Wednesday, April 13, 2022

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလို အဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ `မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။ မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ ရဟန်းတော်တွေကို အကိုလိုမောင်လိုသားလို လေးစားကြည်ညို ချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်က လိုလေသေးမရှိ ထောက်ပံ့လှုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ လှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်း ဗွင်းဗွင်းကြီး အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။ ဝိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် ‘အလွန်မင်္ဂလာရှိသော သူလို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ “ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းကြပါတယ်။ တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ “အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသား ပြောဆိုနေတာဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူးလို့ ပြောဆိုဆုံးမပါတယ်။ ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ဝိသာခါဟာ လမ်းထွက်ပြီး “ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်ဆိုပြီး လမ်းပေါ်သွားနေတဲ့ ရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင် ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။ ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စဝဂ္ဂီအပါတွင် ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။ မဟာနာမ်မ္မေထရ္က သူလှုတဲ့ကျောင်းမှာ သီတင်းမသုံးတာမို့ သုဓမ္မ အမည်ရှိတဲ့ ရဟန်းတစ်ပါးကို ကျောင်းအပ်ကာ ကိုးကွယ်ပါတယ်။ တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။ စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။ တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ ကျောင်းထိုင်ဖြစ်တဲ့ သုဓမ္မရဟန်းကို ပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို အရင်မပင့်ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။ သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့ စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့ “အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါလို့ လျှောက်ထားတဲ့အခါမှာ “ငါဆွမ်းစားလာတာမဟုတ်ဘူး။ လှုဖွယ်ဝတ္ထုတွေကို လာကြည့်တာလို့ ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ “ဒကာ သင့်လှုဖွယ်ဝတ္ထုတို့သည် များပြားပေစွ။ သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေဆိုပြီး စိတ္တသူကြွယ်စိတ်ဆင်းရဲအောင် ပြောပါတယ်။ စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။ `အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူးလို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။ မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က “စိတ္တသူကြွယ်ရဲ့ အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ သုဓမ္မရဟန်း လာတောင်းပန်းတာကို စိတ္တသူကြွယ်က သုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။ ဒီအခါမှာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်း ပြန်သွားပြီး တောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ ဃောသကသူဌေးကြီးတို့ ဦးဆောင်သော ကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုခြင်း မရှိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။ အထက်ပါဝတ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမက လိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။ ရဟန်းသံဃာတွေကို ကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလဲမကြီးပါဘူး။ ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကို ပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။ ဒုတိယရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက “ဤဝိသာခါဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင် ကဲ့ရဲ့ရှုံ့ချနိုင်၏။ ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေလို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အပြစ်မဖြစ်သလို ငရဲလည်းမကြီးဆိုတာ သိမှတ်နားလည်ထားကြရပါမယ်။ ယုတ်မာသော စိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။ ပါချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Monday, September 14, 2020

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ မြန်မာနိုင်ငံကကျောင်းတွေ ဘယ်အချက်ကွာခြားလဲ

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်းတွေကို တက္က သိုလ်တွေသင်တန်းကျောင်းတွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ .. အစရှိသဖြင့် လူငယ်တွေရှိတဲ့နေရာတွေမှာလည်း ကျင်းပလေ့ရှိတာကို တွေ့ရ ပါတယ်။ 

ဆရာတော်ဟာ လူငယ်တွေကို အလေးထားလျက်က သူတို့ရှိတဲ့ နေရာတွေအထိ သွားရောက်ပြီး တရားသင်တန်းများ ပို့ချပေးခြင်းဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ နားလည်ရပါတယ်။ တရားသင်တန်းများပို့ချရာမှာလည်း ဆရာတော်ဟာ အမေးအဖြေကဏ္ဍကိုထည့်သွင်းပြီး လူငယ်တွေရင်ထဲက ဝိရောဓိဖြစ်နေတဲ့အကြောင်းအရာတွေ၊ မရှင်းမလင်းမသေမချာ ဖြစ်နေတဲ့ကိစ္စတွေ၊ သိချင်နေတဲ့အကြောင်းတွေကို ရှင်းလင်းအဖြေပေးတော်မူလေ့ရှိပါတယ်။ 

'အမေးအဖြေကဏ္ဍ'မှာ ကျောင်းသားလူငယ်လေးတွေ မေးတဲ့တချို့မေး ခွန်းတွေက စိတ်ဝင်စားစရာကောင်းပြီး တန်ဖိုးလည်းရှိလှတာကိုတွေ့ရပါတယ်။ မေးမြန်းခွင့် မရရှာတာများတဲ့ ပညာရေးစနစ်ကြီးထဲက ကျောင်းသားလူငယ်တွေခမျာ မေးခွန်းထုတ်ခွင့်၊ မေးခွန်းမေးခွင့်ရတဲ့အခါ စနစ်ကြီးတစ်ခုလုံးကို မေးခွန်း ထုတ် ဝေဖန်တာမျိုးတွေတောင် တွေ့ရပါတယ်။ နေပြည်တော်က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ တရား သင်တန်းပွဲတစ်ခုမှာ တွေ့ရတဲ့မေးခွန်းတစ်ခုက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 'တပည့်တော်တို့ မြန်မာနိုင်ငံ၏ပညာရေးနှင့် အခြားနိုင်ငံ တိုးတက်ဖွံ့ဖြိုး နေသော နိုင်ငံများ၏ ပညာရေး ဘာကွာခြားမှုရှိပါသနည်း။ 

တပည့်တော်တို့၏ ပညာရေးသည် အလွတ်မှတ်၊ ဒါကျက်ဒါဖြေနှင့် အလွတ်ကျက်ပညာရေးကြီး ဖြစ်သောကြောင့် ဆုတ်ယုတ်နေရပါသလား။ ဖင်လန်နိုင်ငံ၏ ပညာရေးသည် အိမ်စာ လုပ်ချိန်နည်းပါးပြီး၊ စာသင်ချိန်လည်းနည်းပါးသော်လည်း ကမ္ဘာ့အကောင်း ဆုံးပညာရေးစနစ် အဘယ်ကြောင့် ဖြစ်နေရပါသနည်း။ ဘုန်းဘုန်းတက်ခဲ့သော အောက် စဖို့ဒ်တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ကျောင်းများ ဘယ်အချက် ကွာခြားနေပါသလဲဘုရား' ...တဲ့။ 

အလွတ်ကျက်ပညာရေးနဲ့ စခန်းသွားနေရတဲ့ လူငယ်တွေက အောက်စဖို့ဒ် တက္ကသိုလ်နဲ့ မြန်မာနိုင်ငံကကျောင်း ဘာတွေများကွာနေပါသလဲ၊ ဟိုး တိုးတက် ပြီးနိုင်ငံတွေနဲ့ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံလေးက ပညာရေး ဘာတွေကွာခြားမှု ရှိပါသလဲ ..တဲ့။ အောက်စဖို့ဒ်တက္ကသိုလ်က ဒေါက်တာဘွဲ့ယူပြီးပြန်လာတဲ့ ဆရာတော် ဒေါက်တာဓမ္မသာမိကို မေးပါတယ်။ မေးခွန်းထဲမှာ ကျောင်းသား လူငယ်တွေ မျှော်လင့်တဲ့ အနာဂတ်တစ်ခုကို ထင်ထင်ရှားရှားမြင်ရနိုင်ပါတယ်။ အောက်စဖို့ဒ်ဆရာတော်ကတော့ 'အပြစ်တင်တဲ့ ပုံစံမျိုးမဖြစ်အောင် ဘုန်းဘုန်း ကြိုးစားပြီးတော့ ပြောပါ့မယ်'လို့ စကားခံရင်းက အနောက်နိုင်ငံများရဲ့ ပညာရေးစနစ်အကြောင်းကို ရှင်းပြတော်မူပါတယ်။ 

✿ ကျောင်းသားတွေကို ယုံကြည်တယ် အနောက်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကျောင်းသားတွေရဲ့ အရည်အသွေးကို ယုံကြည်တဲ့ စနစ်ဖြစ်တယ်။ ကျောင်းသားတွေရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းကို လက်ခံတယ်။ ကျောင်းသားတစ်ယောက်ရဲ့ အတွေးအခေါ်က ဆရာရဲ့အတွေး အခေါ်နဲ့ မတူဘူးဆိုရင်တောင်မှပဲ အဲဒီကျောင်းသားရဲ့တွေခေါ်မျှော်မြင်နိုင်စွမ်း ကို ကန့်သတ်မထားဘူး၊ လက်ခံတယ် .. လို့ ဆရာတော်က ရှင်းပြပါတယ်။ 

ကျောင်းသားဟာ လက်ညှိုးထောင် ခေါင်းညိတ်အဆင့်မဟုတ်ဘဲ ဆရာ ပြောသမျှကို ဝေဖန်ဆန်းစစ်နိုင်တယ်၊ စာဖတ်ပြီး အချက်အလက်တွေ ရှာဖွေရင်း သူ့နည်းသူဟန်နဲ့ ယုတ္တိရှိအောင်တွေးတဲ့ ကျောင်းသားဆိုရင် ဆရာတွေက အားပေးကြတယ်လို့လည်း သိရပါတယ်။ အားလုံးကိုခြုံပြီး အဓိကအချက်တစ်ခုတည်းကိုပြောပါဆိုရင်တော့ ကျောင်း သားကိုယုံကြည်တာပါပဲ ... လို့ ဆရာတော်က မိန့်ကြားတော်မူပါတယ်။ ပညာရေးစနစ်ဟာ စိတ်နေသဘောထားနဲ့လည်း သက်ဆိုင်တယ်လို့ အောက် စဖို့ဒ်ဆရာတော်က ဆိုပါတယ်။ 

အကြောက်တရားနဲ့ကြီးပြင်းခဲ့ရတဲ့ ပုဂ္ဂိုလ်တစ် ယောက်ဟာ သူမသိတဲ့အကြောင်းအရာ၊ သူမရင်းနှီးတဲ့ကိစ္စရပ်တွေကို မြင်ရရ ရင် ကြောက်စိတ်ဝင်တတ်ပြီး အဲဒီလိုကြောက်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သာ ဆရာဖြစ်နေမယ်ဆိုရင် သူဟာ သူနဲ့မတူတဲ့၊ သူ့အတွေးနဲ့ တခြားစီဖြစ် တဲ့ ယူဆချက်တွေ၊ အတွေးအခေါ်တွေကိုမြင်ရင် စိတ်ထဲမှာ ထိတ်လန့်နေတတ် တယ်လို့ ရှင်းပြတော်မူပါတယ်။ 

ဒီအကြောက်တရားကပဲ မေးခွန်းမေးမြန်းခွင့်ကို ခွင့်ပြုတော့ဘဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကတော့ ဖြန့်ကျက်တွေးတတ်တဲ့ကျောင်း သားရဲ့ ဆင်ခြင်တွေးတောနိုင်စွမ်းတွေ အင်အားလျော့ နည်းကုန်တာပါပဲ။ ဆရာတော်က မှတ်ချက်ပေးဆွေးနွေးခြင်းမပြုပေမယ့် 'ကျောင်းသားတွေ ကိုယုံကြည်ခြင်း'ဆိုတဲ့အချက်ဟာ အနောက်နိုင်ငံက ပညာရေးစနစ်နဲ့ ကျွန် တော်တို့နိုင်ငံရဲ့ ပညာရေးစနစ် ကွာခြားချက်ပဲ ဖြစ်ပါမယ်လို့ ယူဆပါတယ်။ သူတို့ဆီက ကျောင်းသားဗဟို ပြုစနစ်ဖြစ်ပြီး ကျွန်တော်တို့ဆီမှာတော့ ဆရာ ဗဟိုပြုစနစ်ရယ်လို့လည်း ပြောလို့ရနိုင်ကောင်း မယ်ထင်ပါရဲ့။ 

