Saturday, March 7, 2020

အထင်သေးတဲ့စိတ်ကို ဆုံးမပါ - အပိုင်း(၁)

စိတ်တွေနူးညံ့ခိုင်ခံံ့စေဖို့ စိတ်ဖိစီးမှုနည်းစေဖို့ 
ကရုဏာတရားထိုင်မယ် 🧘🏻‍♀️🧘🏻‍♂️
 ▬▬▬▬▬▬▬▬▬▬▬
★ သာသနာတော်နှစ် ၂၅၆၃ခုနှစ် မြန်မာကောဇာသက္ကရာဇ် ၁၃၈၁ခုနှစ် တပိုတွဲလဆန်း (၂)ရက် တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် ၂၀၂၀ ဇန်နဝါရီလ ၂၆ ရက်၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရန်ရှင်းလမ်း သဒ္ဓမ္မဘာဝိတဓမ္မာရုံ ကျင်းပတဲ့ ဓမ္မပူဇာအထူးတရားပွဲမှာ ဒုတိယညအနေနဲ့
ဒီနေ့ည ဘုန်းဘုန်းဟောကြားမယ့်တရားကတော့
“အထင်သေးတဲ့စိတ်ကို ဆုံးမပါ” ။ ဘာတဲ့တုန်း။
(အထင်သေးတဲ့စိတ်ကို ဆုံးမပါ ဘုရား)။

★ အထင်သေးတဲ့စိတ်ကို ဆုံးမပါ။ ဒီအကြောင်းကို မရှင်းပြခင် လက်တွေ့တရားထိုင်တာလေး #ကရုဏာတရားထိုင်တာလေး
သင်ပေးချင်တယ်။ ဘုန်းဘုန်းတို့ ၄, ၅ မိနစ်လောက် တရားထို်င်မယ်။ ကျကျနနထိုင်ပါ။ တပ္ပလင်ခွေထိုင်ပါ။
ကရုဏာတရားထိုင်တာကို သင်ပေးမယ်။

★ ဒီကရုဏာတရားထိုင်တဲ့ဟာက အလုပ်သွားတဲ့အခါမှာ လမ်းလျှောက်သွားတဲ့ပုဂ္ဂိုလ်လည်းပဲ လမ်းလျှောက်သွားမယ်
ကရုဏာစိတ်နဲ့ လမ်းလျှောက်သွားနိုင်တယ်။ ကားနဲ့သွားတဲ့ပုဂ္ဂိုလ်လည်းပဲ ကိုယ်ကိုယ်တိုင် ကားမောင်းတဲ့ပုဂ္ဂိုလ်ဆိုရင် လမ်းတစ်လျှောက် ဒီကရုဏာအတွေးတွေနဲ့ လုပ်ငန်းခွင်ကို သွားနိုင်တယ်။

★ လုပ်ငန်းခွင်ရောက်တဲ့အခါမှာ ကရုဏာစိတ်နဲ့ သွားရင်
သိပ်မပင်ပန်းတော့ဘူး။ အဲဒါလေး ပြီးတော့ ဆက်လက်ပြီးတော့ရှင်းပြမယ်။ ကရုဏာတရားထိုင်တယ်ဆိုတာ သနားကြင်နာတဲ့စိတ်ကို မွေးဖွားပေးတာ။ သနားကြင်နာတဲ့စိတ်တစ်ခုတည်းလား သနားတဲ့စိတ်တခုတည်းလားဆိုရင် မကဘူး။ ★ သနားရုံပဲသနားတယ်ဆိုရင် ပါဠိလို “ဒယာ” လို့ခေါ်တယ်။
ဒ နဲ့ ယ နဲ့ ဒယာ။ အဲဒါကို သနားတယ်လို့ခေါ်တယ်။ သနားရုံနဲ့ သနားရုံတစ်မျိုးတည်းနဲ့ ကရုဏာ မဖြစ်သေးဘူး။

★ ပါဠိမှာ တခြားလူတွေရဲ့ပြဿနာကို ပြေလည်စေချင်တဲ့စိတ်၊
အဲဒါက မနောကံ။ ပြေလည်စေချင်တဲ့ ၀စီကံ - နှုတ်အမူအရာ၊
ပြေလည်စေချင်တဲ့ ကိုယ်အမူအရာ၊ အဲဒီလို တခြားလူတွေရဲ့ပြဿနာကို ပြေလည်စေချင်တာ အဲဒါကို ကရုဏာလို့ခေါ်တယ်။

