ဆိုပြီးတော့ဖြစ်တဲ့မာန်။ 

★ နောက်တစ်ခုကတော့ သွားပြီးတော့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ - 🗣
 ‘ဟာ သူတို့က ကိုယ့်ထက်ပိုပြီး ပိုက်ဆံရှိတယ်၊ ကိုယ့်ထက်ပိုပြီးတော့ ပညာကြီးတယ်၊ ကိုယ့်ထက်ပိုပြီးတော့ ရာထူးတွေကြီးတယ်၊ 
ကိုယ့်ထက်ပိုပြီးတော့ အသိုင်းအဝိုင်းတွေ ကြီးတယ်။’ ဆိုပြီးတော့ သူ့တို့ကြည့်ပြီးတော့ #ကိုယ့်စိတ်ထဲမှာသိမ်ငယ်တာ။ 
အဲဒါကျတော့ “ဟီနမာန်” တဲ့၊ inferiority complex တဲ့။ 

★ အင်္ဂလိပ်လို psychology မှာတော့ နှစ်ခုပဲရှိတယ်။ 
ဗုဒ္ဓတရားတော်ထဲမှာ သုံးခုရှိတယ်။ 

🔺သာသူရဲ့မာန်၊ 🔺တန်းတူမာန်၊ 🔺နာသူရဲ့မာန်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် 
🔺#ကြွားသူရဲ့မာန်၊ 🔺#တန်းတူရဲ့မာန်၊ 
🔺#သိမ်ငယ်တဲ့သူရဲ့မာန်။ 

★ #သိမ်ငယ်တဲ့စိတ်ဖြစ်တဲ့အခါ #မာနဖြစ်တယ်လို့ 
#လူအများစုကနားမလည်ဘူး၊ #အဲဒါမာနဖြစ်နေတာ။ 

★ #မာနဆိုတဲ့စကားလုံးက #ထောင်လွှားတယ်လို့
အဓိပ္ပါယ်တိုက်ရိုက်မရဘူး။ မာနဆိုတဲ့ စကားလုံးက 
compare လုပ်တယ်တဲ့။ #နှိုင်းယှဉ်တယ် - #မာနဆိုတာ။ 

★ သွားပြီးတော့ နှိုင်းယှဉ်တယ်ဆိုရင်တော့ ဒီရလဒ်သုံးခုထဲက 
တစ်ခုတစ်ခုပဲရမယ်၊ ကိုယ့်နဲ့ တန်းတူရင်လည်း ဖြစ်ရင်ဖြစ်မယ်၊ 
ကိုယ့်ထက်သာတာ ဖြစ်ရင်ဖြစ်မယ်၊ 
ကိုယ့်ထက်နိမ့်တာ ဖြစ်ရင်ဖြစ်မယ်။ 

★ အဲဒီရလာတဲ့ ရလဒ်ပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့ စိတ်ကလည်းပဲ ခက်ထန်သွားတယ်။ စိတ်က ပျော့ပျောင်းမသွားဘူး။ 
စိတ်က ခက်ထန်သွားတယ်။ 

★ ကိုယ့်ထက်သာတဲ့လူနဲ့တွေ့ရင် သိမ်ငယ်တယ်ဆိုတာ ကိုယ်က သိမ်ငယ်တဲ့စိတ်နဲ့ဆိုရင် အဲဒီအပေါ်မှာ ကိုယ့်ရဲ့စိတ်က 
ပုံမှန်မဟုတ်တော့ဘူး၊ အဲလူနဲ့ ဆက်ဆံတဲ့နေရာမှာ။ 

★ သိမ်ငယ်တဲ့စိတ်ဆိုတာ အလိုလိုနေရင်း ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီးတော့ ၀မ်းနည်းတယ်၊ ၀မ်းနည်းတဲ့စိတ် ခဏခဏဖြစ်၊ ခဏခဏဖြစ်၊ repeat လုပ်တယ်ခေါ်တာ၊ ခဏခဏ repeat လုပ်၊ ခဏခဏဖြစ်။ 

★ အဲလို ခဏခဏဖြစ်တာကိုပဲ #သံသရာလို့ခေါ်တာ 
တရားနာပရိတ်သတ်တို့။ လူတစ်ယောက်ကို ကြည့်ပြီးတော့ 
ကိုယ်က ခဏခဏ သိမ်ငယ်တဲ့စိတ်ဖြစ်ရင် သိမ်ငယ်တဲ့စိတ် 
repeat လုပ်တာကို သံသရာလို့ခေါ်တယ်။ 

