Monday, September 14, 2020

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ မြန်မာနိုင်ငံကကျောင်းတွေ ဘယ်အချက်ကွာခြားလဲ

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်းတွေကို တက္က သိုလ်တွေသင်တန်းကျောင်းတွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ .. အစရှိသဖြင့် လူငယ်တွေရှိတဲ့နေရာတွေမှာလည်း ကျင်းပလေ့ရှိတာကို တွေ့ရ ပါတယ်။ 

ဆရာတော်ဟာ လူငယ်တွေကို အလေးထားလျက်က သူတို့ရှိတဲ့ နေရာတွေအထိ သွားရောက်ပြီး တရားသင်တန်းများ ပို့ချပေးခြင်းဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ နားလည်ရပါတယ်။ တရားသင်တန်းများပို့ချရာမှာလည်း ဆရာတော်ဟာ အမေးအဖြေကဏ္ဍကိုထည့်သွင်းပြီး လူငယ်တွေရင်ထဲက ဝိရောဓိဖြစ်နေတဲ့အကြောင်းအရာတွေ၊ မရှင်းမလင်းမသေမချာ ဖြစ်နေတဲ့ကိစ္စတွေ၊ သိချင်နေတဲ့အကြောင်းတွေကို ရှင်းလင်းအဖြေပေးတော်မူလေ့ရှိပါတယ်။ 

'အမေးအဖြေကဏ္ဍ'မှာ ကျောင်းသားလူငယ်လေးတွေ မေးတဲ့တချို့မေး ခွန်းတွေက စိတ်ဝင်စားစရာကောင်းပြီး တန်ဖိုးလည်းရှိလှတာကိုတွေ့ရပါတယ်။ မေးမြန်းခွင့် မရရှာတာများတဲ့ ပညာရေးစနစ်ကြီးထဲက ကျောင်းသားလူငယ်တွေခမျာ မေးခွန်းထုတ်ခွင့်၊ မေးခွန်းမေးခွင့်ရတဲ့အခါ စနစ်ကြီးတစ်ခုလုံးကို မေးခွန်း ထုတ် ဝေဖန်တာမျိုးတွေတောင် တွေ့ရပါတယ်။ နေပြည်တော်က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ တရား သင်တန်းပွဲတစ်ခုမှာ တွေ့ရတဲ့မေးခွန်းတစ်ခုက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 'တပည့်တော်တို့ မြန်မာနိုင်ငံ၏ပညာရေးနှင့် အခြားနိုင်ငံ တိုးတက်ဖွံ့ဖြိုး နေသော နိုင်ငံများ၏ ပညာရေး ဘာကွာခြားမှုရှိပါသနည်း။ 

တပည့်တော်တို့၏ ပညာရေးသည် အလွတ်မှတ်၊ ဒါကျက်ဒါဖြေနှင့် အလွတ်ကျက်ပညာရေးကြီး ဖြစ်သောကြောင့် ဆုတ်ယုတ်နေရပါသလား။ ဖင်လန်နိုင်ငံ၏ ပညာရေးသည် အိမ်စာ လုပ်ချိန်နည်းပါးပြီး၊ စာသင်ချိန်လည်းနည်းပါးသော်လည်း ကမ္ဘာ့အကောင်း ဆုံးပညာရေးစနစ် အဘယ်ကြောင့် ဖြစ်နေရပါသနည်း။ ဘုန်းဘုန်းတက်ခဲ့သော အောက် စဖို့ဒ်တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ကျောင်းများ ဘယ်အချက် ကွာခြားနေပါသလဲဘုရား' ...တဲ့။ 

အလွတ်ကျက်ပညာရေးနဲ့ စခန်းသွားနေရတဲ့ လူငယ်တွေက အောက်စဖို့ဒ် တက္ကသိုလ်နဲ့ မြန်မာနိုင်ငံကကျောင်း ဘာတွေများကွာနေပါသလဲ၊ ဟိုး တိုးတက် ပြီးနိုင်ငံတွေနဲ့ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံလေးက ပညာရေး ဘာတွေကွာခြားမှု ရှိပါသလဲ ..တဲ့။ အောက်စဖို့ဒ်တက္ကသိုလ်က ဒေါက်တာဘွဲ့ယူပြီးပြန်လာတဲ့ ဆရာတော် ဒေါက်တာဓမ္မသာမိကို မေးပါတယ်။ မေးခွန်းထဲမှာ ကျောင်းသား လူငယ်တွေ မျှော်လင့်တဲ့ အနာဂတ်တစ်ခုကို ထင်ထင်ရှားရှားမြင်ရနိုင်ပါတယ်။ အောက်စဖို့ဒ်ဆရာတော်ကတော့ 'အပြစ်တင်တဲ့ ပုံစံမျိုးမဖြစ်အောင် ဘုန်းဘုန်း ကြိုးစားပြီးတော့ ပြောပါ့မယ်'လို့ စကားခံရင်းက အနောက်နိုင်ငံများရဲ့ ပညာရေးစနစ်အကြောင်းကို ရှင်းပြတော်မူပါတယ်။ 

