Saturday, October 26, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း (၁၁)

ငါတို့ အဆင်ပြေရင်ပြီးတာပဲဆိုတဲ့ စိတ်မျိုးထားရင်  
   ကိုယ် အကြာကြီး အဆင်မပြေနိုင်ဘူး  
----------============---------
★ ဒီနေ့ညနေ တရားလေးကိုပြန်ပြီးတော့ အကျဉ်းချုံးလိုက်ရင် ဗုဒ္ဓမြတ်စွာဘုရားက ဘုန်းဘုန်းတို့ ဂေါတမမြတ်စွာဘုရားက ဗျာဒိတ်ရပြီးတော့ ပါရမီဖြည့်ချိန်ကစပြီးတော့ သူများရဲ့ဒုက္ခကို လုံးလုံးလျားလျား စိတ်ဝင်စားတယ်။ 

★ သူများဒုက္ခကို စိတ်ဝင်စားလို့ အဲဒီဒုက္ခတွေ ဘယ်ကနေ လာတာပါလိမ့်? အကြောင်းတွေ လိုက်ရှာတာ။ ဘယ်လို ကူညီပြီးတော့ ဖြေရှင်းရမှာပါလိမ့်? အဲဒါတွေ တွေးတယ်။ တောထဲမှာ တရားသွားထိုင်တဲ့အချိန် ဥပမာ ရသေ့ဖြစ်တဲ့အချိန် အဲလိုအချိန်တွေမှာတောင်မှ သူများအတွက် သူတရားသွားထိုင်တာ။ 

★ နောက်ဆုံးဘဝ သိဒ္ဓတ္တမင်းသားဘဝမှာလည်းပဲ နန်းတော်ကို စွန့်တာလဲ အများအတွက်စွန့်တာ။ တရားသွားထိုင်တာ တရား သွားကျင့်တာ ခြောက်နှစ်ပတ်လုံးကျင့်တာ အဲဒါကလဲ အများအတွက် ကျင့်တာ။ အဲဒါကို ဉာတ္တစရိယာ လောကတ္တစရိယာ လို့ ခေါ်တယ်။ 

🍃သူများကို ကူညီဖို့အတွက် သူများရဲ့ ဒုက္ခစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်၊ အဲလို သူများရဲ့ဒုက္ခ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ဆိုရင် “ငါ့လှေ ငါ့ထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ အမြင်မျိုး မဖြစ်တော့ဘူး။ 

🔺အဲလိုဖြစ်တဲ့ ပုဂ္ဂိုလ်လည်းပဲ သူများရဲ့ပြဿနာ သူရဲ့ပြဿနာ မှန်မှန်ကန်ကန် စိတ်ဝင်စားပြီးတော့ မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်အောင် ကိုယ် ဘယ်လို ကူညီပေးနိုင်မှာလဲဆိုတဲ့ အသိမျိုး အဲလိုအတွေးမျိုးပဲ တွေးပါတဲ့။ 

★ အဲလို အတွေးမျိုးတွေးတယ်ဆိုရင် သူများရဲ့ပြဿနာကို စိတ်ဝင်စားတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သားသမီးတွေ ဖြစ်သွားပြီ၊ သားသမီးတွေ ပီသသွားပြီ။ ဘယ်သူ ဘာပဲဖြစ်ဖြစ် ငါတို့ ဖူလုံနေရင်ပြီးတာပဲ ငါတို့ အဆင်ပြေရင်ပြီးတာပဲဆိုတဲ့ စိတ်မျိုးထားရင် ကိုယ်အကြာကြီး အဆင်မပြေနိုင်ဘူး။ 

★ #ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေက #အဆင်မပြေဘူးဆိုရင် #ကိုယ်ဘယ်လောက်ပဲအဆင်ပြေပြေ ကိုယ် #အများကြီးမပြေနိုင်ပါဘူး။ 

★ အမေရိကန်နိုင်ငံက သူ့ဟာသူ အဆင်ပြေတယ်။ သူဘယ်လိုလုပ် ပြေနိုင်မှာလဲ သူ့အိမ်နီးနားချင်းနိုင်ငံတွေ အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် မက်ဆီကိုကလူတွေ နောက် တခြားနိုင်ငံကလူတွေ ဒုက္ခသည်အနေနဲ့ ရောက်လာတယ်။ သူတို့မှ အဆင်မပြေတာကိုး။ 

 ★ အာရပ်နိုင်ငံတွေမှာ အုပ်ချုပ်တဲ့စော်ဘွားတွေက ရေနံတွေ အများကြီးထွက်တယ်။ အဲဒီရေနံတွေကို သူတို့အတွက်ပဲ သူတို့ အသုံးပြုတယ်။ လူတွေ ပြည်သူတွေ ဘာလိုဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဂရုမစိုက်တဲ့အခါကျတော့ အခု ဘာဖြစ်လာလဲ? ဆူပူလာတယ်။ တခြားနိုင်ငံကိုရော တကမ္ဘာလုံးရောပါ သွားပြီးတော့ ထိခိုက်တယ်။ 

★ ဒါကြောင့် ငါအဆင်ပြေရင်ပြီးပြီ ဆိုပြီးတော့ အဲလို အာရပ်စော်ဘွားတွေလို ငါ အဆင်ပြေရင် ပြီးပြီ ပြည်သူတွေကိုလဲ ငါ ကျွေးထားရင် ပြီးပြီဆိုပြီးတော့ မသေရုံလောက်ဘဲ ကျွေးထားတာ အဲဒါမျိုးကတော့ ရေရှည်မသွားနိုင်ပါဘူး။ 