★ “ပရ ဒုက္ခာပ နယနာကာရပ္ပဝတ္တိ လက္ခဏာ ကရုဏာ” ပါဠိကတော့ ခဏထားတော့။ မြန်မာလို လွယ်လွယ်ပြောရင်တော့ သနားတဲ့စိတ်နဲ့
တခြားလူရဲ့ ပြဿနာကို ပြေလည်စေချင်တာ။ ဝိုင်းဝန်းပြီးတော့ ဘယ်လိုပြေလည်အောင် လုပ်ရရင်ကောင်းမှာတုန်း တွေးပေးတာ။
ပြောပေးတာ။ ကိုယ်ထိလက်ရောက် ကူညီတာ အဲဒါကို
ကရုဏာလို့ခေါ်တယ်။

★ အဲတော့ အခု ကရုဏာကို ဘယ်ကနေစမှာတုန်း၊ ကိုယ့်ကိုယ်ကိုယ်ကနေ စမှာ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ် သနားစရာလေးတွေ ပြန်တွေးပါ။ စိတ်ညစ်တဲ့ပုဂ္ဂိုလ်ဆိုရင် စိတ်ညစ်တာ၊ စိတ်ဖိစီးမှုရှိတယ်ဆိုရင်
စိတ်ဖိစီးမှုရှိတာ အဲဒါကို တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် သနားပါ။

★ စိတ်ဖိစီးမှုရှိတာ အဲဒါဒေါသ။ အဲဒီဒေါသကို ကရုဏာဖြစ်အောင် ပြောင်းလဲပြစ်ရမယ်။ သတိတရားက ပြောင်းလဲပစ်တာ။
စိတ်ညစ်တာ မရှိဘူး၊ အခု လောလောဆယ် စိတ်ညစ်တာ မရှိဘူး၊
စိုးရိမ်တာ မရှိဘူးဆိုရင် ဘုန်းဘုန်းတို့ရဲ့ သဘာဝဒုက္ခ ကို စဉ်းစားပါ။

 ★ သဘာဝဒုက္ခ ဘယ်သူအိုချင်တုန်း။ ဘယ်သူမှ မအိုချင်ဘူး။ ဘယ်သူအသက်ကြီးချင်တုန်း။ ဘယ်သူမှ အသက်မကြီးချင်ဘူး။ အမြဲတမ်း နုပျိုချင်တယ်။ ဒါပေမဲ့ အဲလိုမဟုတ်ဘူး။ ဒီခန္ဓာကိုယ်က သူအတိုင်းအတာ
ရှိတယ်။ အခု ၈နာရီ ထိုးတော့မယ်။ နောက်ထပ် တစ်နာရီ နှစ်နာရီ
အလွန်ဆုံး သုံးနာရီလောက်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
အင်အားတွေက ကုန်သွားပြီ။

★ ပြန်ပြီးတော့ recharge လုပ်ဖို့ အိပ်ရတယ်။ ခန္ဓာကိုယ်ရဲ့ limitation
အဲဒါကို ကြည့်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် သနားနိုင်တယ်။
ဒီခန္ဓာကိုယ်ကို ကရုဏာပွားနိုင်တယ်။ နောက်ပြီးတော့ မနက်အိပ်ယာထလာတဲ့အခါမှာ ဒီခန္ဓာကိုယ် သုတ်သင်ရပြန်တယ်၊
မသုတ်သင်လို့ မရဘူး ဒီခန္ဓာကိုယ်ကြီးသဘာဝက၊ နေ့စဉ်နေ့စဉ် သုတ်သင်ပေးနေရတယ်။