✿ ကျောင်းသားတွေကို ယုံကြည်တယ် အနောက်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကျောင်းသားတွေရဲ့ အရည်အသွေးကို ယုံကြည်တဲ့ စနစ်ဖြစ်တယ်။ ကျောင်းသားတွေရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းကို လက်ခံတယ်။ ကျောင်းသားတစ်ယောက်ရဲ့ အတွေးအခေါ်က ဆရာရဲ့အတွေး အခေါ်နဲ့ မတူဘူးဆိုရင်တောင်မှပဲ အဲဒီကျောင်းသားရဲ့တွေခေါ်မျှော်မြင်နိုင်စွမ်း ကို ကန့်သတ်မထားဘူး၊ လက်ခံတယ် .. လို့ ဆရာတော်က ရှင်းပြပါတယ်။ 

ကျောင်းသားဟာ လက်ညှိုးထောင် ခေါင်းညိတ်အဆင့်မဟုတ်ဘဲ ဆရာ ပြောသမျှကို ဝေဖန်ဆန်းစစ်နိုင်တယ်၊ စာဖတ်ပြီး အချက်အလက်တွေ ရှာဖွေရင်း သူ့နည်းသူဟန်နဲ့ ယုတ္တိရှိအောင်တွေးတဲ့ ကျောင်းသားဆိုရင် ဆရာတွေက အားပေးကြတယ်လို့လည်း သိရပါတယ်။ အားလုံးကိုခြုံပြီး အဓိကအချက်တစ်ခုတည်းကိုပြောပါဆိုရင်တော့ ကျောင်း သားကိုယုံကြည်တာပါပဲ ... လို့ ဆရာတော်က မိန့်ကြားတော်မူပါတယ်။ ပညာရေးစနစ်ဟာ စိတ်နေသဘောထားနဲ့လည်း သက်ဆိုင်တယ်လို့ အောက် စဖို့ဒ်ဆရာတော်က ဆိုပါတယ်။ 

အကြောက်တရားနဲ့ကြီးပြင်းခဲ့ရတဲ့ ပုဂ္ဂိုလ်တစ် ယောက်ဟာ သူမသိတဲ့အကြောင်းအရာ၊ သူမရင်းနှီးတဲ့ကိစ္စရပ်တွေကို မြင်ရရ ရင် ကြောက်စိတ်ဝင်တတ်ပြီး အဲဒီလိုကြောက်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သာ ဆရာဖြစ်နေမယ်ဆိုရင် သူဟာ သူနဲ့မတူတဲ့၊ သူ့အတွေးနဲ့ တခြားစီဖြစ် တဲ့ ယူဆချက်တွေ၊ အတွေးအခေါ်တွေကိုမြင်ရင် စိတ်ထဲမှာ ထိတ်လန့်နေတတ် တယ်လို့ ရှင်းပြတော်မူပါတယ်။ 

ဒီအကြောက်တရားကပဲ မေးခွန်းမေးမြန်းခွင့်ကို ခွင့်ပြုတော့ဘဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကတော့ ဖြန့်ကျက်တွေးတတ်တဲ့ကျောင်း သားရဲ့ ဆင်ခြင်တွေးတောနိုင်စွမ်းတွေ အင်အားလျော့ နည်းကုန်တာပါပဲ။ ဆရာတော်က မှတ်ချက်ပေးဆွေးနွေးခြင်းမပြုပေမယ့် 'ကျောင်းသားတွေ ကိုယုံကြည်ခြင်း'ဆိုတဲ့အချက်ဟာ အနောက်နိုင်ငံက ပညာရေးစနစ်နဲ့ ကျွန် တော်တို့နိုင်ငံရဲ့ ပညာရေးစနစ် ကွာခြားချက်ပဲ ဖြစ်ပါမယ်လို့ ယူဆပါတယ်။ သူတို့ဆီက ကျောင်းသားဗဟို ပြုစနစ်ဖြစ်ပြီး ကျွန်တော်တို့ဆီမှာတော့ ဆရာ ဗဟိုပြုစနစ်ရယ်လို့လည်း ပြောလို့ရနိုင်ကောင်း မယ်ထင်ပါရဲ့။ 