✿ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ပညာရေးမူဝါဒ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ပညာရေးမူဝါဒကတော့ ကျောင်းသားကျောင်း သူတွေ လွတ်လွတ်လပ်လပ်တွေးခေါ်စဉ်းစားတတ်အောင်သင်ကြားပေးပြီး ဆရာ ရဲ့သင်ကြားချက်စဉ်းစားချက်တွေနဲ့ ကွဲပြားခြားနားလေ ကောင်းလေလို့ အားပေးတဲ့ မူဝါဒဖြစ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ 

 ဥပမာ- ဗိသုကာပညာရှင်တစ်ယောက်က အခန်းတစ်ခုက အပူချိန်များပြီး အိုက်စပ်ပူလောင် နေတာဟာ မျက်နှာကျက်နှိမ့်လို့ဖြစ်တယ်လို့ သုံးသပ်ကောက် ချက်ချတယ်။ ဒါကို ဗိသုကာပညာ ရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်း သူတစ်ယောက်ယောက်က Direction(ဦးတည်ရာ) လိုနေလို့ရောမဖြစ်နိုင် ဘူးလားလို့ စောဒကတက်ခဲ့ရင်လည်း အဲဒီကျောင်းသားကျောင်းသူရဲ့ စောဒနာ ကို အယူအဆတစ်ခုအနေနဲ့ အားပေးတယ်လို့ ဆိုပါတယ်။ 

 အောက်စဖို့ဒ်တက္ကသိုလ်မှာ ဆရာတစ်ယောက်ဟာ ကျောင်းသားကျောင်း သူ ၄ ယောက်၊ ၅ ယောက်ကိုသာ သင်ကြားပေးပါတယ်။ ရက်သတ္တပတ် ၈ ပတ်ကို စာသင်နှစ်ရဲ့သင်တန်း ကာလတစ်ခုအဖြစ် သတ်မှတ်ပိုင်းခြားထား ပြီး သင်တန်းကာလသုံးခုရှိပါတယ်။ သင်တန်းကာလတစ်ခုအဖြစ်သတ်မှတ် ထားတဲ့ ၈ ပတ်အချိန်ကာလမှာ ဆရာက ခေါင်းစဉ် ၈ ခုပေးပြီး လေ့လာမှု ပြုလုပ်ခိုင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ 

 ဥပမာ နေပြည်တော်အကြောင်း လေ့လာမယ်ဆိုရင် (၁)သဘာဝပတ်ဝန်းကျင် (၂)စီးပွားရေး (၃)လုံခြုံရေး (၄)ပညာရေး အစရှိသဖြင့် အပိုင်းတွေခွဲပြီး တစ်ပတ်ကိုခေါင်းစဉ်တစ်ခု လေ့လာကြတာဖြစ်ပါတယ်။ 

ဆိုကြပါစို့၊ နေပြည်တော်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လေ့လာ မယ်ဆိုရင် (က) နေပြည်တော်က ပေါင်းလောင်းဆည်နဲ့ဘယ်လောက်ဝေးသလဲ (ခ) ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေကို ဘယ်လိုဆက်သွယ်လဲ (ဂ) နေပြည်တော်မှာ မြေဧကပေါင်း ဘယ်လောက်ရှိပြီး သစ်တောမြေ ဘယ်လောက်၊ စိုက်ပျိုးမြေဧကဘယ်လောက် .. အစရှိသဖြင့် အဲဒီလိုအပိုင်းကဏ္ဍတွေခွဲပြီး ကျောင်းသားတွေက လေ့လာကြရတာဖြစ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ကဏ္ဍတစ်ကို လေ့လာမယ်ဆိုရင် ဆရာဘက်က (၁) ဖတ်ရမယ့်စာအုပ်တွေကို သတ်မှတ်ရွေးချယ်ပေးတယ်။ 

(၂) မေးခွန်း ၂ ခု၊ ၃ ခုပေးထားတယ်။ ကျောင်းသားက - (၁) ကိုယ်ကြိုက်တဲ့ မေးခွန်းကိုရွေး ရတယ် (၂) စာအုပ်ဖတ်ပြီး သိလာတဲ့ အကြောင်းအရာတွေကို ကိုယ့်အတွေးအမြင် အယူအဆနဲ့ ပေါင်းစပ်ပြီး စကားလုံး ၂ဝဝဝ နဲ့ အက်ဆေး(စာတမ်း)ရေးရ တယ်လို့ ဆိုပါတယ်။

 ပညာရေးနဲ့ပတ်သက်တာတွေကို လေ့လာမယ်ဆိုရင် ဆရာဖြစ်တဲ့သူဟာ နေပြည်တော်ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေအားလုံးဖတ်ပြီး သူ့ရဲ့ ကျောင်းသားတွေကို ဘယ်စာအုပ်ဖတ်သင့်တယ်ဆိုတာ ညွှန်းပါတယ်။ 

ပြီးမှ မေးခွန်း ၂ ခု၊ ၃ ခု ထုတ်ပေးကာ ကျောင်းသားက သူကြိုက်တဲ့မေးခွန်းကို ရွေးချယ်ပြီး ဆရာညွှန်းတဲ့စာအုပ်တွေကိုဖတ်ပြီး စကားလုံး ၂ဝဝဝ နဲ့ ကိုယ့် အတွေးနဲ့ကိုယ် အက်ဆေး (စာတမ်း)ရေးပြီး ဆရာဆီတင်ရတာမျိုးဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။ ဆရာဆီကို စာတမ်းပို့တဲ့အခါမှာလည်း ဆရာနဲ့တွေ့ဖို့မလိုဘဲ သတ် မှတ်ထားတဲ့နေရာကို ပေးပို့ရုံပါပဲ။ ဆရာဖြစ်တဲ့သူက အဲဒီအက်ဆေး (ဝါ) စာတမ်းငယ်ကို အဆင့် ၃ ဆင့်နဲ့ စစ်ဆေးပါတယ်။ 

(၁) ပေးထားတဲ့ခေါင်းစဉ်၊ ပေးထားတဲ့မေးခွန်းကို နားလည်မလည်။ (၂) ဖတ်ဖို့ညွန်းလိုက်တဲ့ စာအုပ်တွေ ဖတ်၊ မဖတ်။ (၃) ဖတ်တဲ့စာထဲက concept(အယူအဆ၊ အမြင်သဘောထား)ကို နားလည်ရဲ့လား၊ conclusion(ကောက်ချက်ချသုံးသပ်ချက်)လုပ်ထားတာ ကိုယ် ပိုင်အယူ အဆနဲ့လား။ ဘယ်ရှုထောင့်ကနေ သုံးသပ်ထားသလဲ ... ဆိုတဲ့ အချက်တွေကို ဆရာဖြစ်တဲ့သူက သုံးသပ်စစ်ဆေးတယ်လို့ အောက်စဖို့ဒ်ဆရာ တော်က ရှင်းပြပါတယ်။ 

✿ မေးခွန်းမေးတတ်အောင်သင်ပေးတာ ကျောင်းသားတွေဘက်ကလည်းပဲ စာသင်ခန်းတစ်ခုမှာ ကျောင်းသား ၄ ယောက်ရှိရင် ၃ ယောက်ကပဲ ဆရာနဲ့မတွေ့ခင်တစ်ရက်ကြိုပြီး ဆရာ့ဆီကို စာတမ်းပို့ထားရတာဖြစ်ပါတယ်။ ဆရာ့ဆီကို စာတမ်းတင်ဖို့မလိုတဲ့တစ် ယောက်က ဘာလုပ်ရသလဲဆိုရင် အတန်းထဲမှာ စာတမ်းခေါင်းစဉ်တစ်ခုကို ရှင်းလင်းတင်ပြရပါတယ်။

 အဲဒီကျောင်းသား present လုပ်တဲ့ အကြောင်း အရာကိုပဲ ဆရာဆီစာတမ်းတင်ထားတဲ့ ကျောင်းသား (၃) ယောက်က ဆွေး နွေး၊ ငြင်းခုန်၊ အယူအဆခြင်းအပြန်အလှန်ဖလှယ်ကြတာမျိုး လုပ်ကြတာဖြစ် ပါတယ်။ အတန်းရှေ့ထွက်ပြီး လုပ်ရတဲ့ presentation ဟာ အလှည့်ကျစနစ်နဲ့ လုပ်ကြရတာလည်းဖြစ်ပါတယ်။ 

အဲဒီ ဆွေးနွေးမှုဖြစ်စဉ်ကြီးတစ်ခုလုံးကို စာတမ်းရေးခိုင်းခဲ့တဲ့ ဆရာက ထိန်းကျောင်းလမ်းပြပြီး 'ဒီလိုလည်းတွေးနိုင်တယ်'၊ 'သူပြောတာ ဟုတ်တယ်'၊ 'ခင်ဗျားတွေးတဲ့ဟာက ဒီလိုရော မဖြစ်နိုင်ဘူးလား' ... စသဖြင့် မေးခွန်း တွေ ထပ်မေး၊ ဝင်ဆွေးနွေးတာမျိုး လုပ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ 

အဓိကကတော့ မေးခွန်းမေးတတ်အောင် သင်ပေးတာပဲလို့ ဆရာတော်က သူဖြတ်သန်းသင်ကြားခဲ့ရတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ပညာရေးကို မှတ်ချက် ပြု ပြောဆိုပါတယ်။ 

 ဒါကြောင့် ကျောင်းသားကျောင်းသူတွေကို စာဖတ်ပါလို့ အထူးတိုက်တွန်း ဖို့မလိုအပ်ဘဲ ကျောင်းသား ကျောင်းသူတိုင်း စာဖတ်ကြပြီး စာကြည့်တိုက်က လည်း ၂၄ နာရီ ဖွင့်ပေးထားတယ် လို့ ဆိုပါတယ်။ စာမေးပွဲဖြေရင်လည်း ၁ဝဝ မှာ ၉၈ ယောက် အောင်မြင်ပြီး ကျတဲ့ ၂ ယောက်ကိုလည်းပဲ ၃ ပတ် အတွင်း ပြန်ဖြေနိုင်အောင် ဒုတိယအကြိမ် အခွင့်အရေး ပေးသေးတယ်လို့ သိရ ရပါတယ်။ 

 ကျောင်းသားကျောင်းသူတစ်ယောက်ယောက် စာမေးပွဲကျခဲ့ရင်လည်း ကျောင်း သားညံ့လို့လား၊ ဆရာညံ့လို့လား၊ စနစ်ကညံ့လို့လား ဆိုပြီး အဆင့်ဆင့်အဖြေ ရှာကြလေ့ရှိတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ကျောင်းသားတစ်ယောက် စာမေးပွဲကျခဲ့ရင် ကျောင်းသား ရဲ့အပြစ်သာဖြစ်ပြီး ဆရာမှာလည်း အပြစ်မရှိ၊ စနစ်မှာလည်း အပြစ်မရှိ၊ ကျောင်းမှာလည်း အပြစ် မရှိဘဲ 'ကျောင်းသားညံ့လို့စာမေးပွဲကျတာ'သာဖြစ်ကြောင်း ယူဆလေ့ရှိတာကို လည်း ဆရာတော်က ထောက်ပြပြောဆိုပါတယ်။