★ Facebook ပေါ်မှာ ဓါတ်ပုံလေးတင်လိုက်တယ်။ 
🗣 ‘ဟာ ကြည့်စမ်းပါအုန်း ဟိုးဖက်ကလူက လူထောင်နဲ့ချီပြီး like 
လုပ်ခံရတယ်’ ကိုယ်ကျတော့ လေးငါးယောက်ပဲ လာပြီးတော့ 
သူငယ်ချင်းတွေ like လုပ်တယ်ဆိုရင် စိတ်ထဲမှာ ဘယ်လိုဖြစ်တုန်း စိတ်ထဲမှာ 
အားငယ်သွားတာပေါ့။ 🗣 ‘အမလေး ကြိုးစားပြီးတော့ 
ဓါတ်ပုံရိုက်ထားတယ်၊ လှလှပပလေး ရိုက်ထားတယ်၊ 
ရိုက်ပြီးတော့တင်ထားတယ် ဘယ်သူမှ စိတ်မဝင်စားဘူး။’ 

★ ဟိုးဖက်လူနဲ့ သွားပြီးတော့ ယှဉ်တဲ့အခါမှာ 
ဟိုကအများကြီး။ 🗣 ‘ကြည့်စမ်းပါအုန်… 
တက်သွားပြန်ပြီ၊ ကြည့်စမ်းပါအုန်း… တက်သွားပြန်ပြီ။’ 🙂 

★ ဘာဖြစ်လို့ အဲလိုစိတ်ဖြစ်တာတုန်း။ သွားနှိုင်းယှဉ်လို့။ 
နှိုင်းယှဉ်တဲ့နေရာမှာ ကိုယ်က ဒါတွေက မလိုအပ်ဘဲနဲ့ ကိုယ်က သွားလုပ်တဲ့ဟာတွေ၊ လူကြီးစကားနဲ့ပြောရင်တော့ အပိုအလုပ်တွေပေါ့။ ‼️ နှိုင်းယှဉ်တာတွေက အပိုအလုပ်တွေ။ တခြားလူနဲ့ 
နှိုင်းယှဉ်တာ အပိုအလုပ်တွေ။ အဲဒါလေးမှတ်ထား။ 

★ ဒီနေ့ည တခြားဟာတွေ မမှတ်မိရင်လည်း ကိစ္စမရှိဘူး၊ ကိုယ့်ကိုယ်ကိုယ် သူများနဲ့သွားတော့ပြီး နှိုင်းယှဉ်တဲ့ဟာ၊ ဒါတွေက အပိုအလုပ်တွေ။ ဒါလေးတစ်ခုတော့ မှတ်ထား။ တော်ရုံတန်ရုံ ဒီနှိုင်းယှဉ်ချင်တဲ့စိတ်က မပယ်နိုင်ပါဘူး။ 

★ မာနတရားဆိုတာ အထက်မဂ်ဖိုလ်ကျမှ ပယ်နိုင်တဲ့အရာပါ။ အောက်မဂ်အောက်ဖိုလ်တောင် မပယ်နိုင်သေးဘူး။ 
ဘယ်လောက်ထိ လူ့လောကကြီးထဲမှာ နေရတာခက်တုန်း။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၂)

အထင်သေးတဲ့စိတ်က အထင်ကြီးတဲ့စိတ်နဲ့ ခွဲလို့မရဘူး ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ဒီနေ့ည ဘုန်းဘုန်းရဲ့ခေါင်းစည်းက 
“အထင်သေးတဲ့စိတ်ကို ဆုံးမပါ” ဆုံးမခိုင်းတာ ကိုယ့်စိတ်ကို 
ဆုံးမခိုင်းတာ။ မနေ့ည ဗိုလ်တစ်ထောင်ဘက်မှာဟောတာက 
မခံချင်တဲ့စိတ်ကို ဆုံးမပါ။ မနေ့ည အဲဒါလေး ဟောထားတယ်။ DhammaDownload ပေါ်မှာ အဲဒါလေးရှိတယ်။ 

★ ဒီနေ့ညကျတော့ #အထင်သေးတဲ့စိတ်ကိုဆုံးမပါ။ 
အထင်သေးတဲ့စိတ်က ဘယ်အချိန်ပေါ်လာမှန်း မသိဘူး။ 
ကိုယ့်ဟာကိုယ် သတိထားမိတဲ့အချိန်မှာ အထင်သေးတဲ့စိတ်က 
အားကောင်းနေပြီ။ 

★ သူများကို အထင်မသေးတတ်ပါဘူး၊ မာနမကြီးပါဘူး 
ဆိုတဲ့ပုဂ္ဂိုလ်လည်း ကိုယ့်ကိုယ်ကိုယ်၊ သူများကို အထင်သေးတဲ့စိတ် 
တနည်းမဟုတ် တနည်းရှိတယ်။ အဲဒါကြောင့် အထင်သေးတဲ့
စိတ်အကြောင်းကို လိုရင်းတိုချင်းလေးနဲ့ ဒီနေ့ည 
ဘုန်းဘုန်းပြောပြမယ်။ 