✿ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ပညာရေးမူဝါဒ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ပညာရေးမူဝါဒကတော့ ကျောင်းသားကျောင်း သူတွေ လွတ်လွတ်လပ်လပ်တွေးခေါ်စဉ်းစားတတ်အောင်သင်ကြားပေးပြီး ဆရာ ရဲ့သင်ကြားချက်စဉ်းစားချက်တွေနဲ့ ကွဲပြားခြားနားလေ ကောင်းလေလို့ အားပေးတဲ့ မူဝါဒဖြစ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ 

 ဥပမာ- ဗိသုကာပညာရှင်တစ်ယောက်က အခန်းတစ်ခုက အပူချိန်များပြီး အိုက်စပ်ပူလောင် နေတာဟာ မျက်နှာကျက်နှိမ့်လို့ဖြစ်တယ်လို့ သုံးသပ်ကောက် ချက်ချတယ်။ ဒါကို ဗိသုကာပညာ ရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်း သူတစ်ယောက်ယောက်က Direction(ဦးတည်ရာ) လိုနေလို့ရောမဖြစ်နိုင် ဘူးလားလို့ စောဒကတက်ခဲ့ရင်လည်း အဲဒီကျောင်းသားကျောင်းသူရဲ့ စောဒနာ ကို အယူအဆတစ်ခုအနေနဲ့ အားပေးတယ်လို့ ဆိုပါတယ်။ 

 အောက်စဖို့ဒ်တက္ကသိုလ်မှာ ဆရာတစ်ယောက်ဟာ ကျောင်းသားကျောင်း သူ ၄ ယောက်၊ ၅ ယောက်ကိုသာ သင်ကြားပေးပါတယ်။ ရက်သတ္တပတ် ၈ ပတ်ကို စာသင်နှစ်ရဲ့သင်တန်း ကာလတစ်ခုအဖြစ် သတ်မှတ်ပိုင်းခြားထား ပြီး သင်တန်းကာလသုံးခုရှိပါတယ်။ သင်တန်းကာလတစ်ခုအဖြစ်သတ်မှတ် ထားတဲ့ ၈ ပတ်အချိန်ကာလမှာ ဆရာက ခေါင်းစဉ် ၈ ခုပေးပြီး လေ့လာမှု ပြုလုပ်ခိုင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ 

 ဥပမာ နေပြည်တော်အကြောင်း လေ့လာမယ်ဆိုရင် (၁)သဘာဝပတ်ဝန်းကျင် (၂)စီးပွားရေး (၃)လုံခြုံရေး (၄)ပညာရေး အစရှိသဖြင့် အပိုင်းတွေခွဲပြီး တစ်ပတ်ကိုခေါင်းစဉ်တစ်ခု လေ့လာကြတာဖြစ်ပါတယ်။ 

ဆိုကြပါစို့၊ နေပြည်တော်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လေ့လာ မယ်ဆိုရင် (က) နေပြည်တော်က ပေါင်းလောင်းဆည်နဲ့ဘယ်လောက်ဝေးသလဲ (ခ) ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေကို ဘယ်လိုဆက်သွယ်လဲ (ဂ) နေပြည်တော်မှာ မြေဧကပေါင်း ဘယ်လောက်ရှိပြီး သစ်တောမြေ ဘယ်လောက်၊ စိုက်ပျိုးမြေဧကဘယ်လောက် .. အစရှိသဖြင့် အဲဒီလိုအပိုင်းကဏ္ဍတွေခွဲပြီး ကျောင်းသားတွေက လေ့လာကြရတာဖြစ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ကဏ္ဍတစ်ကို လေ့လာမယ်ဆိုရင် ဆရာဘက်က (၁) ဖတ်ရမယ့်စာအုပ်တွေကို သတ်မှတ်ရွေးချယ်ပေးတယ်။ 