 အောက်စဖို့ဒ်ဆရာတော်က 'အမှန်ကတော့ စနစ်က လိုတာလည်း ရှိတယ်။ ကျောင်းက လိုတာလည်း ရှိတယ်။ ဆရာက လိုတာလည်း ရှိတယ်။ ဘေး ပတ်ဝန်းကျင် လိုတာလည်း ရှိတယ်။ သူ့ရဲ့ လိုအပ်ချက်လည်း ရှိတယ်' လို့ ရှင်းပြတော်မူပါတယ်။ 

✿ ကိုးရီးယားက အမေကိုသတ်တဲ့သား အောက်စဖို့ဒ်ဆရာတော်ရှင်းပြတော်မူတဲ့ စာမေးပွဲအကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားစရာရှိတာက 'စာမေးပွဲရမှတ်တစ်ခုတည်းပေါ်မှာသာ အခြေခံပြီး အဆင့် သတ်မှတ်တာဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးရာ ရောကမနေဘူးလား' ဆိုတဲ့ မေးခွန်းပါပဲ။ ကိုရီးယားတိုင်းမ်မှာ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက 'ကျောင်း သားတစ်ဦးက သူ့မိခင်ကိုသတ်၊ အလောင်းကို ၈ လခန့် ထိန်ဝှက်ထားခဲ့' ဆိုတဲ့ သတင်းခေါင်းစဉ်ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ဖူးပါတယ်။ 

(အဲဒီအကြောင်းကို http://www.koreatimes.co.kr/…/…/nation/2011/11/117_99498.htm မှာ ဖတ်နိုင်ပါတယ်။) အဲဒီအကြောင်းကို ဇင်ဝေသော် ဘာသာပြန်ရေးသားထားတဲ့ 'ကမ္ဘာ့သုခမိန် လေးများ(သူတို့ရဲ့ ပညာရေးမာရသွန်)' အမည်နဲ့ ဘာသာပြန်ရေးထားတဲ့ စာအုပ်မှာ အခုလိုတွေ့ရပါတယ်။ 

(မူရင်းစာအုပ်ကThe Smartest Kids In the World ဖြစ်ပြီး ရေးသားသူက Ammanda Ripley ဖြစ်ပါတယ်။) 'ဂျီ(Ji)လို့ အမည်ရတဲ့ ဆယ်ကျော်သက် ကလေးတစ်ယောက် ဆိုးလ်မြို့က အိမ်မှာပဲ သူ့အမေကို ဓားနဲ့ထိုးသတ်ခဲ့တယ်။ အကြောင်းရင်းက မိဘဆရာ အစည်းအဝေးကို သူ့အမေတက်ရင် သူ့စာမေးပွဲရမှတ်နဲ့ ပတ်သက်လို့ လိမ်ညာ ခဲ့တာတွေ အလိမ်ပေါ်ကုန်မှာစိုးလို့။ သူက သူ့အမေကို မတက်စေချင်ဘူး၊ သူ့အမေကလည်း တက်ကိုတက်မှာ။ 

ဒါကြောင့် သူက စိတ်လိုက်မာန်ပါ ဓားနဲ့ထိုးလိုက်တာ။ အဲသလို ဖြစ်ပွားပြီးခဲ့တဲ့နောက် သူက အဲဒီလူသတ်မှုကို ၈ လအထိ ဘယ်သူမှ မသိအောင် ထိန်ဝှက်ထားခဲ့တယ်။ သူကတော့ ဘာမှမဖြစ်သလို ကျောင်းသွားလိုက်၊ အိမ်ပြန်လာလိုက်ပဲ။ သူ့အိမ်နီးနားချင်းတွေက သူ့အမေ မမြင်လို့ မေးတဲ့အခါ သူ့အမေ တခြားမြို့ကို သွားနေတယ်လို့ပဲ ပြောထားတယ်။ နောက်ပြီး အနံ့အသက်တွေအပြင်မထွက်အောင် သူ့အမေရဲ့ အခန်းတံခါးတွေ ကိုလည်း ကော်တွေ၊ တိပ်တွေနဲ့ လေလုံအောင် ပိတ်ဆို့ထားတယ်။ 

နောက် ဆုံးတော့ သူတို့နဲ့ ချစ်ချစ်ခင်ခင် မရှိလှတဲ့ သူ့အဖေရောက်လာတော့မှ လူ သေကောင်ကို တွေ့ပြီး တရားခံရှာဖွေပြီးတဲ့နောက် သူလည်း လူသတ်မှုနဲ့ အဖမ်း ခံရတော့တာပါပဲ။ ဒီအဖြစ်အပျက်က ပညာရေးနဲ့ဆက်စပ်နေတဲ့ ဝမ်းနည်းကြေကွဲစရာနောက် ခံအကြောင်း အရာတွေကို လက်ညှိုးထိုးပြလိုက်သလိုဖြစ်နေတယ်။ 

ဂျီရဲ့ မိခင်ကို သတ်မှုဟာ ကိုးရီးယားအများစု ထင်မျတ်ထားကြသလို အထီးကျန်ဆန်မှု စိတ် ရောဂါကြောင့်မဟုတ်ဘဲ အပူတပြင်း မောင်းနှင်နေတဲ့ ပညာရေးက ကလေးတွေ ကို ဆင်ခြင်တုံတရားမဲ့ သွားစေခြင်း ကြောင့်သာ ဖြစ်ပါတယ်။ (ကမ္ဘာသုခမိန်လေးများ၊ စာ-၁ဝ၅) တရားလွန်တောင်းဆိုတဲ့ မိခင်ရယ်၊ ရက်စက်ပြီး ပြိုင်ဆိုင်မှုပြင်းလှတဲ့ ပညာရေးစနစ်ရယ်၊ အဲဒီနှစ်ခုကြားမှာ ပိတ်မိပြီး စိတ်ထင်ရာလုပ်လိုက်မိတဲ့ ကလေးတစ်ယောက်ရယ် .. 

အဲဒီဇာတ်လမ်းဟာ ဘယ်လောက်အထိများ ကြေကွဲစရာကောင်းလိုက်ပါသလဲ။ 'စာမေးပွဲ ရမှတ်တွေကို ပြန်ကြည့်ရင် ဂျီရဲ့ရမှတ်ဟာ တစ်နိုင်ငံလုံးရှိ ဘယ် ကျောင်းမဆို ထိပ်တန်း ၁ ရာခိုင်နှုန်းထဲမှာ ပါဝင်နေပါတယ်။ ဂျီပြောပြချက် အရ သူ့အမေ သူ့ကိုပြောတာက ဘာပဲဖြစ်ဖြစ် မင်းက နံပါတ် ၁ ဖြစ်နေရ မယ်ပါပဲ။ 

သူရဲ့ စာမေးပွဲရမှတ်နည်းသွားရင် သူ့အမေက သူ့ကို ရိုက်တယ်၊ အစာမကျွေးဘူး။ ဂျီရဲ့ ထွက်ဆိုချက် ဇာတ်လမ်းတွေကို ကြားရတော့ ကိုးရီးယားလူထုကြီး က သေဆုံးသွားတဲ့ အမေထက် ကျန်ရစ်တဲ့သားကိုတောင် ပိုပြီး ကရုဏာ သက်ကြပါသေးတယ်။ အထက်တန်းကျောင်းသား ဂျီရဲ့ ထွက်ဆိုချက်တွေကို ကိုယ့်ဖွင့်ဆိုချက်တွေနဲ့ တွဲပြီး သုံးသပ်သူတွေက သုံးသပ်ကြတယ်။ 

တချို့ဆို ရင် မိခင်ဖြစ်သူဟာ လူသတ်မှုဖြစ်ပွားအောင် သူကိုယ်တိုင်ဖန်တီးခဲ့တာလို့တောင် ဆိုကြပါသေးတယ်' (ကမ္ဘာသုခမိန်လေးများ၊ စာ-၁ဝ၆) 'ဒီလိုဖြစ်ခဲ့ရပြီးနောက်မှာ သူ့အိပ်မက်ထဲအထိ သူ့အမေက သူ့ကိုဘယ်လို ခြောက်လှန့်နေတယ်ဆိုတာ စစ်ဆေးမေးမြန်းနေတဲ့ ရဲတွေကို မျက်ရည်တွေနဲ့ ဂျီက ဖွင့်ဟဝန်ခံခဲ့တယ်။ 

တရားရုံးက သူ့ကို ထောင်ဒဏ် ၁၅ နှစ်ချမှတ် ခဲ့ပေမယ့် အခြေအနေအရပ်ရပ်ကို ပြန်လှန်သုံးသပ်ပြီး တရားသူကြီးက သူ့ကို ထောင်ဒဏ် သုံးနှစ်ခွဲပဲ ကျခံစေခဲ့ပါတယ်။'

 (ကမ္ဘာသုခမိန်လေးများ၊ စာ-၁ဝ၆) 'ကမ္ဘာမှာ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံတွေ ဘယ်လောက်ပဲ ကွဲပြားနေပါ စေ၊ ပညာရေးအကောင်းဆုံးဆိုတဲ့ နိုင်ငံတွေရှိ ကျောင်းသားမိဘအများစုက ပညာရေးမှာ စည်းကမ်းက အရေးကြီးတယ်လို့ နားလည် ထားကြပါတယ်' (ကမ္ဘာသုခမိန်လေးများ၊ စာ-၃၃၃)လို့ဆိုပါတယ်။ 

စည်းကမ်းက အရေးကြီး တယ်ဆိုသည့်တိုင်အောင်ပဲ ဝန်နဲ့အားမျှအောင်၊ တရားလွန်တောင်းဆိုတာမျိုး တွေမဖြစ်အောင် မိဘနဲ့သားသမီးအပြန်အလှန် ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေး မျိုး တည်ဆောက်သင့်တယ်ဆိုတာဟာ ဂျီရဲ့ဖြစ်ရပ်ဆိုးက ထင်ရှားတဲ့သက်သေ ပါပဲ။ 

 ✿ မျှော်လင့်ရင်းကပဲ ဒီစာစုရဲ့အစမှာ ဖော်ပြခဲ့တဲ့ မေးခွန်းအပေါ် ဆရာတော်ပြန်လည်ဖြေဆိုခဲ့ တာတွေကို ပြန်ကြည့်ရင် အခုလိုတွေ့ရပါတယ်။ 

(၁) မြန်မာနိုင်ငံ၏ပညာရေးနှင့် အခြားတိုးတက်ဖွံ့ဖြိုးနေသော နိုင်ငံတွေရဲ့ ပညာရေးဘာကွာခြားမှုရှိပါသလဲဆိုတဲ့ အမေးကိုတော့ 'ကျောင်းသားကိုယုံကြည် မှုပေးခြင်း'မှာ ကွာတယ်လို့ ရှင်းလင်းပြခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ 

(၂) အလွတ်မှတ်၊ ဒါကျက်ဒါဖြေနှင့် အလွတ်ကျက်ပညာရေးကြီး ဖြစ်သော ကြောင့် ဆုတ်ယုတ်နေရပါသလား .. ဆိုတဲ့ အမေးကိုတော့ 'တချို့စနစ်တွေ က ပြန်သုံးသပ်ဖို့ကောင်းတယ်'လို့သာ မှတ်ချက်ပြု မိန့်ကြားတော်မူခဲ့ပါတယ်။ 