★ သူတစ်ပါးကို အထင်သေးတယ်ဆိုတာက တခြားလူတစ်ယောက်နဲ့ #ကိုယ့်ကိုယ်ကိုယ် #သွားနှိုင်းပြီးတော့ ကိုယ့်လောက်မတော်ဘူး၊ 
မရှိဘူး၊ ပညာမရှိဘူး၊ ပိုက်ဆံမရှိဘူး၊ အသိုင်းအဝိုင်းမရှိဘူး၊ 
အစွမ်းအစမရှိဘူး။ 

★ အဲဒီလို သူများအပေါ်မှာ သွားဆုံးဖြတ်ပြီးတော့ အင်္ဂလိပ်လို
ပြောတာတော့ judge လုပ်တယ်ခေါ်တယ်၊ ဆုံးဖြတ်ပြီးတော့ အဲဒီလူပေါ်မှာ ကိုယ်က ကိုယ့်ထက်နိမ့်တယ်ဆိုပြီးတော့ အထင်သေးတဲ့စိတ်လေးဖြစ်တာ။ အင်္ဂလိပ်လိုပြောတာ looking down ဆိုတာ ကြည့်တာ အပေါ်ကနေ သူ့ကိုကြည့်တာ looking down. 

★ အထင်သေးတာ သူများကိုအထင်သေးတာ ဘာကြောင့်
အထင်သေးတုန်းဆိုတော့ ကိုယ်ကိုယ်၌ကကိုယ်က ကိုယ်ရဲ့ မသိစိတ်ထဲမှာ ကြောက်စိတ်က ဆိုးနေလို့။ ဘယ်လိုဆိုးတာတုန်း၊ ဘယ်လို
ဆက်စပ်တာတုန်း။ အထင်သေးတဲ့စိတ်က 
အထင်ကြီးတဲ့စိတ်နဲ့ ခွဲလို့မရဘူး။ 

★ နောက် သူများကိုသွားပြီးတော့ အထင်သေးရင် အဲဒီလူကလည်းပဲ 
အဲဒီအချိန်မှာ လူတစ်ယောက်ကို သူက အထင်သေးနေပေမယ့်၊ 
လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုး သူတို့ကို အထင်သေးချင်အထင်သေးမယ် ဒါပေမယ့် သူရဲ့မသိစိတ်ထဲမှာလည်းပဲ တခြားလူက သူ့ကို အဲလိုအထင်သေးမှာကို အရမ်းကြောက်ပါတယ်။ အရမ်းကြောက်တယ်။ 

★ #သူများကိုအထင်သေးတဲ့ပုဂ္ဂိုလ်က သူ့ကိုယ်သူ #သူများအထင်ကြီးတာ #သူကြိုက်တယ်။ အထင်ကြီးတာ သူမျှော်လင့်တယ်။ 
အထင်ကြီးအောင်ပဲ သူလုပ်ပါတယ်။ အထင်ကြီးအောင်ပဲ 
သူလိုက်ရှာတယ်။ သူ့ကို အထင်ကြီးတဲ့လူနဲ့ပဲ သူကပေါင်းတယ်။ သူ့ကိုအထင်သေးတဲ့လူနဲ့ဆို သူက ရန်ဖြစ်မှာ။ 
အဲလူနဲ့ မပေါင်းနိုင်ဘူး။ 

★ ဘယ်လိုနေရာမျိုးမှာ အထင်သေးတတ်တုန်း? လူ့လောကမှာ 
self-confidence ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် မနည်းလုပ်ယူရပါတယ်။ 

★ ငယ်ကတည်းကစပြီးတော့ မိဘတွေက ကိုယ့်ရဲ့သားသမီးတွေ 
သူတို့ self-confidence ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိအောင်၊ နောက်အင်္ဂလိပ်စကားလုံးတစ်လုံးက self-esteem ဆိုတာ 
ကိုယ့်ဟာကိုယ် အထင်ကြီးအောင် ကိုယ့်ဟာကိုယ်ယုံကြည်အောင်၊ 
အဲလို ရှိအောင် လုပ်ကြတာ။ 

★ ဒါကြောင့်ကလေးတွေ ၀လုံးလေး ရေးတတ်ပြီဆိုရင် မိဘက 
ချီးမွမ်းပေးရတယ်၊ သြကာ လုပ်ခိုင်းတယ် သြကာ လုပ်တတ်တယ်၊ တစ်ကြိမ်လုပ်တယ် “နောက်တစ်ကြိမ်လုပ်ပါအုန်း” ၊ 
“နောက်တစ်ကြိမ်လုပ်ပါအုန်း” သုံးကြိမ်ပြည့်သွားရင် 
ဒါ ချီးမွမ်းပေးရတယ်။ 

★ အဲလို မချီးမွမ်းဘဲနဲ့ ဒါလေးတောင် မလုပ်တတ်ဘူးလား 
မိဘတွေက အဲလိုသွားပြောရင် အဲကလေးက တစ်သက်လုံး 
သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ဘူး။ သူ့ကိုယ်သူ ယုံကြည်မှုမရှိတဲ့
ကလေးက သူ့ဦးနှောက်ကလည်း မဖွံ့ဖြိုးတော့ဘူး။ 
သူဘာပဲ လုပ်တတ်လုပ်တတ် သူမလုပ်ရဲဘူး။ 
သူက self-esteem နည်းနေတာကိုး။ 