(၂) မေးခွန်း ၂ ခု၊ ၃ ခုပေးထားတယ်။ ကျောင်းသားက - (၁) ကိုယ်ကြိုက်တဲ့ မေးခွန်းကိုရွေး ရတယ် (၂) စာအုပ်ဖတ်ပြီး သိလာတဲ့ အကြောင်းအရာတွေကို ကိုယ့်အတွေးအမြင် အယူအဆနဲ့ ပေါင်းစပ်ပြီး စကားလုံး ၂ဝဝဝ နဲ့ အက်ဆေး(စာတမ်း)ရေးရ တယ်လို့ ဆိုပါတယ်။

 ပညာရေးနဲ့ပတ်သက်တာတွေကို လေ့လာမယ်ဆိုရင် ဆရာဖြစ်တဲ့သူဟာ နေပြည်တော်ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေအားလုံးဖတ်ပြီး သူ့ရဲ့ ကျောင်းသားတွေကို ဘယ်စာအုပ်ဖတ်သင့်တယ်ဆိုတာ ညွှန်းပါတယ်။ 

ပြီးမှ မေးခွန်း ၂ ခု၊ ၃ ခု ထုတ်ပေးကာ ကျောင်းသားက သူကြိုက်တဲ့မေးခွန်းကို ရွေးချယ်ပြီး ဆရာညွှန်းတဲ့စာအုပ်တွေကိုဖတ်ပြီး စကားလုံး ၂ဝဝဝ နဲ့ ကိုယ့် အတွေးနဲ့ကိုယ် အက်ဆေး (စာတမ်း)ရေးပြီး ဆရာဆီတင်ရတာမျိုးဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။ ဆရာဆီကို စာတမ်းပို့တဲ့အခါမှာလည်း ဆရာနဲ့တွေ့ဖို့မလိုဘဲ သတ် မှတ်ထားတဲ့နေရာကို ပေးပို့ရုံပါပဲ။ ဆရာဖြစ်တဲ့သူက အဲဒီအက်ဆေး (ဝါ) စာတမ်းငယ်ကို အဆင့် ၃ ဆင့်နဲ့ စစ်ဆေးပါတယ်။ 

(၁) ပေးထားတဲ့ခေါင်းစဉ်၊ ပေးထားတဲ့မေးခွန်းကို နားလည်မလည်။ (၂) ဖတ်ဖို့ညွန်းလိုက်တဲ့ စာအုပ်တွေ ဖတ်၊ မဖတ်။ (၃) ဖတ်တဲ့စာထဲက concept(အယူအဆ၊ အမြင်သဘောထား)ကို နားလည်ရဲ့လား၊ conclusion(ကောက်ချက်ချသုံးသပ်ချက်)လုပ်ထားတာ ကိုယ် ပိုင်အယူ အဆနဲ့လား။ ဘယ်ရှုထောင့်ကနေ သုံးသပ်ထားသလဲ ... ဆိုတဲ့ အချက်တွေကို ဆရာဖြစ်တဲ့သူက သုံးသပ်စစ်ဆေးတယ်လို့ အောက်စဖို့ဒ်ဆရာ တော်က ရှင်းပြပါတယ်။ 

✿ မေးခွန်းမေးတတ်အောင်သင်ပေးတာ ကျောင်းသားတွေဘက်ကလည်းပဲ စာသင်ခန်းတစ်ခုမှာ ကျောင်းသား ၄ ယောက်ရှိရင် ၃ ယောက်ကပဲ ဆရာနဲ့မတွေ့ခင်တစ်ရက်ကြိုပြီး ဆရာ့ဆီကို စာတမ်းပို့ထားရတာဖြစ်ပါတယ်။ ဆရာ့ဆီကို စာတမ်းတင်ဖို့မလိုတဲ့တစ် ယောက်က ဘာလုပ်ရသလဲဆိုရင် အတန်းထဲမှာ စာတမ်းခေါင်းစဉ်တစ်ခုကို ရှင်းလင်းတင်ပြရပါတယ်။

 အဲဒီကျောင်းသား present လုပ်တဲ့ အကြောင်း အရာကိုပဲ ဆရာဆီစာတမ်းတင်ထားတဲ့ ကျောင်းသား (၃) ယောက်က ဆွေး နွေး၊ ငြင်းခုန်၊ အယူအဆခြင်းအပြန်အလှန်ဖလှယ်ကြတာမျိုး လုပ်ကြတာဖြစ် ပါတယ်။ အတန်းရှေ့ထွက်ပြီး လုပ်ရတဲ့ presentation ဟာ အလှည့်ကျစနစ်နဲ့ လုပ်ကြရတာလည်းဖြစ်ပါတယ်။ 