(၃) အောက်စဖို့ဒ်တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ကျောင်းများ ဘယ်အချက် ကွာခြားနေပါသလဲ .. ဆိုတဲ့မေးခွန်းကိုတော့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ သင် ကြားနည်းစနစ်တွေကို ပြောပြရင်း ရှင်းလင်းပေးတော်မူခဲ့ပါတယ်။ အောက်စဖို့ဒ်ဆရာတော်က 'တချို့ဟာတွေက မေးခွန်းထုတ်တာမဟုတ်ဘူး၊ တချို့ဟာတွေက အမှတ်စစ်တာ။ Assessment System မျိုးမဟုတ်ဘူး။ အဲဒါမျိုးတွေပေါ့။ Education နဲ့ ပတ်သက်ပြီးပြောရရင်တော့ အများကြီးပေါ့။ ဒီထက်ပြောရရင်တော့ လူတစ်ယောက်ယောက်နဲ့ ဘုန်းဘုန်းက ရန်ဖြစ်ရလိမ့် မယ်။ 

ဒါကြောင့် ဒီလောက်နဲ့ ကျေနပ်ပါလို့ တောင်းပန်ပါတယ်'လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်က အပြစ်တင်ခြင်းအလျဉ်းမရှိဘဲ ပညာရေးစနစ်တွေရဲ့ ခြားနားခြင်းကို နှိုင်းယှဉ်ရှင်းပြတော်မူသွားခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုသည့်တိုင်အောင်ပဲ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးစနစ် တစ်ခုဆီရောက်ဖို့ကတော့ အတော်လေး အချိန်ယူရဦးမယ့်ပုံပါပဲ။

 ကလေးတစ်ယောက် ခေါင်းထဲမှာ စာဘယ်လောက်မှတ်မိနေသလဲ၊ စာသင်ခန်းထဲမှာ ဆရာတွေက ကလေးရဲ့ခေါင်းထဲ စာတွေ ဘယ်လောက်ရောက်အောင် ရိုက်သွင်း ပေးနိုင်သလဲဆိုတာကို စစ်ဆေးတဲ့ စာမေးပွဲတွေထက် လက်တွေ့ဘဝအတွက် ဘယ်လောက်ပြင်ဆင်ထားနိုင်ပြီလဲဆိုတာကို ပြောပြနိုင်တဲ့ စာမေးပွဲတွေကျင်း ပနိုင်ဖို့အတွက် ခရီးရှည်ကြီး ကျွန်တော်တို့ ဖြတ်သန်းကြရဦးမှာပါ။ မဝေးဘူး၊ ရောက်လုပြီလို့ အားတင်းရင်းနဲ့သာ။

 ငြိမ်းချမ်းသာ သုဝဏ္ဏသျှမ် စာပြီးရက်စွဲ ၇-၉-၂ဝ၂ဝ ရည်ညွှန်းကိုးကား/- 
၁။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဟောကြားတော်မူခဲ့သည် 'အများအတွက်ပါတဲ့ပညာရေး(Pro-Social Learning)တရားတော် အမေးအဖြေကဏ္ဍ 
၂။ ဇင်ဝေသော်၊ ကမ္ဘာ့သုခမိန်လေးများ(သူတို့ရဲ့ပညာရေးမာရသွန်)

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၁၀)

ပျော်ရွှင်မှု အတိုင်းအတာ စံသတ်မှတ်ချက် 
▬▬▬▬▬▬▬▬▬▬▬▬▬ 
ပထမပိုင်း - အပိုင်း(၁၀) - ဓမ္မအမေးအဖြေ 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 👨 

မေး။ ။ တော်တော်များများတွေက ပျော်တယ် ပျော်တယ် ပြောတယ်၊ ဒါပေမဲ့ ဘေးကလူက သူပျော်တာ မှားနေတယ် ဘာလို့ပျော်လဲ။ အဓိကတော့ stressပါ၊ ဥပမာ မိဘတွေ ကလေးကဆိုးတယ် ကျောင်းမသွားဘူး အရက်သေစာ သောက်စားတယ်။ 

ဒါပေမဲ့ ထားထားလိုက်ကွာ ပျော်ပျော်ပဲ၊ ဥပေက္ခာ အဲဒီလိုထားတယ်။ နောက် ဒီ standard အနေနဲ့ ချမ်းသာတဲ့လူနဲ့ ဆင်းရဲတဲ့လူ ပြောမယ်ဆိုရင် ဆင်းရဲတဲ့လူတွေက တင်းတိမ် ရောင့်ရဲ ပြီးတော့ ချမ်းသာတဲ့လူတွေက သူတို့ဒါကြောင့် ဒီလိုဖြစ်နေတာ…

 ဒီမတူတဲ့အတိုင်းအတာမှာ သတ်မှတ်ချက်ကို ဘယ်လိုမျိုးသိနိုင်လဲ… ပညာနဲ့တိုင်းတာရမှလား ဥစ္စာနဲ့တိုင်းတာရမှာလား။ အတွင်းစိတ်က ကိုယ်ပျော်ရင် ပြီးတာပဲဆိုပြီးတော့မှ ထားထားရမှာလား။ 

💡 ဖြေ။ ။ ★ နေ့ခင်း section တွေနဲ့ ဆက်စပ်တဲ့ မေးခွန်းပါ၊ ဒါပေမဲ့ မေးမှတော့ ဘုန်းဘုန်းလည်း ဖြေလိုက်တော့မယ်။ Standard နဲ့ ပတ်သတ်တဲ့ဟာတော့ အခွင့်သင့်ရင်လေ စာအုပ်တစ်အုပ်ရှိတယ် Happiness ဆိုတဲ့စာအုပ် တစ်အုပ်ရှိတယ်။ 

★ Matthieu Ricard ဆိုတာ ပြင်သစ်နိုင်ငံသား Cellular biologist နဲ့ biology နဲ့ Ph.D ရပြီးတော့ ဘုန်းကြီး ဝတ်လာတဲ့တစ်ယောက်။ သူရေးတာ ဒါ The New York Times ရဲ့ best seller စာအုပ်ပါ။ Happiness တဲ့။ 

★ အဲဒီအထဲမှာ သုတေသနလုပ်ထားတဲ့ဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်းသုံးဆယ်ကျော်၊ နိုင်ငံပေါင်း(၇၀)ကျော်က တက္ကသိုလ်တွေက လေ့လာတယ်။ Project ပေါင်း တစ်သိန်းကျော် Happiness နဲ့ ပတ်သတ်တာ။ 

★ သူတို့ရဲ့ သုတေသန အသေးစိပ်တော့ ဘုန်းဘုန်း မမှတ်မိဘူး။ စိတ်ဝင်စားစရာ ကောင်းတာ ဒီစာအုပ်ထဲမှာ ဘုန်းဘုန်းက ဒါလေး ဖတ်စေချင်တယ်။ London School of Economic က ဆရာတစ်ယောက်က သူကအများကြီး ကိုးကားထားတာ။ 

★ ဒါ Bank of England ရဲ့ monetary policy ကိုင်တဲ့ဆရာကြီးတစ်ယောက်ပါ။ စီးပွားရေး အရေးပါမှုကို တစ်သက်လုံးလုပ်လာတဲ့ သိလာတဲ့ပုဂ္ဂိုလ်။ နောက်တစ်ခုကတော့ information အနေနဲ့ ဘုန်းဘုန်း ရောက်တော့ ရောက်ခဲတယ် ဘူတန်နိုင်ငံရဲ့ Center for Gross National Happiness အဲဒီကို ရောက်ခဲ့တယ်။ 

★ အဲဒီနေရာမှာ ဒါရိုက်တာလုပ်တဲ့ အောက်စဖို့ဒ်ထွက် ဒကာကြီးနဲ့လည်း သိတယ်။ အဲဒီမှာ သူတို့က happiness ကို national happienss ကို တိုင်းတာနဲ့နေရာမှာ ပညာရေးတွေရော စီးပွားရေးတွေရော နောက်ပြီးတော့ emotion level, positve, negative emotion တွေရော သူ့ရဲ့ parameters တွေက တော်တော်များပါတယ်။ 

★ အဲဒီဟာတွေကို scientific center သုတေသနလုပ်ထားတာတွေ ရှိတယ်။ အခု information ပေးပြီးပြီ ဆက်လေ့လာဖို့အတွက်။ အဲဒီတော့ စမ်းသပ်မှုတစ်ခုအနေနဲ့ ဘုန်းဘုန်း မှတ်မိသလောက်ပြောရရင် အဲဒီ happiness ဆိုတဲ့ စာအုပ်ထဲမှာ စာရေးဆရာ Dr. Matthieu Ricard က အကျဥ်းချုံးထားတဲ့ အကြောင်းအရာ သုံးခုရှိပါတယ်။ 

★ တစ်ခုက ဒီမှာ ဘုန်းဘုန်း ပြောထားတဲ့ genes ဆိုတာ ကိုယ့်ရဲ့ DNA ထဲမှာ။ ခဏခဏကို ဆဲတတ်တဲ့ မိဘက အဲဒီ ဆဲတတ်တဲ့အကျင့် သူတို့ရဲ့ သားသမီးတွေဆီကို pass လုပ်နိုင်လား ပေးနိုင်လား။ ဒီစာအုပ်ကပြောတယ် ပေးနိုင်တယ်တဲ့။ 

 ★ ဘယ်လောက်ထိ ပေးနိုင်တုန်းဆို အဲဒီ Happiness ဆိုတဲ့စာအုပ်က သူက summarize လုပ်ထားတာ။ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းထိ ပေးနိုင်တယ် genes က၊ accountable for 20 to 25%. 

★ နောက် ကျန်တာက ဘာတုန်းဆိုတော့ နောက်ထပ် ၁၀% နဲ့ ၁၅% က အပြင်မှာ ဘယ်သူက ပိုက်ဆံပိုရှိတယ်၊ ဘယ်သူက ပိုက်ဆံပိုနည်းတယ်၊ ဘယ်သူက University degree တက္ကသိုလ် ဘွဲ့ရတယ်၊ ဘယ်သူက မရဘူး။ နေ့ခင်းကြရင် ကြည့်မယ့် Harvard တက္ကသိုလ်က နှစ်ပေါင်း ၇၅နှစ်‌ လေ့လာတဲ့အထဲမှာ ဒီတစ်ခုပါပါတယ်။ အဲဒီဟာက တစ်ခုတဲ့။ 

★ ဒါပေမဲ့ ပိုက်ဆံရှိတဲ့လူနဲ့ မရှိတဲ့လူ၊ နောက်ပြီးတော့ ပညာအရမ်းတတ်တဲ့လူနဲ့ ပညာမတတ်တဲ့လူ သူတို့ရဲ့ ပျော်ရွှင်မှု ကွာခြားချက်က အများဆုံး ၁၅ရာခိုင်နှုန်းပဲ ရှိနိုင်တယ်။ ဒါ ဒီသုတေသန project ပေါင်း တစ်သိန်းကျော်ကန တွေ့ရှိတဲ့ဟာ။ 

★ ဒါဖြင့်ရာခိုင်နှုန်း-၆၀ ကနေ ၆၅-ရာခိုင်နှုန်းက ဘယ်ပေါ်မှာ မူတည်တုန်း။ ကိုယ့်ရဲ့ အမြင်ပေါ်မှာ မူတည်ပါတယ်တဲ့၊ ကိုယ်ရဲ့ outlook ပေါမှာ။ မိုးရွာတယ်ဆိုရင် ပျော်တဲ့လူလည်းရှိတယ်၊ စိတ်ညစ်တဲ့လူလည်း ရှိတယ်။ ဒါ သူ့အမြင် attitude မှာ ကွာသွားတာ။ 