★ ဒါလည်းပဲ ကရုဏာပွားစရာတမျိုး။ ဒီမှာ ထိုင်ပြီးတော့ တရားနာနေတာ ဘုန်းဘုန်းတရားဟောတာ ကြာသွားရင် ဒီခန္ဓာကိုယ်ညောင်းတာပေ့ါ။
နာရီဝက်နဲ့ကို ညောင်းတာပေါ့။ ဒီလိုညောင်းတာတတ်တဲ့ သဘောတရားတွေနဲ့ မွေးလာတဲ့ ဒီခန္ဓာကိုယ်၊ ဒီခန္ဓာကိုယ်ကို အဲဒါကို အကြောင်းပြုပြီးတော့လည်းပဲ ကိုယ့်ကိုယ်ကိုယ် သနားနိုင်တယ် သနားစရာတွေ။

★ နောက်ပြီးတော့ နေ့စဉ်နေ့စဉ် ဗိုက်ဆာတယ်။ ဘယ်နှစ်ကြိမ်တောင်
မသိဘူး ဗိုက်တွေစာတယ်။ ဆာတယ်ဆိုရင် လည်း စားပေးရတယ်။ အဲ့စားတဲ့အထဲမှာ အဆိပ်တွေပါလား မသိဘူး။ ဥပမာ ဆားတွေ
များသွားတာတို့၊ ဆီတွေများသွားတာတို့၊ အချိုမှုန့်တွေ ပါသွားတာတို့၊ အဲဒါမျိုးတွေ သူများဆေးတွေစိမ်ထားတာတို့ အဲဒါမျိုးတွေ။

★ ဒါပေမဲ့ မစားဘဲနဲ့ မနေနိုင်ဘူး။ ဒီခန္ဓာကိုယ် မစားဘဲနဲ့ဆို ဘယ်နှစ်ရက်ပဲ ခံနိုင်မှာတုန်း။ အများကြီးမခံနိုင်ဘူး။ အဲဒါကိုကြည့်ပြီးတော့လည်း
ဒီခန္ဓာကိုယ်က အင်မတန်မှကို သနားစရာကောင်းတယ်။

★ ဒါကြောင့် နံပါတ်(၁) မိမိကိုယ်ကို၊ ကိုယ်ရဲ့ဘဝထဲမှာ
သနားစရာကောင်းတာတွေ၊ ရုပ်ခန္ဓာကိုယ် သနားစရာကောင်းတာတွေ၊ နောက်စိတ်ကလည်းပဲ တက်လိုက်ကျလိုက် အဲ့လို mood swing တွေဖြစ်တာတွေ၊ အဲဒါမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကရုဏာပွားပါ။

★ နံပါတ်(၂)ကျတော့ မိသားစု အဖွဲ့ဝင်တွေ သူတို့လည်းပဲ ကိုယ့်လိုပဲ ဒီခန္ဓာကိုယ်ကြီးရထားတယ်။ သူတို့ကိုလည်းပဲ အဲလိုတွေးပြီးတော့
သနားပါ၊ ကရုဏာပွားပါ။ နှစ်ချက်ရှိပြီ။

★ နံပါတ်(၃)ကတော့ ကိုယ်ရဲ့ အသိတွေထဲမှာ၊ ကိုယ့််လောက်
လူမှုအနေအထား မမြင့်ဘူးလို့ ကိုယ်ထင်တဲ့ ပုဂ္ဂိုလ်တွေ၊ ငွေရေးကြေးရေးအရသော်၎င်း၊ ရာထူးအရသော်၎င်း၊ ပညာအရသော်၎င်း၊ အများတဲ့ဆက်ဆံတဲ့ အပေါင်းအသင်းကိစ္စမှာသော်၎င်း၊ အားနည်းတဲ့ပုဂ္ဂိုလ်၊ အဲ့ပုဂ္ဂိုလ် တစ်ယောက်နှစ်ယောက်ကို တွေးပြီးတော့ သူတို့ကိုလည်းပဲ
ကရုဏာပွားပါ၊ သနားတဲ့စိတ်လေးမွေးပါ။

★ ပြီးရင် ကိုယ့်ထက် ပိုပြီးတော့ အဆင်ပြေတယ်လို့ ကိုယ်ထင်နေတဲ့၊
ယူဆနေတဲ့ ပုဂ္ဂိုလ်တွေ ပိုက်ဆံပိုရှိတယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်တွေ
နောက်ပြီးတော့ ရာထူးပိုကြီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ၊ လူသိပိုများတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေရာပိုရတယ်လို့ ထင်တဲ့ပုဂ္ဂိုလ်တွေ အဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲ သနားစရာ မြင်အောင်တွေးပြီးတော့ မြင်အောင်ကြည့်ပြီးတော့ ကရုဏာလေးပွားပေးပါ။