အဲဒီ ဆွေးနွေးမှုဖြစ်စဉ်ကြီးတစ်ခုလုံးကို စာတမ်းရေးခိုင်းခဲ့တဲ့ ဆရာက ထိန်းကျောင်းလမ်းပြပြီး 'ဒီလိုလည်းတွေးနိုင်တယ်'၊ 'သူပြောတာ ဟုတ်တယ်'၊ 'ခင်ဗျားတွေးတဲ့ဟာက ဒီလိုရော မဖြစ်နိုင်ဘူးလား' ... စသဖြင့် မေးခွန်း တွေ ထပ်မေး၊ ဝင်ဆွေးနွေးတာမျိုး လုပ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ 

အဓိကကတော့ မေးခွန်းမေးတတ်အောင် သင်ပေးတာပဲလို့ ဆရာတော်က သူဖြတ်သန်းသင်ကြားခဲ့ရတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ပညာရေးကို မှတ်ချက် ပြု ပြောဆိုပါတယ်။ 

 ဒါကြောင့် ကျောင်းသားကျောင်းသူတွေကို စာဖတ်ပါလို့ အထူးတိုက်တွန်း ဖို့မလိုအပ်ဘဲ ကျောင်းသား ကျောင်းသူတိုင်း စာဖတ်ကြပြီး စာကြည့်တိုက်က လည်း ၂၄ နာရီ ဖွင့်ပေးထားတယ် လို့ ဆိုပါတယ်။ စာမေးပွဲဖြေရင်လည်း ၁ဝဝ မှာ ၉၈ ယောက် အောင်မြင်ပြီး ကျတဲ့ ၂ ယောက်ကိုလည်းပဲ ၃ ပတ် အတွင်း ပြန်ဖြေနိုင်အောင် ဒုတိယအကြိမ် အခွင့်အရေး ပေးသေးတယ်လို့ သိရ ရပါတယ်။ 

 ကျောင်းသားကျောင်းသူတစ်ယောက်ယောက် စာမေးပွဲကျခဲ့ရင်လည်း ကျောင်း သားညံ့လို့လား၊ ဆရာညံ့လို့လား၊ စနစ်ကညံ့လို့လား ဆိုပြီး အဆင့်ဆင့်အဖြေ ရှာကြလေ့ရှိတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ကျောင်းသားတစ်ယောက် စာမေးပွဲကျခဲ့ရင် ကျောင်းသား ရဲ့အပြစ်သာဖြစ်ပြီး ဆရာမှာလည်း အပြစ်မရှိ၊ စနစ်မှာလည်း အပြစ်မရှိ၊ ကျောင်းမှာလည်း အပြစ် မရှိဘဲ 'ကျောင်းသားညံ့လို့စာမေးပွဲကျတာ'သာဖြစ်ကြောင်း ယူဆလေ့ရှိတာကို လည်း ဆရာတော်က ထောက်ပြပြောဆိုပါတယ်။

 အောက်စဖို့ဒ်ဆရာတော်က 'အမှန်ကတော့ စနစ်က လိုတာလည်း ရှိတယ်။ ကျောင်းက လိုတာလည်း ရှိတယ်။ ဆရာက လိုတာလည်း ရှိတယ်။ ဘေး ပတ်ဝန်းကျင် လိုတာလည်း ရှိတယ်။ သူ့ရဲ့ လိုအပ်ချက်လည်း ရှိတယ်' လို့ ရှင်းပြတော်မူပါတယ်။ 

✿ ကိုးရီးယားက အမေကိုသတ်တဲ့သား အောက်စဖို့ဒ်ဆရာတော်ရှင်းပြတော်မူတဲ့ စာမေးပွဲအကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားစရာရှိတာက 'စာမေးပွဲရမှတ်တစ်ခုတည်းပေါ်မှာသာ အခြေခံပြီး အဆင့် သတ်မှတ်တာဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးရာ ရောကမနေဘူးလား' ဆိုတဲ့ မေးခွန်းပါပဲ။ ကိုရီးယားတိုင်းမ်မှာ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက 'ကျောင်း သားတစ်ဦးက သူ့မိခင်ကိုသတ်၊ အလောင်းကို ၈ လခန့် ထိန်ဝှက်ထားခဲ့' ဆိုတဲ့ သတင်းခေါင်းစဉ်ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ဖူးပါတယ်။ 