★ ကားကြပ်တယ်ဆိုရင် ကားကြပ်တဲ့အခါမှာ တစ်ယောက်က ကားကြပ်တဲ့လူတိုင်းကို စိတ်ထဲမှာ သနားလည်း၊ သူ့လည်း သနားတယ်။ သနားပြီးတော့ ဒီပြဿနာ ပတ်သတ်ပြီး ဘယ်လိုလုပ်ရရင် ကောင်းမှာလဲဆိုပြီး တွေးတယ်။ 

★ တစ်ယောက်တော့ မဟုတ်ဘူး ရှေ့က‌ကောင်ကလည်းပဲ ငါ့ကားကို လာပြီးတော့ ရှေ့က ကားဆီးကားဆီး လုပ်တယ်ဆိုပြီး‌ ရှေ့ကကားကို ဆဲလိုက်၊ နောက်ကားကို ဆဲလိုက်၊ ဘေးကကားတွေ ဆဲလိုက်။ ပို့ဆက်ဝန်ကြီးကိုဆဲလိုက် အဲဒီလိုပေါ့။ တွေ့တဲ့လူတိုင်း ဆဲလိုက်။ 

★ ဒီ ဘတ်စကား ဒရိုင်ဘာတွေကို ဆဲလိုက်၊ ကားကောင်းကောင်းစီးတဲ့လူတွေကို ဆဲလိုက်။ လှည့်ပြီးတော့ ဆဲနေတာ အဲဒီလူရဲ့ ဦးနှောက်က ဘာအကြံကောင်းမှ မထွက်ဘူး။ 

★ Happiness level ချင်းကွာတာ ပြောပါတယ်။ ဒီနေရာမှာ စိတ်ထားကွာတာ။ အဲဒီ စိတ်ထားက ကိုယ့်လက်ထဲမှာ ရှိတယ်တဲ့။ အဲဒါကြောင့် Ph.D ရတိုင်း၊ ပိုက်ဆံတွေ အများကြီးရှိတိုင်း သူက ပျော်ရွှင်မှုကို monopoly လုပ်လို့မရဘူးတဲ့၊ မရှိဘူး? 

★ အမေရိကန်နိုင်ငံက ပိုက်ဆံအနေနဲ့ဆိုရင် ၁၉၄၉ ကနေပြီးတော့ ၂၀၁၉ခုနှစ်အထိဆိုရင် GDP က သုံးဆတက်တယ်။ ပျမ်းမျှ သုံးဆတက်တယ်။ သုံးဆတက်ပေမဲ့ အရင်ထက် ပိုပြီးများလာလားဆို suicide တွေပိုများလာတယ်။ 

★ Depression က ၂၀ရာခိုင်နှုန်း ရှိတယ်။ အဲဒီတော့ သူက စားစရာမရှိလို့ မဟုတ်ဘူး။ အခု အရေးကြီးတာက ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အရေးကြီးသလို၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအရေးကြီးတယ်။ နှစ်ခုစလုံး အရေးကြီးတယ်တဲ့ Happiness အတွက်၊ အကျဥ်းချုံးလိုက်တော့ ဒါလေး။ 

★ ဒီထဲမှာ တကယ်လို့ ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ တိုးတက်က ကိုယ့်လက်ထဲမှာ အကုန်မရှိဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကတော့ ကိုယ့်လက်ထဲမှာ ရှိနိုင်တယ်။ အနည်းဆုံး ကိုယ့်ပျော်ရွှင်မှုရဲ့ ၆၅ရာခိုင်နှုန်း ကိုယ့်လက်ထဲမှာ ရှိနိုင်တယ်။ မနက်ပိုင်း ဒီလောက်ဆိုရပြီနော်။ သာဓု၊ သာဓု၊ သာဓု။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၉) -

သတိပဋ္ဌာန်ရဲ့ အခြေခံကျင့်စဉ်
 ▬▬▬▬▬▬▬▬▬▬▬▬▬ 
ပထမပိုင်း - အပိုင်း(၉) - ဓမ္မအမေးအဖြေ 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

👨‍🦳 မေး။ ။ တပည့်တော် တရားမှန်မှန်ရှုမှတ်တဲ့အခါမှာ ဘုန်းဘုန်းပြောသလိုပါပဲ ဝင်လေထွက်လေရှုရင်းနဲ့ ဒေါသစိတ်ဖြစ်လာလို့ရှိရင် မကျေနပ်တာတွေ ပေါ်ပေါက်လို့ရှိရင် register လုပ်လိုက်တယ်၊ ဆက်လုပ်တယ် ပြီးရင် release လုပ်ပါတယ်။

ပြီးခဲ့တဲ့လက တပည့်တော် တရားထိုင်တဲ့အခါ မိမိတရားထိုင်တာကို ပြန်ပြီးတော့ မြင်ရသလိုပေါ့ ရှုခင်းကောင်းကောင်းနဲ့ပေါ်မှာ အဲဒါမျိုးဖြစ်တဲ့အခါမှာလည်း တပည့်တော်က register လုပ်တယ်၊ ဆက်လုပ်တယ်၊ ပြီးတော့ release လုပ်ပြီးတော့ ဝင်လေထွက်လေကိုပဲ ပြန်သွားပါတယ် ဘုရား။ အဲဒါ မှန်ပါသလား မှားပါသလား။

💡 ဖြေ။ ။ ★ မှန်ပါတယ် ဒကာကြီး။ သတိပဋ္ဌာန်ရဲ့ အခြေခံကျင့်စဥ်ကတော့ စိတ်ဆိုတဲ့ screen ပေါ်မှာ ဖန်သားပေါ်မှာ တယ်လီဗေးရှင်း screen ပေါ်မှာ ဘာတွေပေါ်လာတယ်၊ အဲဒီဟာကို သိတာ။ သိအောင်လုပ်တာ။ သိအောင် exercise လုပ်တာ။

★ စိတ်ကို စူးရှအောင် ထက်မြက်အောင် ဒါ sharpening လုပ်တာပေါ့နော် သွေးတာပေ့ါ။ အဲဒီလိုလုပ်ပြီးတော့ ကိုယ်က သိလိုက်တယ်ဆိုရင် ကိုယ်သိလိုက်တဲ့ emotion က ကိုယ့်ရဲ့အတွေးကို hijack မလုပ်ဘူး။ မဟုတ်ရင် hijack လုပ်တယ်။

★ Hijack လုပ်တယ်ဆိုတာ အနုကြမ်းစီးသွားတယ်ပေါ့။ အုပ်စိုးသွားပြီးတော့ အနုကြမ်းစီးသွားတယ်။ dominate လုပ်သွားတယ်။ မကျေနပ်တဲ့ အရာလေးတစ်ခု တွေ့တဲ့အခါမှာ မကျေနပ်တဲ့စိတ်လေး ဖြစ်ရင်၊ အဲဒီ မကျေနပ်တဲ့ စိတ်လေး ဖြစ်နေပြီ၊ အဲဒီစိတ်လေးကို ကြည့်နိုင်ရင် အဲဒီ စိတ်ရဲ့ quality လေးကို သိနေတယ်။

★ “အော် ဒီမှာ ရင်ထဲမှာ သူက အရမ်းကို ကြပ်တည်းလာတယ်၊ အပြစ်တင်ချင်တဲ့ စိတ်တွေ ဖြစ်လာတယ် negative emotion တွေ ဖြစ်လာတယ်” အဲဒါလေးကို သိတာလေ စက္ကန့်တစ်ဝက်လောက်ပဲလိုတယ်၊ အချိန်အများကြီး မလိုဘူး။ တစ်မိနစ်တောင် မလိုဘူး စက္ကန့် သုံးဆယ်လောက်ပဲ လိုတယ်။

★ စက္ကန့်သုံးဆယ်အတွင်းမှာ အဲဒါတွေကို အကုန်သိတယ်။ တစ်နေ့တစ်နေ့ကို ၁၅မိနစ် မိနစ်၂၀ တရားထိုင်တဲ့ပုဂ္ဂိုလ် အဲဒီဟာကို သိတယ်။

★ သိပြီးတော့ သူ့ကို ရန်သူလို့ မြင်မယ့်အစား သဘာဝတရားတစ်ခုအနေနဲ့ လက်ခံပြီးတော့ let go လုပ်လိုက်ရင် သူ့ကို လွတ်လိုက်ရင် သူကဦးနှောက်အပေါ်မှာ permanent impact ဒီလိုထာဝရ အကျိုးသက်ရောက်မှုမျိုး မရှိဘူး။

★ မရှိတဲ့အခါကျတော့ ဘာဖြစ်တုန်းဆိုတော့ ဦးနှောက်က သူက negative ဖြစ်တဲ့ neurones တွေ၊ units တွေ သိပ်မတည်ဆောက်တော့ဘူး။ သိပ်မတည်ဆောက်တဲ့ အခါကျတော့ နောက်တစ်ခါ အဆင်မပြေမှုနဲ့ တွေ့ရင် ကိုယ်က အဆင်မပြေမှုမှန်းတောင်မှ သိပ်မသိတော့ဘူး။

 ★ ဥပမာ ကားကြပ်တယ်ဆိုပါတော့။ ကားကြပ်တာကို ကိုယ်က စိတ်ညစ်လာတဲ့အခါမှာ “စိတ်ညစ်နေပြီ ကားကြပ်လို့ စိတ်ညစ်နေပြီ၊ ဒီမှာ စိတ်တိုလာပြီ။”

★ နောက် ဘေးက လူတွေကို ကြည့်တာလည်းပဲ negative အတွေးတွေ ဝင်လာပြီ၊ ရှေ့က ကားကိုလည်း negative အတွေးနဲ့စတွေးပြီ၊ ဘေးကကားကိုလည်း negative အတွေးနဲ့ နည်းနည်စပြီး အမြင်ကပ်လာပြီ။

★ အဲဒီဟာလေး စိတ်လေးတွေ ပြောင်းလဲတာလေးကို ကိုယ်က ကြည့်ရင် နေ့တိုင်းနေ့တိုင်းကြည့်ရင် နောက်ပိုင်းကျတော့ ကားကြပ်မှန်းကို မသိတော့ဘူး။

★ ကားကြပ်တဲ့ ဒဏ်က သိပ်မရှိတော့ဘူး။ ဒီလမ်းဒီလမ်း သွားတာပဲ ခရီးက ဒီလောက်ပဲ သွားတာပဲ အချိန်ကဒီလောက်ပဲ သုံးတယ်၊ တစ်‌ယောက်က အရမ်းကို စိတ်ဖိစီးမှုဖြစ်တယ်၊ တစ်ယောက်က စိတ်ဖိစီးမှု သိပ်မဖြစ်ဘူး။

★ အဲဒီ စိတ်ဖိစီးမှုဖြစ်တဲ့ပုဂ္ဂိုလ်က ဦးနှောက်ထဲမှာကိုက အဲဒီ စိတ်ဖိစီးမှုဖြစ်စေတဲ့ neurones တွေ သူ အများကြီး ထုတ်ထားတာ၊ အဲဒီလို ထုတ်နိုင်အောင် စိတ်ညစ်တိုင်း စိတ်ညစ်တိုင်း ဦးနှောက်ထဲမှာ neurones ထုတ်ပေးတာကိုး။