★ တခြားလူတွေကို ကြည့်တဲ့နေရာမှာ သူက ကြောက်စရာကြီး
အနေနဲ့ပဲ သူ ကြည့်တယ်။ သူ့ကိုယ်သူ မယုံကြည်တော့ဘူး 
inferiority complex လို့ခေါ်တယ် အင်္ဂလိပ်လို psychology မှာ။ 
အဲဒါလည်း မာနတစ်မျိုးပဲ။ အဲဒါ အများစုကတော့ 
မာနလို့ မထင်ဘူး။ 

သူမြားထကျ အစစအရာရာ သာတယျလို့ ဝါကွှားတဲ့ပုဂ်ဂိုလျ 
အဲပုဂ်ဂိုလျကိုမှ မွနျမာလို မာနကွီးတယျလို့ပွောတာ။ 

★ မြတ်စွာဘုရားရဲ့ ပိဋကတ်တော်ထဲမှာ မာနကြီးတယ်ဆိုတာက 
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိ၊ အမြဲတမ်းအားငယ်နေတဲ့၊ 
သိမ်ငယ်စိတ်ဖြစ်နေတဲ့ အဲလူရဲ့မာနကို “ဟီနမာန”၊ 
#ဟီနမာန်လို့ခေါ်တယ်၊ နာသူရဲ့မာနတဲ့။ 
သာသူရဲ့မာနနဲ့ နာသူရဲ့မာန။ 

★ အမှန်က သုံးခုရှိတယ် #သာသူရဲ့မာန နဲ့ 
#တန်းတူမာန နဲ့ #နာသူမာန သုံးခုရှိတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၁)

စိတ်တွေနူးညံ့ခိုင်ခံံ့စေဖို့ စိတ်ဖိစီးမှုနည်းစေဖို့ 
ကရုဏာတရားထိုင်မယ် 🧘🏻‍♀️🧘🏻‍♂️
 ▬▬▬▬▬▬▬▬▬▬▬
★ သာသနာတော်နှစ် ၂၅၆၃ခုနှစ် မြန်မာကောဇာသက္ကရာဇ် ၁၃၈၁ခုနှစ် တပိုတွဲလဆန်း (၂)ရက် တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် ၂၀၂၀ ဇန်နဝါရီလ ၂၆ ရက်၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရန်ရှင်းလမ်း သဒ္ဓမ္မဘာဝိတဓမ္မာရုံ ကျင်းပတဲ့ ဓမ္မပူဇာအထူးတရားပွဲမှာ ဒုတိယညအနေနဲ့
ဒီနေ့ည ဘုန်းဘုန်းဟောကြားမယ့်တရားကတော့
“အထင်သေးတဲ့စိတ်ကို ဆုံးမပါ” ။ ဘာတဲ့တုန်း။
(အထင်သေးတဲ့စိတ်ကို ဆုံးမပါ ဘုရား)။

★ အထင်သေးတဲ့စိတ်ကို ဆုံးမပါ။ ဒီအကြောင်းကို မရှင်းပြခင် လက်တွေ့တရားထိုင်တာလေး #ကရုဏာတရားထိုင်တာလေး
သင်ပေးချင်တယ်။ ဘုန်းဘုန်းတို့ ၄, ၅ မိနစ်လောက် တရားထို်င်မယ်။ ကျကျနနထိုင်ပါ။ တပ္ပလင်ခွေထိုင်ပါ။
ကရုဏာတရားထိုင်တာကို သင်ပေးမယ်။

★ ဒီကရုဏာတရားထိုင်တဲ့ဟာက အလုပ်သွားတဲ့အခါမှာ လမ်းလျှောက်သွားတဲ့ပုဂ္ဂိုလ်လည်းပဲ လမ်းလျှောက်သွားမယ်
ကရုဏာစိတ်နဲ့ လမ်းလျှောက်သွားနိုင်တယ်။ ကားနဲ့သွားတဲ့ပုဂ္ဂိုလ်လည်းပဲ ကိုယ်ကိုယ်တိုင် ကားမောင်းတဲ့ပုဂ္ဂိုလ်ဆိုရင် လမ်းတစ်လျှောက် ဒီကရုဏာအတွေးတွေနဲ့ လုပ်ငန်းခွင်ကို သွားနိုင်တယ်။