(အဲဒီအကြောင်းကို http://www.koreatimes.co.kr/…/…/nation/2011/11/117_99498.htm မှာ ဖတ်နိုင်ပါတယ်။) အဲဒီအကြောင်းကို ဇင်ဝေသော် ဘာသာပြန်ရေးသားထားတဲ့ 'ကမ္ဘာ့သုခမိန် လေးများ(သူတို့ရဲ့ ပညာရေးမာရသွန်)' အမည်နဲ့ ဘာသာပြန်ရေးထားတဲ့ စာအုပ်မှာ အခုလိုတွေ့ရပါတယ်။ 

(မူရင်းစာအုပ်ကThe Smartest Kids In the World ဖြစ်ပြီး ရေးသားသူက Ammanda Ripley ဖြစ်ပါတယ်။) 'ဂျီ(Ji)လို့ အမည်ရတဲ့ ဆယ်ကျော်သက် ကလေးတစ်ယောက် ဆိုးလ်မြို့က အိမ်မှာပဲ သူ့အမေကို ဓားနဲ့ထိုးသတ်ခဲ့တယ်။ အကြောင်းရင်းက မိဘဆရာ အစည်းအဝေးကို သူ့အမေတက်ရင် သူ့စာမေးပွဲရမှတ်နဲ့ ပတ်သက်လို့ လိမ်ညာ ခဲ့တာတွေ အလိမ်ပေါ်ကုန်မှာစိုးလို့။ သူက သူ့အမေကို မတက်စေချင်ဘူး၊ သူ့အမေကလည်း တက်ကိုတက်မှာ။ 

ဒါကြောင့် သူက စိတ်လိုက်မာန်ပါ ဓားနဲ့ထိုးလိုက်တာ။ အဲသလို ဖြစ်ပွားပြီးခဲ့တဲ့နောက် သူက အဲဒီလူသတ်မှုကို ၈ လအထိ ဘယ်သူမှ မသိအောင် ထိန်ဝှက်ထားခဲ့တယ်။ သူကတော့ ဘာမှမဖြစ်သလို ကျောင်းသွားလိုက်၊ အိမ်ပြန်လာလိုက်ပဲ။ သူ့အိမ်နီးနားချင်းတွေက သူ့အမေ မမြင်လို့ မေးတဲ့အခါ သူ့အမေ တခြားမြို့ကို သွားနေတယ်လို့ပဲ ပြောထားတယ်။ နောက်ပြီး အနံ့အသက်တွေအပြင်မထွက်အောင် သူ့အမေရဲ့ အခန်းတံခါးတွေ ကိုလည်း ကော်တွေ၊ တိပ်တွေနဲ့ လေလုံအောင် ပိတ်ဆို့ထားတယ်။ 

နောက် ဆုံးတော့ သူတို့နဲ့ ချစ်ချစ်ခင်ခင် မရှိလှတဲ့ သူ့အဖေရောက်လာတော့မှ လူ သေကောင်ကို တွေ့ပြီး တရားခံရှာဖွေပြီးတဲ့နောက် သူလည်း လူသတ်မှုနဲ့ အဖမ်း ခံရတော့တာပါပဲ။ ဒီအဖြစ်အပျက်က ပညာရေးနဲ့ဆက်စပ်နေတဲ့ ဝမ်းနည်းကြေကွဲစရာနောက် ခံအကြောင်း အရာတွေကို လက်ညှိုးထိုးပြလိုက်သလိုဖြစ်နေတယ်။ 

ဂျီရဲ့ မိခင်ကို သတ်မှုဟာ ကိုးရီးယားအများစု ထင်မျတ်ထားကြသလို အထီးကျန်ဆန်မှု စိတ် ရောဂါကြောင့်မဟုတ်ဘဲ အပူတပြင်း မောင်းနှင်နေတဲ့ ပညာရေးက ကလေးတွေ ကို ဆင်ခြင်တုံတရားမဲ့ သွားစေခြင်း ကြောင့်သာ ဖြစ်ပါတယ်။ (ကမ္ဘာသုခမိန်လေးများ၊ စာ-၁ဝ၅) တရားလွန်တောင်းဆိုတဲ့ မိခင်ရယ်၊ ရက်စက်ပြီး ပြိုင်ဆိုင်မှုပြင်းလှတဲ့ ပညာရေးစနစ်ရယ်၊ အဲဒီနှစ်ခုကြားမှာ ပိတ်မိပြီး စိတ်ထင်ရာလုပ်လိုက်မိတဲ့ ကလေးတစ်ယောက်ရယ် .. 