★ Neurones ထုတ်ပေးရုံတင်မကဘူး ပျော်ရွှင်စေတဲ့ neurones တွေကိုလည်း သူက ပျောက်စေတာ။ သူ့မှာ အလုပ်သွားဖို့ ဒီမှာ ကားရှိနေတယ်၊ လမ်းမလျှောက်ရဘူး မိုးမစိုးဘူးဆိုတဲ့ဟာ မေ့နေတယ်။ ပျော်ရွှင်ရမယ့်ဟာကို သူက မေ့နေတယ်။ အဲဒီလို။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
 ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၈)

ပျော်ရွှင်မှုကို အနှောင့်အယှက်ခံရတဲ့အခါ 
▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၈) - 
ဓမ္မအမေးအဖြေ အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

👱‍♀️ မေး။ ။ တပည့်တော်တို့ meditation လုပ်တဲ့အခါမှာ brain က ဘယ်လိုပြောင်းတယ် ဆိုတာပြတယ်။ ပြတဲ့အခါမှာ ချက်ချင်းပဲ ဖြစ်ပြီးတဲ့အခါမှာ ပြန်ပျက်တာမျိုး ရှိပါတယ်။ Happiness ရပြီးမှ ပြန်ပြီးတော့ ချက်ချင်း တစ်ယောက်ယောက်က ကိုယ့်ကို ဒေါသဖြစ်အောင် လုပ်ရင် ကိုယ်က ခံစားလိုက်တဲ့အခါမှာ ခုန brain ရဲ့ ပြောင်းလဲမှု ကို မြင်လို့မရ‌တော့ဘူး။ 

 💡 ဖြေ။ ။ ★ ပျော်ရွှင်မှုက အနှောင့်အယှက်ခံရတာပေါ့။ အနှောင့်အယှက် ခံရတယ်ဆိုတော့ ကိုယ်က အဲဒီအရာကို အနှောင့်အယှက်လို့ စိတ်ထဲက မြင်မှ အဲဒီလိုတွေးမှ သူက တကယ်အနှောင့်အယှက်ဖြစ်တာ။ 

★ ပထမဆုံးပြတဲ့ video clip (The science behind mindfulness as a tool for happiness | Hedy Kober https://youtu.be/jOIE5xFuWL4) က တရားဟောလို့ ဟောမှန်း မသိဘူး၊ ဘုန်းကြီးတော့ တရားဟောတဲ့အတိုင်းပဲ ဟောသွားတယ်။ 

You can always get what you want. တဲ့ အဲဒီ ဆရာမကြီး ပြောသွားတာ။ ဓမ္မစကြာထဲမှာ “ယံမ္ပိစ္ဆံ န လဘတိ တံမ္ပိ ဒုက္ခံ” တဲ့၊ လိုချင်တာ အမြဲတမ်း မရပါဘူး။ အဲဒါ attitude ကိုပြောတာ။ 

★ အဲဒီ video clip ထဲမှာ ပထမဆုံး video clip မှာ သူပြောတာ နှစ်ခုကို ပြောတယ် Attention နဲ့ Attitude. သတိရှိဖို့ရယ် နောက်တစ်ခုက သဘောထားမှန်ကန်ဖို့ရယ်။ 

★ သဘောထားမှန်ကန်ဖို့ဆိုတာက ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်အောင် လုပ်တဲ့လူတစ်ယောက်ကို ကိုယ်က သနားလိုက်ရင် သနားတဲ့စိတ် မွေးလိုက်ရင်၊ တကယ်လို့ ကိုယ်က နည်းနည်း စိတ်ညစ် သွားတယ်ဆိုရင် စိတ်ညစ်သွားတဲ့ မိမိကိုယ်ကိုလည်း ကိုယ်က ပြန်ပြီးတော့ သနားလိုက်ရင် ဦးနှောက်က ပြောင်းသွားတယ်။ 

★ စိတ်ညစ်‌ရင် နောက်ပိုင်းက ဦးနှောက် amygdala က အလုပ်လုပ်တယ်၊ သနားရင် ရှေ့က hippocampus က အလုပ်လုပ်တယ်။ စိတ်ညစ်တာက ဒေါသ၊ အဘိဓမ္မာလိုပြောရင် ဒေါသ အခြေခံတဲ့စိတ် ဒေါသမူစိတ်ခေါ်တယ်။ 

★ သနားတယ်ဆိုရင် ရှေ့မှာ ကရုဏာလို့ခေါ်တဲ့ ဗြဟ္မစိုရ်တရား လေးပါးထဲက ကုသိုလ်စိတ်နဲ့ စေတသိက်က အလုပ်လုပ်တယ်။ ချက်ချင်းပြောင်းသွားတာ။ 

★ ဒီဟာကို Yale က ဆရာမကြီးက Economic forum မှာ သူရတာမှ ၇မိနစ်ပဲရတယ်တဲ့ ပြောဖို့အတွက်။ အဲတော့ techinal term တွေ စိတ်တွေ စေတသိက်တွေ သူက မခွဲ‌တော့ဘူး၊ ဘာတစ်ခု ပြောလိုက်တုန်း attitude အဲဒီလိုပြောတာ။ 

★ အဲဒါကြောင့် စိတ်ဟိုလွှင့်ဒီလွှင့် လွှင့်တာကို failure ဆုံးရှုံးမှုတစ်ခု မစွမ်းဆောင်နိုင်မှုတစ်ခု အနေနဲ့ ကိုယ်မြင်တဲ့အခါကျမှ ကိုယ်က စိတ်ပျက်တာ။ အဲဒီလို မမြင်ဘဲနဲ့ သူ့ကို သဘာဝတရားတစ်ခုအနေနဲ့ မြင်တယ်၊ လူတိုင်းမှာ ဒီ သဘာဝတရားလေး ဖြစ်တတ်တယ်၊ စိတ်လွှင့်တာလေး ဖြစ်တတ်တယ်။ 

★ အခု အတူတူ တရားထိုင်တာ ၁၀မိနစ် ဘုန်းဘုန်း လည်း စိတ်လွှင့်တယ်။ ခုနတုန်းက ပြောသွားတဲ့ဟာ ဘာများလိုနေတုန်းဆိုပြီး စိတ်ကရောက်သွားတယ်။ အခုပြောတဲ့ဟာ တရားထိုင်ဖို့ instruction ထဲမှာ ဘာများလိုတုန်းဆို စိတ်က သွားတွေးမိတာ။ 

★ တွေးမိတာ‌လေးကို စိတ်က တွေးတယ် တွေးမိတယ်၊ သွားပြီးတော့ သိလိုက်တယ် မှတ်လိုက်တယ်ပေါ့။ မှတ်လိုက်တဲ့အခါကျတော့ အဲဒီလို အလိုအလျောက် သွားပြီးတော့ တွေးတဲ့စိတ် လွှင့်တဲ့စိတ်ကို ဘုန်းဘုနး်က ရန်သူလို့ မမြင်တော့ဘူး။ 

★ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း I am a failure. ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် judge မလုပ်ဘူး၊ ကောင်းတယ် ဆိုးတယ် မဝေဖန်တော့ဘူးပေါ့။ ကောင်းတယ်ဆိုးတယ် ဝေဖန်မယ့်အစား ဖြစ်လာတဲ့အတွေးကို ဖြစ်လာတဲ့ အတွေးတစ်ခုလို့ပဲ သိလိုက်တယ်။ 

★ အဲဒီလိုဖြစ်ရင်တဲ့ အရင်က ဖြစ်ခဲ့တဲ့ happiness က အရမ်းကြီး သူ မထိခိုက်ဘူး။ ဒါလေး ပြန်မှတ်ထားပေါ့။ နှစ်ခု ရှိပါတယ်။ တစ်ခုက အာရုံစိုက်တာ Attention လို့ခေါ်တယ်။ အာရုံစိုက်တာ ဘာဖြစ်နေတယ်ဆိုတာကို သိပြီးတော့ အာရုံစိုက်တာ။ 
★ နောက်တစ်ခုက Attitude, attitude ဆိုတာက သဘောထားမှန်ကန်ဖို့။  
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၇)

သတိပဋ္ဌာန် တရားရှုမှတ်ခြင်း - Mindfulness Meditation 
▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၇) 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

🧘🏻‍♂️🧘🏻‍♀️လက်တွေ့စမယ်၊ တရားထိုင်မယ်။ Mindfulness Meditation လုပ်မယ်။

 ★ ပထမဆုံး ၁-မိနစ်လောက်ပဲ ၀င်လေထွက်လေကို ကြည့်မယ်။ ၀င်လေကြည့်တဲ့အခါမှာ… ၀င်လေ ၁ ၂ ၃ … အဲဒီလိုရေတွက်ပါ။ ထွက်လေကို ၃ ၂ ၁ …

★ အဲလို ၁-မိနစ် ကြည့်ပြီးပြီဆိုရင် ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ sensation တွေ ကိုယ် သတိပြုမိလာလိမ့်တယ်။ ခန္ဓာကိုယ်က လေးနေသလား? ညောင်းနေသလား? အေးနေသလား? ဒါမှမဟုတ် ခန္ဓာကိုယ်က ပင်ပန်းနေသလား? အဲဒါလေးတွေ တွေ့လာတယ်။

★ အဲဒီ sensation ဆိုတဲ့ ဝေဒနာလေးတွေ တွေ့လာရင် အဲဒီ ဝေဒနာနဲ့ သွားပြီးတော့ ရန်မဖြစ်နဲ့။ အဲဒီ ဝေဒနာလေးကို သနားတဲ့စိတ်နဲ့ ကြည့်ပေးပါ။

★ ဝေဒနာက ကိုယ့်ကိုလာပြီးတော့ ရန်ဖြစ်တာ မဟုတ်ဘူး။ ဒီလို ဖြစ်ရမယ်ဆိုပြီးတော့ သူ့ကို အမိန့်သွားမပေးပါနဲ့။ သူ့အရှိကို အရှိအတိုင်း အဖြစ်ကိုအဖြစ်အတိုင်း သနားတဲ့စိတ် ကရုဏာစိတ်လေးနဲ့ ကြည့်လိုက်ပါ။

★ ခန္ဓာကိုယ်က လေးလံတယ်ဆိုရင် လေးလံတဲ့ခန္ဓာကိုယ်ကို ကရုဏာစိတ်နဲ့ကြည့်ပေးပါ သနားတဲ့စိတ်။ ဒီခန္ဓာကိုယ်ကို ကိုယ့်ခန္ဓာကိုယ်ကို သနားတဲ့စိတ်နဲ့ ကြည့်ပေးပါ။

★ နောက် ၀င်လေထွက်လေ ဆက်လက်ပြီးတော့ မှန်မှန်လေး ရှူပေး…

★ သနားတဲ့စိတ်ဆိုတာ positive emotion, အဲဒီ positive emotion ဖြစ်တာနဲ့ ဦးနှောက်က ရှေ့ပိုင်းကအလုပ်လုပ်သွားတယ်။ မကြိုက်တဲ့စိတ် ချက်ချင်းဖြစ်တယ်ဆိုရင် ဒီခန္ဓာကိုယ်ရဲ့ sensation ကို မကြိုက်တာနဲ့ ဦးနှောက်ရဲ့ အနောက်ပိုင်းက အလုပ်လုပ်တယ်။

★ ဘုန်းဘုန်း term တွေ မပြောတော့ဘူး၊ လွယ်ကူအောင် မကြိုက်တဲ့စိတ်ဖြစ်ရင် ကြောက်တဲ့စိတ်ဖြစ်ရင် ဦးနှောက်ရဲ့ နောက်ပိုင်းက အလုပ်လုပ်တယ်တဲ့။ ဒါ တိရစ္ဆာန်တွေလည်း ရှိတဲ့ ဦးနှောက်ပါ။