★ လုပ်ငန်းခွင်ရောက်တဲ့အခါမှာ ကရုဏာစိတ်နဲ့ သွားရင်
သိပ်မပင်ပန်းတော့ဘူး။ အဲဒါလေး ပြီးတော့ ဆက်လက်ပြီးတော့ရှင်းပြမယ်။ ကရုဏာတရားထိုင်တယ်ဆိုတာ သနားကြင်နာတဲ့စိတ်ကို မွေးဖွားပေးတာ။ သနားကြင်နာတဲ့စိတ်တစ်ခုတည်းလား သနားတဲ့စိတ်တခုတည်းလားဆိုရင် မကဘူး။ ★ သနားရုံပဲသနားတယ်ဆိုရင် ပါဠိလို “ဒယာ” လို့ခေါ်တယ်။
ဒ နဲ့ ယ နဲ့ ဒယာ။ အဲဒါကို သနားတယ်လို့ခေါ်တယ်။ သနားရုံနဲ့ သနားရုံတစ်မျိုးတည်းနဲ့ ကရုဏာ မဖြစ်သေးဘူး။

★ ပါဠိမှာ တခြားလူတွေရဲ့ပြဿနာကို ပြေလည်စေချင်တဲ့စိတ်၊
အဲဒါက မနောကံ။ ပြေလည်စေချင်တဲ့ ၀စီကံ - နှုတ်အမူအရာ၊
ပြေလည်စေချင်တဲ့ ကိုယ်အမူအရာ၊ အဲဒီလို တခြားလူတွေရဲ့ပြဿနာကို ပြေလည်စေချင်တာ အဲဒါကို ကရုဏာလို့ခေါ်တယ်။

★ “ပရ ဒုက္ခာပ နယနာကာရပ္ပဝတ္တိ လက္ခဏာ ကရုဏာ” ပါဠိကတော့ ခဏထားတော့။ မြန်မာလို လွယ်လွယ်ပြောရင်တော့ သနားတဲ့စိတ်နဲ့
တခြားလူရဲ့ ပြဿနာကို ပြေလည်စေချင်တာ။ ဝိုင်းဝန်းပြီးတော့ ဘယ်လိုပြေလည်အောင် လုပ်ရရင်ကောင်းမှာတုန်း တွေးပေးတာ။
ပြောပေးတာ။ ကိုယ်ထိလက်ရောက် ကူညီတာ အဲဒါကို
ကရုဏာလို့ခေါ်တယ်။

★ အဲတော့ အခု ကရုဏာကို ဘယ်ကနေစမှာတုန်း၊ ကိုယ့်ကိုယ်ကိုယ်ကနေ စမှာ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ် သနားစရာလေးတွေ ပြန်တွေးပါ။ စိတ်ညစ်တဲ့ပုဂ္ဂိုလ်ဆိုရင် စိတ်ညစ်တာ၊ စိတ်ဖိစီးမှုရှိတယ်ဆိုရင်
စိတ်ဖိစီးမှုရှိတာ အဲဒါကို တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် သနားပါ။

★ စိတ်ဖိစီးမှုရှိတာ အဲဒါဒေါသ။ အဲဒီဒေါသကို ကရုဏာဖြစ်အောင် ပြောင်းလဲပြစ်ရမယ်။ သတိတရားက ပြောင်းလဲပစ်တာ။
စိတ်ညစ်တာ မရှိဘူး၊ အခု လောလောဆယ် စိတ်ညစ်တာ မရှိဘူး၊
စိုးရိမ်တာ မရှိဘူးဆိုရင် ဘုန်းဘုန်းတို့ရဲ့ သဘာဝဒုက္ခ ကို စဉ်းစားပါ။

 ★ သဘာဝဒုက္ခ ဘယ်သူအိုချင်တုန်း။ ဘယ်သူမှ မအိုချင်ဘူး။ ဘယ်သူအသက်ကြီးချင်တုန်း။ ဘယ်သူမှ အသက်မကြီးချင်ဘူး။ အမြဲတမ်း နုပျိုချင်တယ်။ ဒါပေမဲ့ အဲလိုမဟုတ်ဘူး။ ဒီခန္ဓာကိုယ်က သူအတိုင်းအတာ
ရှိတယ်။ အခု ၈နာရီ ထိုးတော့မယ်။ နောက်ထပ် တစ်နာရီ နှစ်နာရီ
အလွန်ဆုံး သုံးနာရီလောက်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
အင်အားတွေက ကုန်သွားပြီ။

★ ပြန်ပြီးတော့ recharge လုပ်ဖို့ အိပ်ရတယ်။ ခန္ဓာကိုယ်ရဲ့ limitation
အဲဒါကို ကြည့်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် သနားနိုင်တယ်။
ဒီခန္ဓာကိုယ်ကို ကရုဏာပွားနိုင်တယ်။ နောက်ပြီးတော့ မနက်အိပ်ယာထလာတဲ့အခါမှာ ဒီခန္ဓာကိုယ် သုတ်သင်ရပြန်တယ်၊
မသုတ်သင်လို့ မရဘူး ဒီခန္ဓာကိုယ်ကြီးသဘာဝက၊ နေ့စဉ်နေ့စဉ် သုတ်သင်ပေးနေရတယ်။