အဲဒီဇာတ်လမ်းဟာ ဘယ်လောက်အထိများ ကြေကွဲစရာကောင်းလိုက်ပါသလဲ။ 'စာမေးပွဲ ရမှတ်တွေကို ပြန်ကြည့်ရင် ဂျီရဲ့ရမှတ်ဟာ တစ်နိုင်ငံလုံးရှိ ဘယ် ကျောင်းမဆို ထိပ်တန်း ၁ ရာခိုင်နှုန်းထဲမှာ ပါဝင်နေပါတယ်။ ဂျီပြောပြချက် အရ သူ့အမေ သူ့ကိုပြောတာက ဘာပဲဖြစ်ဖြစ် မင်းက နံပါတ် ၁ ဖြစ်နေရ မယ်ပါပဲ။ 

သူရဲ့ စာမေးပွဲရမှတ်နည်းသွားရင် သူ့အမေက သူ့ကို ရိုက်တယ်၊ အစာမကျွေးဘူး။ ဂျီရဲ့ ထွက်ဆိုချက် ဇာတ်လမ်းတွေကို ကြားရတော့ ကိုးရီးယားလူထုကြီး က သေဆုံးသွားတဲ့ အမေထက် ကျန်ရစ်တဲ့သားကိုတောင် ပိုပြီး ကရုဏာ သက်ကြပါသေးတယ်။ အထက်တန်းကျောင်းသား ဂျီရဲ့ ထွက်ဆိုချက်တွေကို ကိုယ့်ဖွင့်ဆိုချက်တွေနဲ့ တွဲပြီး သုံးသပ်သူတွေက သုံးသပ်ကြတယ်။ 

တချို့ဆို ရင် မိခင်ဖြစ်သူဟာ လူသတ်မှုဖြစ်ပွားအောင် သူကိုယ်တိုင်ဖန်တီးခဲ့တာလို့တောင် ဆိုကြပါသေးတယ်' (ကမ္ဘာသုခမိန်လေးများ၊ စာ-၁ဝ၆) 'ဒီလိုဖြစ်ခဲ့ရပြီးနောက်မှာ သူ့အိပ်မက်ထဲအထိ သူ့အမေက သူ့ကိုဘယ်လို ခြောက်လှန့်နေတယ်ဆိုတာ စစ်ဆေးမေးမြန်းနေတဲ့ ရဲတွေကို မျက်ရည်တွေနဲ့ ဂျီက ဖွင့်ဟဝန်ခံခဲ့တယ်။ 

တရားရုံးက သူ့ကို ထောင်ဒဏ် ၁၅ နှစ်ချမှတ် ခဲ့ပေမယ့် အခြေအနေအရပ်ရပ်ကို ပြန်လှန်သုံးသပ်ပြီး တရားသူကြီးက သူ့ကို ထောင်ဒဏ် သုံးနှစ်ခွဲပဲ ကျခံစေခဲ့ပါတယ်။'

 (ကမ္ဘာသုခမိန်လေးများ၊ စာ-၁ဝ၆) 'ကမ္ဘာမှာ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံတွေ ဘယ်လောက်ပဲ ကွဲပြားနေပါ စေ၊ ပညာရေးအကောင်းဆုံးဆိုတဲ့ နိုင်ငံတွေရှိ ကျောင်းသားမိဘအများစုက ပညာရေးမှာ စည်းကမ်းက အရေးကြီးတယ်လို့ နားလည် ထားကြပါတယ်' (ကမ္ဘာသုခမိန်လေးများ၊ စာ-၃၃၃)လို့ဆိုပါတယ်။ 

စည်းကမ်းက အရေးကြီး တယ်ဆိုသည့်တိုင်အောင်ပဲ ဝန်နဲ့အားမျှအောင်၊ တရားလွန်တောင်းဆိုတာမျိုး တွေမဖြစ်အောင် မိဘနဲ့သားသမီးအပြန်အလှန် ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေး မျိုး တည်ဆောက်သင့်တယ်ဆိုတာဟာ ဂျီရဲ့ဖြစ်ရပ်ဆိုးက ထင်ရှားတဲ့သက်သေ ပါပဲ။ 

 ✿ မျှော်လင့်ရင်းကပဲ ဒီစာစုရဲ့အစမှာ ဖော်ပြခဲ့တဲ့ မေးခွန်းအပေါ် ဆရာတော်ပြန်လည်ဖြေဆိုခဲ့ တာတွေကို ပြန်ကြည့်ရင် အခုလိုတွေ့ရပါတယ်။ 