★ သနားတယ်ဆိုရင်တော့ ရှေ့ပိုင်းက ဦးနှောက်က အလုပ်လုပ်ပါတယ်။ အဲဒီ ဦးနှောက်ကတော့ လူသားမှာပဲ ရှိပါတယ်။ အဘိဓမ္မာတက်တဲ့လူတွေ တိဟိတ်ပဋိသန္ဓတို့ ဘာတို့ အဲဒါမျိုးတွေ ပြောကြတာ ဒါကတော့ စာစကားပေါ့။

★ အဲဒီ တိဟိတ်ပဋိသန္ဓကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားက ဒီရှေ့ပိုင်းက ဦးနှောက်ပဲ။ အဲဒီ sensation ကို fight and flight သူနဲ့သွား ရန်မဖြစ်နဲ့။ ထွက်လည်း မပြေးနဲ့။

★ အဲဒီ sensation တွေကို ကြည့်ပြီးတော့ သနားတဲ့စိတ်နဲ့ အော် ခန္ဓာကိုယ်ပင်ပန်းနေတယ်၊ ခန္ဓာကိုယ် နားချင်နေတယ်၊ ပင်ပန်းနေတာ နားလည်တယ်။ တစ်ဦးတည်းသော ရင်သွေးပင်ပန်းသလို အနားပေးသလို ဒီခန္ဓာကိုယ်ကိုလည်း ဝင်လေထွက်လေ ကျကျနနရှူရှိုက် ပြီးတော့ သူ့ကို နားလည်ပေးပါ။

★ သူ့ကို ကြင်နာမှုလေးပေးပါ၊ နွေးထွေးမှုလေးပေးပါ။ Sensation ပြီးရင် ခေါင်းထဲမှာပေါ်လာတဲ့ အတွေးတွေ ဘာလုပ်ရမှာတုန်း၊ ဘာကတော့ မလုပ်မိဘူး၊ အဲဒီလို အတိတ်က အတွေးတွေ ရောက်သွားရင် ရောက်သွားမယ် အတိတ်ကို။

★ အနာဂတ်ကို အတွေးတွေ ရောက်ရင်ရောက်သွားမယ်။ မလုပ်ရသေးတဲ့ဟာတွေ။ အဲဒီ အတွေးကိုလည်းပဲ တွေးနေတယ်… တွေးနေတယ်… တွေးနေတယ်လို့ပဲ သိလိုက်ပါ။ ပြီးရင် အဲဒီ အတွေးတွေကို ဖြတ်သန်းခွင့် ပေးလိုက်ပါ။

 ★ သူ့ကို သွားပြီးတော့ စွဲကိုင်မထားနဲ့၊ အဲဒီ အတွေးတွေကို ယုံလည်း မယုံကြည်နဲ့။ ငြင်းလည်း မငြင်းပယ်နဲ့။ အကောင်းအဆိုး မဝေဖန်နဲ့။ ဒါကတော့ အတွေးပါ ဆိုပြီးတော့ auto thinking ဒါအတွေးပါဆိုပြီး အဲဒီလောက်လေးပဲ သိလိုက်ပါ။ ပြီးရင် ဝင်လေထွက်လေဆီကို ပြန်လာပါ။

🧘🏻‍♀️🧘🏻‍♂️ဘုန်းဘုန်းတို့ ၁၀-မိနစ်လောက် တရားထိုင်မယ်။ ဝင်လေ ၁ ၂ ၃… ထွက်လေ ၃ ၂ ၁…

★ ကြွက်သားတွေ တင်းနေသလား၊ နဖူးတဝိုက် မျက်နှာပြင် ပခုံး ကြွက်သားတွေ တင်းနေသလား၊ တင်းနေတယ်ဆိုရင် အဲဒီမှာရှိတဲ့ sensation ခံစားမှုလေး အဲဒါလေးကို လိုက်ပြီးတော့ သိလိုက်ပါ၊ လက်ခံလိုက်ပါ။ တင်းနေတယ်ဆိုရင် တင်းနေတယ်… တင်းနေတယ်… ပင်ပန်းနေတယ်ဆိုရင် ပင်ပန်းနေတယ်… ပင်ပန်းနေတယ်… ပင်ပန်းနေတာ မပင်ပန်းဘူးဆိုပြီး သူ့ကို force မလုပ်နဲ့။

🧘🏻‍♀️🧘🏻‍♂️ ★ ခေါင်းထဲမှာ မရပ်မနား ပြေးလွှားနေတဲ့ အတွေးတွေ အဲဒီ အတွေးတွေလည်းပဲ resist မလုပ်နဲ့ သွားပြီးတော့ မတားနဲ့။ သူရှိနေတာကို အသိအမှတ်ပြုလိုက်ပါ၊ acknowledge လုပ်လိုက်ပါ၊ register လုပ်လိုက်ပါ။ Automatic အတွေးတွေဖြစ်နေတယ်… Automatic အတွေးတွေဖြစ်နေတယ်….

 ★ အဲဒီလိုလေး လက်ခံလိုက်ပါ။ စိုးရိမ်စိတ် anxiety ဖြစ်တယ်ဆိုရင် Anxiety လည်းတွေ့တယ်… Anxiety လည်းဖြစ်နေတယ်… ဆိုပြီးတော့ မေတ္တာစိတ်နဲ့ လက်ခံပေးပါ။ စိုးရိမ်နေတာလား မေတ္တာစိတ်ဖြင့် စိုးရိမ်တဲ့စိတ်ကို လက်ခံပေးပါ။ ဒီနေ့ စနေနေ့ ဘာလုပ်ရမယ် ညာလုပ်ရမယ် လုပ်စရာတွေ အများကြီးရှိသေးတယ်။

★ စိတ်က လုပ်ရမယ့်အလုပ်ဆီကို ရောက်သွားတယ်ဆိုရင် anxiety ဖြစ်နေတယ်၊ လုပ်ရမယ့်အလုပ်ကို မျက်စိထဲမှာ ဆက်တိုက်ပေါ်နေတယ်ဆိုရင် ပေါ်နေတာလေး လက်ခံပြီးတော့ ကြည့်ပေးပါ။

★ ဝင်လေ ထွက်လေ ပုံမှန်လေး ရှူရှိုက်ပြီးတော့ မိမိအတွေးရယ် emotion ရယ် sensation ရယ် အဲဒီ သုံးခုကို ဂရုစိုက်ပြီးတော့ ကြည့်ပေးပါ။

★ Sensation - ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တဲ့ဝေဒနာ၊ emotion - စိတ်ထဲမှာဖြစ်တဲ့ ဝေဒနာ၊ နောက်ပြီးတော့ အတွေးတွေ ဒီသုံးခုကို ကြည့်ပေးပါ။ တွေ့တယ်ဆိုရင် ကရုဏာစိတ်နဲ့ မိခင်စိတ်နဲ့ လက်ခံပေးပါ။

★ သူတို့လေးတွေနဲ့ သွားပြီး ရန်မဖြစ်နဲ့။ ရန်ဖြစ်ရင် ဦးနှောက်ထဲမှာ ရန်ဖြစ်တဲ့ neurones တွေ အသစ်တည်ဆောက်ပြီးသား ဖြစ်သွားလိမ့်မယ်။ ကရုဏာ compassion နဲ့ ဆက်စပ်တဲ့ neurones တွေပဲ တည်‌ဆောက်ရ‌အောင်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်၊ လူမူဆက်ဆံရေးအတွက်လည်း ကောင်းတယ်၊ အတွေးလည်း ကောင်းတယ်။

🧘🏻‍♂️🧘🏻‍♀️ဝင်လေထွက်လေ ပြန်သွားပါ။ ဝင်လေထွက်လေ ပြန်ကြည့်ပါ။ ဝင်လေ ၁ ၂ ၃... ရေတွက်ပါ၊ ကျကျနန အသက်ရှူပါ။ ထွက်လေ ၃ ၂ ၁… ကျကျနန ရှူထုတ်ပါ။ အောက်ဆီဂျင် လိုအပ်တဲ့ ဒီခန္ဓာကိုယ် သနားတဲ့အနေနဲ့ ဝင်လေရှူရှိုက်ပါ။

🧘🏻‍♀️🧘🏻‍♂️ အချိန် ၁၀မိနစ် ပြည့်ပါပြီ၊ မျက်လုံးဖွင့်လို့ ရပါပြီ။
★ မေးခွန်းရှိရင် မေးရင် မေးနိုင်တယ်၊ နေ့လယ်စာ မစားခင် နောက်ထပ် ၁၅မိနစ်လောက် အချိန်ရပါတယ်၊ မေးခွန်းတွေ ရှိရင် မေးနိုင်တယ်။ ဒီလိုတိုတိုလေးတွေ တရားထိုင်တာ ၃မိနစ် ထိုင်တာရော၊ ၅မိနစ် ထိုင်တာရော၊ ၁၀မိနစ် ထိုင်တာရော ဘုန်းဘုန်း တစ်နေရာနဲ့တစ်နေရာ အဲဒီလိုဟာမျိုးတွေ သင်ပေးဖူးပါတယ်။

★ အဲဒါ စိတ်တွေ ဟိုရောက်ဒီရောက် ရောက်နေတဲ့ ဟိုသွားဒီသွား သွားနေတဲ့စိတ်နဲ့ ရန်မဖြစ်ဘူးဆိုရင် ဟိုသွားဒီသွား သွားနေတဲ့စိတ် wandering mind အဲဒီလွင့်နေတဲ့ စိတ်ကို လွင့်နေမှန်း သိလိုက်တာနဲ့ ဦးနှောက်ကို မထိခိုက်ဘူး၊ ဒီလိုပြောရမှာပေါ့။

★ လွင့်နေတာကို မသိဘူး၊ မသိရုံတင် မကဘူး၊ သိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်တယ်၊ ကိုယ့်ကို ပြန်ပြီး အပြစ်တင်တယ်ဆိုရင် ဒါ ဒေါသ ပါသွားပြီ။ အဲဒါ ဆိုရင်တော့ ဦးနှောက်က တခြားတစ်နေရာကနေ အလုပ်လုပ်တယ်။ နောက်ပိုင်းက အလုပ်လုပ်တယ်။ ဒေါသ ပါသွားပြီ ဒီလိုဆိုချင်တယ်။

★ ဓမ္မ အမေးအဖြေများ ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ

အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက်-အပိုင်း(၆)

လူအများစုက ပျော်ရွှင်တဲ့ အရာလေးတွေးမိပြီဆိုရင် ငြိမ်းချမ်း‌ရေးက မခက်ပါဘူး ▬▬▬▬▬▬▬▬▬▬▬▬▬ ပထမပိုင်း - အပိုင်း(၆) 
အိမ်နှင့်လုပ်ငန်းခွင်မှာ လန်းတဲ့စိတ် ဆန်းတဲ့ဦးနှောက် 

 ★ ဘုန်းဘုန်း မှန်းထားတာက section လေးခုရှိတယ်၊ ဒီမနက်ကို ဒါ mindfulness, pure mindfulness ရိုးရိုး သတိပဋ္ဌာန်နဲ့ပြီးအောင် ဘုန်းဘုန်းက ကြိုးစားပြီးတော့ ပြောနေတယ်။ နောက် video clip ရှိသေးတယ်။ 