★ ဒါလည်းပဲ ကရုဏာပွားစရာတမျိုး။ ဒီမှာ ထိုင်ပြီးတော့ တရားနာနေတာ ဘုန်းဘုန်းတရားဟောတာ ကြာသွားရင် ဒီခန္ဓာကိုယ်ညောင်းတာပေ့ါ။
နာရီဝက်နဲ့ကို ညောင်းတာပေါ့။ ဒီလိုညောင်းတာတတ်တဲ့ သဘောတရားတွေနဲ့ မွေးလာတဲ့ ဒီခန္ဓာကိုယ်၊ ဒီခန္ဓာကိုယ်ကို အဲဒါကို အကြောင်းပြုပြီးတော့လည်းပဲ ကိုယ့်ကိုယ်ကိုယ် သနားနိုင်တယ် သနားစရာတွေ။

★ နောက်ပြီးတော့ နေ့စဉ်နေ့စဉ် ဗိုက်ဆာတယ်။ ဘယ်နှစ်ကြိမ်တောင်
မသိဘူး ဗိုက်တွေစာတယ်။ ဆာတယ်ဆိုရင် လည်း စားပေးရတယ်။ အဲ့စားတဲ့အထဲမှာ အဆိပ်တွေပါလား မသိဘူး။ ဥပမာ ဆားတွေ
များသွားတာတို့၊ ဆီတွေများသွားတာတို့၊ အချိုမှုန့်တွေ ပါသွားတာတို့၊ အဲဒါမျိုးတွေ သူများဆေးတွေစိမ်ထားတာတို့ အဲဒါမျိုးတွေ။

★ ဒါပေမဲ့ မစားဘဲနဲ့ မနေနိုင်ဘူး။ ဒီခန္ဓာကိုယ် မစားဘဲနဲ့ဆို ဘယ်နှစ်ရက်ပဲ ခံနိုင်မှာတုန်း။ အများကြီးမခံနိုင်ဘူး။ အဲဒါကိုကြည့်ပြီးတော့လည်း
ဒီခန္ဓာကိုယ်က အင်မတန်မှကို သနားစရာကောင်းတယ်။

★ ဒါကြောင့် နံပါတ်(၁) မိမိကိုယ်ကို၊ ကိုယ်ရဲ့ဘဝထဲမှာ
သနားစရာကောင်းတာတွေ၊ ရုပ်ခန္ဓာကိုယ် သနားစရာကောင်းတာတွေ၊ နောက်စိတ်ကလည်းပဲ တက်လိုက်ကျလိုက် အဲ့လို mood swing တွေဖြစ်တာတွေ၊ အဲဒါမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကရုဏာပွားပါ။

★ နံပါတ်(၂)ကျတော့ မိသားစု အဖွဲ့ဝင်တွေ သူတို့လည်းပဲ ကိုယ့်လိုပဲ ဒီခန္ဓာကိုယ်ကြီးရထားတယ်။ သူတို့ကိုလည်းပဲ အဲလိုတွေးပြီးတော့
သနားပါ၊ ကရုဏာပွားပါ။ နှစ်ချက်ရှိပြီ။

★ နံပါတ်(၃)ကတော့ ကိုယ်ရဲ့ အသိတွေထဲမှာ၊ ကိုယ့််လောက်
လူမှုအနေအထား မမြင့်ဘူးလို့ ကိုယ်ထင်တဲ့ ပုဂ္ဂိုလ်တွေ၊ ငွေရေးကြေးရေးအရသော်၎င်း၊ ရာထူးအရသော်၎င်း၊ ပညာအရသော်၎င်း၊ အများတဲ့ဆက်ဆံတဲ့ အပေါင်းအသင်းကိစ္စမှာသော်၎င်း၊ အားနည်းတဲ့ပုဂ္ဂိုလ်၊ အဲ့ပုဂ္ဂိုလ် တစ်ယောက်နှစ်ယောက်ကို တွေးပြီးတော့ သူတို့ကိုလည်းပဲ
ကရုဏာပွားပါ၊ သနားတဲ့စိတ်လေးမွေးပါ။

★ ပြီးရင် ကိုယ့်ထက် ပိုပြီးတော့ အဆင်ပြေတယ်လို့ ကိုယ်ထင်နေတဲ့၊
ယူဆနေတဲ့ ပုဂ္ဂိုလ်တွေ ပိုက်ဆံပိုရှိတယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်တွေ
နောက်ပြီးတော့ ရာထူးပိုကြီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ၊ လူသိပိုများတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေရာပိုရတယ်လို့ ထင်တဲ့ပုဂ္ဂိုလ်တွေ အဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲ သနားစရာ မြင်အောင်တွေးပြီးတော့ မြင်အောင်ကြည့်ပြီးတော့ ကရုဏာလေးပွားပေးပါ။