(၁) မြန်မာနိုင်ငံ၏ပညာရေးနှင့် အခြားတိုးတက်ဖွံ့ဖြိုးနေသော နိုင်ငံတွေရဲ့ ပညာရေးဘာကွာခြားမှုရှိပါသလဲဆိုတဲ့ အမေးကိုတော့ 'ကျောင်းသားကိုယုံကြည် မှုပေးခြင်း'မှာ ကွာတယ်လို့ ရှင်းလင်းပြခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ 

(၂) အလွတ်မှတ်၊ ဒါကျက်ဒါဖြေနှင့် အလွတ်ကျက်ပညာရေးကြီး ဖြစ်သော ကြောင့် ဆုတ်ယုတ်နေရပါသလား .. ဆိုတဲ့ အမေးကိုတော့ 'တချို့စနစ်တွေ က ပြန်သုံးသပ်ဖို့ကောင်းတယ်'လို့သာ မှတ်ချက်ပြု မိန့်ကြားတော်မူခဲ့ပါတယ်။ 

(၃) အောက်စဖို့ဒ်တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ကျောင်းများ ဘယ်အချက် ကွာခြားနေပါသလဲ .. ဆိုတဲ့မေးခွန်းကိုတော့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ သင် ကြားနည်းစနစ်တွေကို ပြောပြရင်း ရှင်းလင်းပေးတော်မူခဲ့ပါတယ်။ အောက်စဖို့ဒ်ဆရာတော်က 'တချို့ဟာတွေက မေးခွန်းထုတ်တာမဟုတ်ဘူး၊ တချို့ဟာတွေက အမှတ်စစ်တာ။ Assessment System မျိုးမဟုတ်ဘူး။ အဲဒါမျိုးတွေပေါ့။ Education နဲ့ ပတ်သက်ပြီးပြောရရင်တော့ အများကြီးပေါ့။ ဒီထက်ပြောရရင်တော့ လူတစ်ယောက်ယောက်နဲ့ ဘုန်းဘုန်းက ရန်ဖြစ်ရလိမ့် မယ်။ 

ဒါကြောင့် ဒီလောက်နဲ့ ကျေနပ်ပါလို့ တောင်းပန်ပါတယ်'လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်က အပြစ်တင်ခြင်းအလျဉ်းမရှိဘဲ ပညာရေးစနစ်တွေရဲ့ ခြားနားခြင်းကို နှိုင်းယှဉ်ရှင်းပြတော်မူသွားခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုသည့်တိုင်အောင်ပဲ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးစနစ် တစ်ခုဆီရောက်ဖို့ကတော့ အတော်လေး အချိန်ယူရဦးမယ့်ပုံပါပဲ။

 ကလေးတစ်ယောက် ခေါင်းထဲမှာ စာဘယ်လောက်မှတ်မိနေသလဲ၊ စာသင်ခန်းထဲမှာ ဆရာတွေက ကလေးရဲ့ခေါင်းထဲ စာတွေ ဘယ်လောက်ရောက်အောင် ရိုက်သွင်း ပေးနိုင်သလဲဆိုတာကို စစ်ဆေးတဲ့ စာမေးပွဲတွေထက် လက်တွေ့ဘဝအတွက် ဘယ်လောက်ပြင်ဆင်ထားနိုင်ပြီလဲဆိုတာကို ပြောပြနိုင်တဲ့ စာမေးပွဲတွေကျင်း ပနိုင်ဖို့အတွက် ခရီးရှည်ကြီး ကျွန်တော်တို့ ဖြတ်သန်းကြရဦးမှာပါ။ မဝေးဘူး၊ ရောက်လုပြီလို့ အားတင်းရင်းနဲ့သာ။

 ငြိမ်းချမ်းသာ သုဝဏ္ဏသျှမ် စာပြီးရက်စွဲ ၇-၉-၂ဝ၂ဝ ရည်ညွှန်းကိုးကား/- 
၁။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဟောကြားတော်မူခဲ့သည် 'အများအတွက်ပါတဲ့ပညာရေး(Pro-Social Learning)တရားတော် အမေးအဖြေကဏ္ဍ 
၂။ ဇင်ဝေသော်၊ ကမ္ဘာ့သုခမိန်လေးများ(သူတို့ရဲ့ပညာရေးမာရသွန်)

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...