★ သူတို့မှာလည်း ဒီလိုပဲ ဘုန်းဘုန်းတို့လို့ ဒီတိုင်း ငြိမ်ငြိမ်လေး
ထိုင်ရင် သူတို့လည်း ညောင်းတတ်တယ်။ သူတို့လည်း ဆာတတ်တယ်။
သူတို့လည်း ခန္ဓာကိုယ် ဒီလိုပဲ စောင့်ရှောက်ရတယ်။
အချိန်တန်လာရင် သူတို့လည်း ဒီလိုပဲ အနားပေးရတယ်။
အလုပ်တွေများရင် သူတို့လည်းပဲ ဒီလိုပဲ စိတ်တွေတို စိတ်တွေညစ် စိတ်ဖိစီးမှုတွေများ အဲဒါမျိုးတွေများတယ်။
အဲဒါ သူတို့လည်းပဲ ကရုဏာပွားပါ။

★ လေးယောက်လုံး ကရုဏာပွားမယ်။
နံပါတ်(၁) မိိမိကိုယ်ကို၊
နံပါတ်(၂) က မိသားစုထဲက တစ်ယောက်နှစ်ယောက်၊
နံပါတ်(၃)ကျတော့ ကိုယ့်ထက်နိမ့်ကျတယ်လို့ထင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊
နံပါတ်(၄)ကျတော့ ကိုယ့်ထက်ပိုပြီးတော့ လူမှုအဆင့်အတန်းမြင့်မားတယ်လို့ ကိုယ်ယူဆတဲ့လူတစ်ယောက် သူတို့ကို ကရုဏာပွားပါတဲ့။

★ ဘုန်းဘုန်းတို့ သုံးမိနစ်လောက် ကရုဏာတရားပွားများမယ်နော်။ ၀င်လေထွက်လေ ကျကျနနရှူရှိုက်ပါ။ နှစ်ချက်သုံးချက်လောက် ၀င်လေထွက်လေရှူရှိုက်ပါ။ ပြီးတော့ ကရုဏာတရားပွားပါ။

🧘🏻‍♂️🧘🏻‍♀️… ၀င်လေထွက်လေ ကျကျနနရှူရှိုက်ပါ။ ကရုဏာလုပ်နေတဲ့အချိန်လေးမှာ ၀င်လေထွက်လေ
ဂရုစိုက်ပြီးတော့ ရှူရှိုက်ပေးပါ။ 🧘🏻‍♂️🧘🏻‍♀️…

★ အချိန်စေ့ပါပြီ။ မျက်လုံးဖွင့်လို့ ရပါပြီ။ ကရုဏာတရားထိုင်တာလေး
ဘုန်းဘုန်း တခြားနေရာမှာ ဟောထားတာတွေ အများကြီးရှိပါတယ်။
မခက်ပါဘူး ကရုဏာတရားထိုင်တာ။ ကရုဏာတရားထိုင်ရင်းထိုင်ရင်းနဲ့ ကြာလာရင် စိတ်ဖိစီးမှုတွေလည်း နည်းလာတယ်
တစ်နေ့တစ်နေ့ကို နဲနဲလေးပွား။

★ မနက်ကို လေးငါးမိနစ်လောက်၊ ညကို လေးငါးမိနစ်လောက်၊ အဲလို ကရုဏာစိတ် လူတွေစုံအောင် ဒီလိုကရုဏာလေးပွားပေး။ စိတ်က တစ်ဖက်ကနူးညံ့လာတယ်၊ တစ်ဖက်ကခိုင်ခံ့လာတယ်။ မာတာပြောတာ မဟုတ်ဘူးနော် ခိုင်ခံ့တာ။ ခိုင်ခံ့တယ်ဆိုတာက သူက အောက်ကို မကျဘူး။ နူးညံ့တယ်ဆိုတာက အလွယ်တကူ မပေါက်ကွဲဘူး အဲဒါလေး။ ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...