★ သူတို့မှာလည်း ဒီလိုပဲ ဘုန်းဘုန်းတို့လို့ ဒီတိုင်း ငြိမ်ငြိမ်လေး
ထိုင်ရင် သူတို့လည်း ညောင်းတတ်တယ်။ သူတို့လည်း ဆာတတ်တယ်။
သူတို့လည်း ခန္ဓာကိုယ် ဒီလိုပဲ စောင့်ရှောက်ရတယ်။
အချိန်တန်လာရင် သူတို့လည်း ဒီလိုပဲ အနားပေးရတယ်။
အလုပ်တွေများရင် သူတို့လည်းပဲ ဒီလိုပဲ စိတ်တွေတို စိတ်တွေညစ် စိတ်ဖိစီးမှုတွေများ အဲဒါမျိုးတွေများတယ်။
အဲဒါ သူတို့လည်းပဲ ကရုဏာပွားပါ။

★ လေးယောက်လုံး ကရုဏာပွားမယ်။
နံပါတ်(၁) မိိမိကိုယ်ကို၊
နံပါတ်(၂) က မိသားစုထဲက တစ်ယောက်နှစ်ယောက်၊
နံပါတ်(၃)ကျတော့ ကိုယ့်ထက်နိမ့်ကျတယ်လို့ထင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊
နံပါတ်(၄)ကျတော့ ကိုယ့်ထက်ပိုပြီးတော့ လူမှုအဆင့်အတန်းမြင့်မားတယ်လို့ ကိုယ်ယူဆတဲ့လူတစ်ယောက် သူတို့ကို ကရုဏာပွားပါတဲ့။

★ ဘုန်းဘုန်းတို့ သုံးမိနစ်လောက် ကရုဏာတရားပွားများမယ်နော်။ ၀င်လေထွက်လေ ကျကျနနရှူရှိုက်ပါ။ နှစ်ချက်သုံးချက်လောက် ၀င်လေထွက်လေရှူရှိုက်ပါ။ ပြီးတော့ ကရုဏာတရားပွားပါ။

🧘🏻‍♂️🧘🏻‍♀️… ၀င်လေထွက်လေ ကျကျနနရှူရှိုက်ပါ။ ကရုဏာလုပ်နေတဲ့အချိန်လေးမှာ ၀င်လေထွက်လေ
ဂရုစိုက်ပြီးတော့ ရှူရှိုက်ပေးပါ။ 🧘🏻‍♂️🧘🏻‍♀️…

★ အချိန်စေ့ပါပြီ။ မျက်လုံးဖွင့်လို့ ရပါပြီ။ ကရုဏာတရားထိုင်တာလေး
ဘုန်းဘုန်း တခြားနေရာမှာ ဟောထားတာတွေ အများကြီးရှိပါတယ်။
မခက်ပါဘူး ကရုဏာတရားထိုင်တာ။ ကရုဏာတရားထိုင်ရင်းထိုင်ရင်းနဲ့ ကြာလာရင် စိတ်ဖိစီးမှုတွေလည်း နည်းလာတယ်
တစ်နေ့တစ်နေ့ကို နဲနဲလေးပွား။

★ မနက်ကို လေးငါးမိနစ်လောက်၊ ညကို လေးငါးမိနစ်လောက်၊ အဲလို ကရုဏာစိတ် လူတွေစုံအောင် ဒီလိုကရုဏာလေးပွားပေး။ စိတ်က တစ်ဖက်ကနူးညံ့လာတယ်၊ တစ်ဖက်ကခိုင်ခံ့လာတယ်။ မာတာပြောတာ မဟုတ်ဘူးနော် ခိုင်ခံ့တာ။ ခိုင်ခံ့တယ်ဆိုတာက သူက အောက်ကို မကျဘူး။ နူးညံ့တယ်ဆိုတာက အလွယ်တကူ မပေါက်ကွဲဘူး အဲဒါလေး။ ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

Tuesday, March 3, 2020

မခံချင်တဲ့စိတ်ကို ဆုံးမပါ (အပိုင်း-၁၁ - နောက်ဆုံးပိုင်း)

🔺 မခံချင်စိတ်အစား ကရုဏာလေးများများပွားပါ။ 
လူတိုင်းလူတိုင်းက ဒုက္ခတွေနဲ့ကြည့်ပဲ။

★ အကြာကြီးထိုင်ရင်ပူမှာ၊ အကြာကြီးထိုင်ရင်
ဘုန်းဘုန်းတို့လည်း ညောင်တယ်၊ တရားနာပရိတ်သတ်တယ်
ညောင်းတယ် ဒါ ဒုက္ခပဲ။ နဂိုကပါလာတဲ့ ဒုက္ခ၊
မွေးကတည်းက ပါလာတဲ့ ဒုက္ခ။

