Tuesday, March 10, 2020

အခုခေတ်မှာ ပိုပြီးပူလောင်လာကြတယ် "

" လွန်ခဲ့တဲ့ အနှစ် ၄၀-၅၀ လောက်တုန်းက လူတွေရဲ့ စိတ်ဓာတ်က အေးချမ်း ငြိမ်သက်မှုရှိသော်လည်း ဒီကနေ့ခေတ်မှာ ပိုပြီးတော့ ပူလောင်လာတယ်၊ လောဘတွေ ပိုများလာတယ်၊ ဒေါသတွေ ပိုများလာတယ်၊
ဘုန်းကြီးတို့ ဘဝမှာ မကြားဖူးတဲ့ အခြေအနေဆိုးတွေ အခုကြားရတယ်၊ အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ခေတ်မှာ ပေါ်လာတာ၊
Terrorism တဲ့၊ အကြမ်းဖက်ဝါဒတွေ terrorist အကြမ်းဖက်သမားတို့၊ အကြမ်းဖက်သမားဝါဒတို့ ဆိုတာ ဘယ်သူ့ကိုမှ မရှောင်ဘူး၊
တွေ့သမျှ လူမှန်သမျှကို ဒုက္ခပေးတဲ့ဝါဒမျိုး ဖြစ်လာတယ်၊

 ဟိုးရှေးတုန်းက ဒီလိုဟာမျိုး မဟုတ်ဘူး၊ လူအချင်းချင်းမုန်းလို့ သတ်ချင်သတ်လိမ့်မယ်၊ ရာဇဝတ်မှုကျူးလွန်ပြီး သတ်ချင်သတ်လိမ့်မယ်၊ တစ်စုံတစ်ခုသောအကြောင်း ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်၊
အခုကျတော့ အဲလိုမဟုတ်ဘူး၊ ကိုယ်သိတဲ့လူရော မသိတဲ့လူရော၊ အပြစ်ကင်းသူရော အပြစ်မကင်းသူရော အားလုံးရောပြီးတော့
ဘယ်သူသေသေ စိတ်ဓာတ်တွေ ဝင်လာတယ်ပေါ့၊
 “တိဗ္ဗော အာဃာတော” အလွန်ပြင်းထန်တဲ့
အာဃာတတွေတဲ့၊ ဒီလိုပြောရမှာပေါ့။

လူတွေရဲ့ စိတ်ထဲမှာ အဲဒါတွေ ကိန်းအောင်းလာတယ်၊
ကိန်းအောင်းလာတာဟာ တဖြည်းဖြည်း များလာတဲ့သဘောရှိတယ်၊ လျော့သွားတယ်လို့ မရှိဘူးနော်၊ တစ်နေရာ တစ်နေရာမှာ လျော့ပါးနေတာ ရှိကောင်းရှိမယ်၊ နေရာတိုင်းမှာ လုံခြုံရေးဆိုတာ အတော်တင်းကြပ်လာတယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားတဲ့ပုဂ္ဂိုလ်တိုင်း ဒါကို သတိထားမိလိမ့်မယ်၊
လေယာဉ်ပျံနဲ့ ခရီးသွားလို့ရှိရင် check in ဆိုတာ အမျိုးမျိုးပါပဲ၊
ဟိုလို check ဒီလို check နဲ့၊ တချို့နိုင်ငံများဆိုလို့ရှိလျှင် စက်နဲ့ check လုပ်လိုက်လို့ရှိလျှင် အကုန်လုံး အဝတ်အစားဘာညာ၊ မိမွေးဖမွေးတိုင်း ရုပ်ပုံထင်အောင် စက်ကိရိယာတွေ တီထွင်ပြီးတော့ထားတယ်၊ အဲဒီ စက်တွေတောင် တပ်ဆင်ပြီးတော့ ထားတယ်။

လေယာဉ်ပျံနဲ့ ခရီးသွားရာမှ လုံခြုံရေးတွေက ပိုပြီးတော့ တင်းကြပ်လာတယ်ဆိုတာကိုက အန္တရာယ်တွေ များလာတယ်ဆိုတဲ့
အဓိပ္ပာယ်ကို ဖော်ပြနေတယ်၊ မြေပြင်လမ်းလျှောက်ဦးမလား၊ မြေပြင်လမ်းလျှောက်မယ် ဆိုလို့ရှိရင် မိုင်းဗုံးတက်နင်းမိမှာ
အလွန်ကြောက်နေရတဲ့ အနေအထားမျိုး၊ ကောင်းကင်က
သွားလည်း အန္တရာယ်မကင်းဘူး၊ မြေပြင်က လမ်းလျှောက်လည်း အန္တရာယ်မကင်းဘူး၊ ရေထဲသွားပြန်တော့လည်း အန္တရာယ်မကင်းဘူး၊
အဲတော့ လူ့လောကကြီးဟာ လောဘ ဒေါသ မောဟ တွေ
ကြီးမားလာလို့ ကြီးထွားလာလို့ ဆုတ်ယုတ်ပျက်ပြားလာတယ်ဆိုတာ
သေချာတဲ့ အချက် ၁-ခုပဲ။

လက်တွေ့မျက်မြင်နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ ကြည်မယ်ဆိုလို့ရှိရင်
နှလုံးရဲ့ အေးချမ်းမှုဆိုတာ အင်မတန်မှ နည်းလာတယ်၊ လူ့လောကမှာ
လူတွေဟာ ယှဉ်ပြိုင်မှုတွေ များလာတယ်၊ စီးပွားတိုးတက်လာလေလေ ယှဉ်ပြိုင်မှုတွေ များလာလေလေ၊ အင်္ဂလိပ်လိုတော့ tension ခေါ်တာပေါ့၊ တိုးတက်ကြီးထွားလာလို့ရှိရင် tension တွေ ပိုများလာတယ်၊ မြန်မြန်တိုးတက်လေလေ tension တွေ များလေလေ၊
စီးပွားဥစ္စာ တိုးတက်လေလေ tension များလေလေပဲ၊
လူတွေဟာ ပိုပြီးတော့ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။