★ နေ့ခင်းကျရင်တော့ မုဒိတာအကြောင်းတွေပဲ ပြောမယ်၊ မုဒိတာရယ်၊ နောက် မုဒိတာရဲ့ ရန်သူတွေ၊ မုဒိတာလုပ်တဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိတယ်၊ ဘယ်လို လွယ်ကူမှုရှိတယ်။ နေ့ခင်းကျရင် အဲဒါ လုပ်မလို့။ 

★ ဒီမနက်ကျတော့ သတိပဋ္ဌာန် mindfulness ဘယ်လိုအရေးကြီးတယ်ဆိုတာ ပြောပြဖို့အတွက် videoclip လေးနောက်တစ်ခု ကျန်သေးတယ် ဒါလေး ကြည့်လိုက်ရအောင်။ 15 Habits of Happy People 

😄 Happiness Habits to Improve Your Life https://youtu.be/HO39Xyipusw 

★ Happiness ပျော်ရွှင်မှုနဲ့ ပတ်သတ်ပြီးတော့ mainstream က တွေးတာလေးကို သိစေချင်တာ။ ဒီဗီဒီယိုပြတဲ့ အကြောင်းရင်းကတော့။ Mainstream က တွေးတဲ့နေရာမှာ သူ focus လုပ်တဲ့ဟာတွေက အများစု EQ quality, inner quality တွေ။ 

★ ပျော်ရွှင်တဲ့ပုဂ္ဂိုလ် သူက ပိုပြီးတော့ ဖန်တီးစွမ်းအားကောင်းတယ် creativity ကောင်းတယ်။ သူပြောပြသွားတဲ့ ၁၅ချက်ထဲမှာ နံပါတ် ၁၁ အဲဒီလိုဖြစ်တယ်။ 

★ နောက်ပြီးတော့ ပျော်ရွှင်တဲ့ ပုဂ္ဂိုလ်တွေက အများအတွက်တွေးပြီးတော့ အများအတွက် ပြန်ပြီးတော့ လုပ်ပေးတယ်တဲ့၊ giving back နံပါတ် ၁၀။ 

★ အရမ်းကို ကပ်စီးနဲ့တဲ့ ပုဂ္ဂိုလ်က သူကိုယ်၌ကိုက မပျော်ရွှင်လို့။ စိတ်ထဲမှာ မလုံမခြုံဖြစ်နေလို့။ အချိန်အရလား၊ သူတို့ သိထားတဲ့ အသိဉာဏ်အရလား၊ ငွေကြေးဆိုင်ရာလား၊ social network အနေနဲ့လား အဲဒါပြန်ပြီးတော့ ပေးတယ်တဲ့ မျှဝေပေးတယ်ပေါ့။ 

★ အကောင်းမြင်ဝါဒရှိတယ် optimistic ဖြစ်တယ်၊ အဆင်မပြေမှုနဲ့ တွေ့တယ်ဆိုလည်း စိတ်ထဲမှာ အမြဲတမ်း တအုံနွေးနွေး သိမ်းမထားဘူးတဲ့။ အဲဒီဟာကို သူတို့က over come လုပ်နိုင်တယ်။ မြန်မြန်ဆန်ဆန် process လုပ်နိုင်တယ်။ 

★ တချို့လူတွေက process မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပြီးခဲ့တဲ့ ပထမဆုံး video နဲ့ ဒုတိယ video အရဆိုရင် သူက ဦးနှောက်အထိ ရောက်နေတော့ ဦးနှောက်က ပြောင်းလဲသွားတယ်။ ဒါပေမဲ့ အဲဒီဦးနှောက်တွေကိုလည်းပဲ ကောင်းတဲ့ဖက်ကို ပြန်ရောက်အောင် ပြောင်းလဲနိုင်တယ်။ 

★ အရင်တရားပွဲတွေတုန်းက ဟောထားတဲ့ဟာနဲ့ ပြန်ပြီးတော့ချုံးလိုက်ရင် သူပြောတဲ့ ၁၅ချက်က ဘာတုန်းဆိုတော့ ပျော်ရွှင်တဲ့ပုဂ္ဂိုလ်က အများအတွက်တွေးတဲ့ပုဂ္ဂိုလ်၊ အများအတွက်တွေးတဲ့ပုဂ္ဂိုလ်က ပျော်ရွှင်တဲပုဂ္ဂိုလ်။ အများအတွက်လည်းတွေးတယ်‌ ပျော်လည်းပျော်တယ်ဆိုရင် ဒီပုဂ္ဂိုလ်က creative ဖြစ်တယ်တဲ့။ 

 ★ ပြဿနာ တွေ့တယ်ဆိုရင် ဒါ ကိုယ် တစ်ဦးတည်းရဲ့ပြဿနာလား အများရဲ့ပြဿနာလား တိုင်းပြည်ရဲ့ပြဿနာလား အဲဒီလိုပြဿနာမျိုးကို တွေ့ကြုံတဲ့အခါမှာ ဖြေရှင်နေရာမှာ သူက creative ဖြစ်တယ်။ အဲဒါကြောင့် အောင်မြင်တယ်‌ပေါ့။ 

★ ဘုန်းဘုန်း တမြန်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးအစည်းအ‌ဝေး သွားတက်ပြီးတော့ စိတ်ထဲမှာ ဘာဖြစ်တုန်းဆိုတော မိန့်ခွန်းတွေနားထောင်တာလေ တစ်‌ယောက်ကပြောတယ်။ ဘုန်းဘုန်းတို့ရဲ့ ပြည်တွင်းစစ်က ကမ္ဘာပေါ်မှာ အကြာဆုံး ဖြစ်သွားပြီတဲ့။ ဘုန်းဘုန်းက ‌ရှော့ခ်ဖြစ်တယ်။ 

★ နှစ်ပေါင်း ၇၀လောက်။ ဘုန်းဘုန်းက ၅၅နှစ်ပဲရှိသေးတယ်၊ တစ်သက်လုံး ပြည်တွင်းစစ်နဲ့ ကြီးလာတယ်ဆိုပါစို့။ အသက် ၇၀အောက်လူတွေ၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ခေါင်းဆောင်တွေရော ပြည်သူတွေရော အများစုက ဒီထဲမှာ ကြီးပြင်းလာတယ်။ 

★ ဒီပြဿနာကို ဖြေရှင်းဖို့က ဘုန်းဘုန်းတို့ creativity လိုနေတာ။ အဲဒီ creative mind က creative brain က ဘယ်ကနေလာရမှာတုန်းဆို happy brain ကနေလာရမှာ။ 

★ ဒါကြောင့်‌ တွေ့တဲ့လူတိုင်းကို စိတ်ညစ်အောင် လုပ်မယ့်အစား ဒီနေ့ တရားနာပရိတ်သတ်တို့ ကိုယ်နဲ့တွေ့တဲ့လူတိုင်းကို ကိုယ့်ကို မကြိုက်တဲ့လူတောင်မှ အဲဒီလူကို စိတ်သက်သာအောင် စိတ်ချမ်းသာအောင် ကိုယ်လုပ်နိုင်တယ်ဆိုရင် ဘုန်းဘုန်းထင်တယ် ဒါကတော့ တကယ့ ဘုရားလောင်း အဆင့်လောက်ရောက်သွားပြီ။ 

★ အဲဒီအဆင့် မ‌ရောက်နိုင်လဲပဲ အဲဒီလမ်းစဥ်နောက်ကို လိုက်တယ်ဆိုရင် ဘုန်းဘုန်းထင်တယ် ငြိမ်းချမ်းရေးကတော့ ရသွားမှာ။ ဒါကတော့ ၁၄ရက်နေ့က ပြီးခဲ့တဲ့ ၂ရက်နေ့က နေပြည်တော်မှာ မိန့်ခွန်းအတိုလည်း သွားပြောရင်းနဲ့ နောက် လူကြီးတွေပြောတာ နားထောင်ရင်းနဲ့ ဒီအတွေးလေး ပေါ်လာတယ်။ 

★ ဒါကြောင့် ဒီနေ့ ကိုဇေယျာတို့ မခိုင်တို့က ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ ဒီ workshop လုပ်တယ်ဆိုပေမဲ့ ဒီ workshop ကို ဘုန်းဘုန်းက တနိုင်ငံလုံးကို ရည်ရွယ်ပါတယ်။ 

★ Mindful brain နဲ့ Happy brain ရှိရင် We become more creative and we can solve our problem. ကိုယ့်ရဲ့စိတ်ထဲမှာက ဘာဖြစ်နေတယ်၊ ဦးနှောက်ထဲမှာ ဘာဖြစ်နေတယ်။ ဒါ သတိပဋ္ဌာန်က သင်တဲ့ဟာပဲ၊ တကယ့် basic ဟာပဲ။ 

★ ဘုန်းဘုန်းတို့ နိုင်ငံမှာ ရိပ်သာတစ်ထောင်ကျော်တယ်။ အခု ဆက်ပြီးတော့ နည်းနည်းလေး ပြောရမှာတော့ brain အကြောင်းပြောဖို့ပဲ။ သတိပဋ္ဌာန်အကြောင်းကတော့ ပြောလာတာ ကြာပြီ၊ နှစ်ပေါင်း တစ်ထောင် နှစ်ထောင်လောက်ရှိပြီ။ ဒီနိုင်ငံအနေနဲ့။ 

★ ဦးနှောက်အကြောင်းပြောဖို့ ပြောပြီးရင် သတိပဋ္ဌာန်နဲ့ ဦးနှောက်က လုပ်နိုင်တဲ့ဟာကို ရိပ်သာမှာတင် confine လုပ်မထားဘဲနဲ့ အိမ်မှာလည်း အသုံးပြုနိုင်ဖို့ လုပ်ငန်းခွင်မှာလည်း အသုံးပြုနိုင်ဖို့ ဒါလေးတွေ များများပြောဖို့လိုအပ်တယ်။ 

★ ကုမ္ပဏီတွေမှာရော ဝန်ကြီးဌာနတွေမှာရော ဘုန်းဘုန်းက ဒီလို workshop မျိုး လက်ခံတာလေ တိုင်းမှူးတွေ ပင့်တာလည်း လက်ခံထားတယ် ဒီရက်အတွင်းမှာ။ ဒီတစ်ခုကပဲ message က ဒီတစ်ခုပဲ။ 

★ ဒို့ မြန်မာနိုင်ငံသား တွေ့တဲ့လူတိုင်းကို ပျော်ရွှင်တဲ့အရာလေးတစ်ခု ဘာပေးနိုင်တုန်း။ ★ ဒီတစ်ခုတွေးမိတယ် လူအများစုက တွေးမိပြီဆိုရင် ဘုန်ုးဘုန်းတို့ ငြိမ်းချမ်းရေးက ဒီလောက်အထိ မခက်တော့ဘူးလို့ ဘုန်းဘုန်း ယူဆတယ်။ 

★ လူတွေအများစုက unhappy ဖြစ်နေတယ်ဆိုရင် ဘုန်းဘုန်းတို့ ဥပေဒပညာရှင်တွေ နိုင်ငံရေးသိပ္ပံပညာရှင်တွေကို ဘယ်လောက်ပဲတော်‌တော် သူတို့ရဲ့အလုပ်က မလွယ်ကူးဘူး။ 

★ လွယ်ကူအောင် ဆိုရင်တော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဦးနှောက်ပေါင်း သန်းငါးဆယ်ကျော်ကို Happy brain ဖြစ်အောင် လုပ်ရမယ်။ ဆက်လက်ဖော်ပြပါမည်။  
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ 🙏🙏🙏

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...