★ ပြီးရင် ပင်ပန်းတယ်၊ အနားယူဖို့လိုအပ်တယ် ဒါ မွေးကတည်းက
 ပါလာတဲ့ ဒုက္ခတွေ၊ ပြီးရင် မနက်ရောက်လာတဲ့အခါကျတော့ ဗိုက်ကဆာလာပြန်တယ် ဒါမွေးကတည်းက ပါလာတဲ့ဒုက္ခ။

💡အဲဒီဒုက္ခလေးတွေ လိုက်တွေး။ ငါ့မှာလည်း ဒီဒုက္ခရှိတယ်၊
တခြားလူလည်း ဒီဒုက္ခရှိတယ်။

💡 #အဲဒုက္ခလေးတွေးပြီးတော့ ကရုဏာဖြစ်တယ်ဆိုရင်
ဘယ်သူဘာပြောပြော ကိုယ် မခံချင်တဲ့စိတ်မရှိတော့ဘူး။

💕အလုပ်ကြိုးစားတဲ့နေရာမှာလည်း ကရုဏာနဲ့ကြိုးစားတယ်၊
ကရုဏာကြောင့် ကြိုးစားတယ်၊ ကရုဏာအတွက် ကြိုးစားတယ်။
ကုသိုလ်လည်း ဖြစ်တယ်။

🔺 ကြိုးစားတာချင်းအတူတူ တစ်ယောက်က
စိတ်ဖိစီးမှုတွေများ၊ ဒေါသတွေ မာနစိတ်တွေနဲ့ကြိုးစား။

🍃 နောက်တစ်ယောက်ကတော့ အဲလိုမဟုတ်ဘူး။
အများအတွက် ကိုယ့်အတွက် ဒုက္ခတွေ နည်းသွားအောင်ဆိုပြီးတော့
ကြိုးစားတယ်၊ ကုသိုလ်စိတ်နဲ့ ကြိုးစားတယ်။

 ‼️ ကြိုးစားတာချင်းအတူတူ အောင်မြင်တာချင်းအတူတူ
ပိုက်ဆံရှိတာချင်းအတူတူ စာမေးပွဲအောင်တာချင်းအတူတူ တစ်ယောက်က #အကုသိုလ်စိတ်နဲ့ မကျွမ်းကျင်တဲ့အတွေး၊ မကျွမ်းကျင်တာ
အကုသိုလ်လို့ခေါ်တာ၊ “အကုသလ” ဆိုတာ
unskillful thoughts - မကျွမ်းကျင်တဲ့အတွေး။

💡 ကုသိုလ်ဆိုတာ ကျွမ်းကျင်တဲ့အတွေး။ တွေးလိုက်ပြီဆိုရင် စိတ်မညစ်ဘူး။ ကိုယ်လည်း စိတ်မညစ်ဘူး၊ တခြားလူလည်း စိတ်မညစ်ဘူး။
မညစ်ရုံတင်မကူး အများနဲ့ ကိုယ်က ဆက်စပ်ပြီးတော့ နေလို့ရတယ်။
စိုသောလက် မခြောက်ဘူး။

 ★ စိုသောလက်ခြောက်တယ်ဆိုတာက Negative emotion တွေများလို့။ အဲဒီထဲမှာ ဒီနေ့ည ဘုန်းဘုန်း ရွေးပြီးတော့ပြောတာကတော့ မခံချင်တဲ့စိတ်၊ ပြိုင်ဆိုင်ချင်တဲ့စိတ် အဲဒီ Negative emotion တွေးရွေးပြီးတော့ ပြောသွားပါတယ်။

★ တရားနာပရိတ်သတ်များလည်းပဲ အဲဒီစိတ်ထားလေး ပေါ်လာတဲ့အခါမှာ မပေါ်လာခင် သတိလေးပြုနိုင်ပါစေ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ #မခံချင်တဲ့စိတ်နဲ့အပြစ်မတင်နဲ့။ မခံချင်စိတ်နဲ့ ဖုံးဖိမထားနဲ့။ သတိလေးနဲ့ကြည့်ပေးပါ။

★ သတိလေးနဲ့ကြည့်ပြီးတော့ မခံချင်တဲ့စိတ်ဖြစ်ရင်
ကိုယ့်ကိုယ်ကိုယ် ကရုဏာဖြစ်ပါ။ တခြားလူတစ်ယောက်က #မခံချင်တဲ့စိတ်ဖြစ်တယ်ဆိုရင် သူတို့ကိုကရုဏာပွားပေးပါ၊
ကရုဏာစိတ်နဲ့ ကြည့်ပေးပါ။ သနားတဲ့စိတ်နဲ့ ကြည့်ပေးပါ။

★ ဒီလို ကရုဏာစိတ်နဲ့ မိမိအကျိုး သူတစ်ပါးအကျိုး
တိုင်းပြည်အကျိုး သာသနာတော်အကျိုး တိုး၍တိုး၍
သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ ပါရမီရှင်များ ဖြစ်ကြပါစေ။

သာဓု၊ သာဓု၊ သာဓု။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...