နဂိုကတော့ ထင်ကောင်းထင်လိမ့်မယ်၊ မတောင့်မတ မကြောင့်မကျ
စီးပွားဥစ္စာတွေ ဖြစ်ထွန်းလို့၊ ပိုက်ဆံတွေ များများရှိရင် ချမ်းချမ်းသာသာ
နေရမယ်၊ စိတ်အေးလက်အေး နေရမယ်လို့ ထင်ကောင်းထင်မယ်၊
မဟုတ်ဘူး၊ ချမ်းသာတဲ့သူက ပိုပြီးတော့ tension များတယ်နော်၊
သူတောင်စားကမှ ခွက်ကလေးချပြီး လမ်းဘေးမှာ
အိပ်လို့ရသေးတယ်၊ ပိုက်ဆံချမ်းသာတဲ့သူက
ဘယ်အိပ်ရဲမလဲ၊ အဲဒီနေရာမျိုး။

tension ပိုများလာတာပေါ့၊ စီးပွားရေး တိုးတက်လာတာဆိုရင် တစ်ဖက်ကနေပြီးတော့ ကြောင့်ကြစိတ်တွေ ဆိုတာဟာ ပူပန်တတ်တဲ့
စိတ်တွေပဲ၊ ကြောင့်ကြတယ် ပူပန်တယ်ဆိုတာ ဘာပြောတာတုန်း
ဆိုလို့ရှိရင် ဒေါမနဿကိုပြောတာ၊ ဒေါမနဿဆိုတဲ့ သဘောတရားက ဒေါသမူစိတ်မှာ ယှဉ်ပြီးတော့ဖြစ်တယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့ လာတဲ့ ပူပန်ကြောင့်ကြမူတစ်ခုဖြစ်တယ်၊ ဒေါသတွေ ဖြစ်နေတယ်။

လူတွေက စိတ်ဆိုးမှ ဒေါသဖြစ်တယ် ထင်နေတာ၊ မဟုတ်ဘူး၊
ကြောက်ရင်လည်း ဒေါသပဲ၊ မုန်းတီးတာတင် ဒေါသမဟုတ်ဘူး၊
စိတ်ဆိုးတာတင် ဒေါသမဟုတ်ဘူး၊ ကြောက်တာလည်း ဒေါသပဲ၊
ဒါကြောင့်မို့ hatred, fear, anger လို့၊ ဒေါသနဲ့ ပတ်သက်ပြီေးတာ့
အင်္ဂလိပ်လို ပြန်ကြတာ၊ hatred တစ်ခုတည်းတင် ဒေါသ မဟုတ်ဘူး၊
fear လည်း ဒေါသပဲ၊ စိုးရိမ်ကြတယ်၊ ကြောက်လန့်ကြတယ်၊

ဒေါသနဲ့ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေ၊
အဲဒီ စိတ်အခြေအနေတွေ ဖြစ်ပေါ်လာလျှင် peaceful mind ဆိုတာ ဆုံးရှုံးသွားတယ်၊ အဲဒီတော့ ခန္ဓာကိုယ်က ထွက်လာတဲ့ chemical တွေ ဓာတ်ငွေ့တွေကလည်း ဘယ်အေးချမ်းနိုင်တော့မလဲ။

မအေးချမ်းသည့်အတွက်ကြောင့် ကမ္ဘာကြီးဟာ ပိုပိုပြီးပူလာတယ်၊
ဘယ်သူ့ကြောင့် ပူတာတုန်း၊ လူတွေပူလို့ ပူတာနော်၊ လူတွေ ပူလား
မပူလားဆို တစ်ယောက်ထိုင်သွားတဲ့နေရာ သွားပြီး ထိုင်ကြည့်ပါလား၊
ပူနေမှာပဲ၊ သေချာတယ်၊ ဒါကြောင့်မို့ ဒါတွေက ကျိုးကြောင်းအနေနဲ့ ဆက်သွယ်ပြီးတော့နေတာ၊ ‘ကမ္မပစ္စယ ဥတုသမုဋ္ဌာနံ’ ကံကို အခြေခံပြီးတော့ ဥတုရာသီတွေက ပြောင်းလဲနေတာ၊ ရာသီဥတုပေါ်မူတည်ပြီး အာဟာရဓာတ်တွေက ပြောင်းလဲနေတာ၊ အာဟာရဓာတ်တွေပေါ်
မှီနေရတဲ့ လူရဲ့သက်တမ်းဟာ ဆုတ်ယုတ်မှု၊
တိုးတက်မှုဆိုတာ ဖြစ်တာ။

ဒါကြောင့်မို့ လူ့ရဲ့သက်တမ်းဟာ “အာယုဂဏနာယ နိယမော နတ္ထိ”
ဆိုတဲ့အတိုင်း သက်တမ်းရဲ့ အရေအတွက် ဂဏန်းဟာ မမြဲဘူးတဲ့၊ ဘာလို့ မမြဲလဲဆိုလျှင် ခုနကလို ဥတုအာဟာရပေါ်မှာ မှီတည်ပြီး
လူတွေရဲ့သက်တမ်းက တက်လိုက်ကျလိုက်၊
ဒီလို နှစ်မျိုးကြုံနေလို့ မမြဲဘူး။
{အပြည်ပြည်ဆိုင်ရာ ထေရဝါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
ပါမောက္ခချုပ်ဆရာတော်}

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...