★ ဗုဒ္ဓမြတ်စွာဘုရားက ဘုရားလောင်းဖြစ်စဉ်တုန်းလိုပဲ နေမိဇာတ်ဆိုရင်လဲ အကုန်လုံး လမ်းတွေခင်းတယ်၊ စီးပွားတွေ ကောင်းအောင် လုပ်ပေးတယ် အဲဒါမျိုးတွေ။ အမတ်ဖြစ်တဲ့အချိန် မဟောသဓာအမတ်တို့ ဘာတို့ဆိုရင်လဲ သူက တခါတခါ သူ့ဘုရင်က မဟုတ်တာ မဟောသဓာထဲကြည့်ရင် ဝေဒဟဘုရင်က ပုံမမှန်တာ။ 

★ တခါတခါကျတော့ ဟိုဘက်နိုင်ငံက မင်းသမီးချောချောလှလှ နောက်ကိုပါသွားပြီး တခါတည်း ရာဂတွေ ယစ်မူးနေရော။ ဟိုဖက်က ထောင်ချောက်တွေဆင်ထားတာ သူမသိဘူး။ အဲဒါကို မဟောသဓာအမတ်ကြီးက ဘာပဲဖြစ်ချင်ဖြစ်ဆိုပြီးတော့ ဘုရင်ရဲ့ဒုက္ခကို ဒီတိုင်းပြစ်ထားတာ မဟုတ်ဘူး။ သူလည်းပဲ ဥမင်တွေ ဘာတွေလုပ်တယ်။ စစ်အရေးတွေ ဘာတွေခင်းတယ်။ 

★ ဒါပေမဲ့ ဟိုဖက်ကလူတွေကို မသေကျေစေဘူး။ အသက် မဆုံးရှုံးစေဘူး။ သူတို့ရဲ့ မဟုတ်မမှန်တဲ့ အပြုအမူတွေ ရပ်အာင်ပဲ သူလုပ်တယ်။ အဲဒါ English လို ပြောကြတာ containment policy အခုကျမှ ပြောကျတယ်။ အခု စစ်ပညာမှာ။ အမှန်ကတော့ မဟောသဓာက အရင်တည်းကရှိပြီးသား၊ တတ်ထားပြီးသား။ 

★ အဲတော့ သူ့ဘုရင်ကို ပြန်ပြီးတော့ကယ်တာ။ ဒါကတော့ မဟောသဓာဇာတ် ဖတ်ဖူးတဲ့လူတွေသိတယ်။ ဆိုလိုတာက မဟောသဓာမင်းကြီးက ဘာလို့ဉာဏ်ကောင်းတာတုန်း ဘာလို့ ဦးနှောက်ကောင်းတာတုန်း။ 

★ ငယ်ကတည်းက စပြီးတော့ ဒီလိုဓမ္မာရုံကြီး ဆောက်ချင်တာတဲ့။ လူတွေ မဆောက်နိုင်ဘူး။ အဲဒါ ကလေးငယ်ငယ်လေးတည်းက သူက architect အဖြစ် ပုံဆွဲတတ်တယ်။ သူ အဲဒါတွေ အများလုပ်ခဲ့တယ်။ အဲလို ဘာလို့ ဉာဏ်ကောင်းတာတုန်း? သူများရဲ့ ပြဿနာကို စိတ်ဝင်စားလို့ သူများရဲ့ ပြဿနာကို ဖြေရှင်းပေးချင်လို့။ 

★ အခုသိပ္ပံ ပညာက Loving concerns for other people's welfare and well-being သူများရဲ့ အကျိုးစီးပွားကို ဂရုစိုက်တာ စိုးရိမ်စိတ်ထားတာ။ တစ်လုံးတည်းနဲ့ ပြောရင်တော့ မေတ္တာထားတာ။ မေတ္တာမှတစ်ပါး အခြားမရှိ။ မေတ္တာအခါတော်နေ့လဲ ရောက်တော့မယ်။ ဒီနေ့ဒီတရားနဲ့ မေတ္တာအခါတော်နေ့ကို ကြိုဆိုပါတယ်။ 

 ★ မေတ္တာအခါတော်နေ့ကို ကြိုဆိုတဲ့နေရာမှာ မေတ္တသုတ်ရွတ်ရုံနဲ့ မပြီးဘူး။ ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို #မေတ္တာအမြင်နဲ့ #အနည်းဆုံးတစ်နေ့ကို #တစ်ကြိမ်လောက်ကြည့်ပေးပါ။ သူတို့ အဆင်ပြေလားမသိဘူး၊ 
ကျန်းမာရေးကောင်းရဲ့လား မသိဘူး။ 
★ ကိုယ့်အောက်လက်ငယ်သားတွေ ကိုယ့်အထက်က လူတွေ အဲဒါတွေကြည့်ပေး။ ကိုယ့်ထက်ရာထူးကြီးတိုင်းလဲ ကိုယ်လောက်အဆင်ပြေတာ မဟုတ်ဘူး။ 

★ အခု မဟောသဓာဇာတ်ကိုပဲကြည့်လေ ဘုရင်က မဟောသဓာအမတ်ကြီးလောက် အဆင်မပြေဘူး။ အထူးသဖြင့် စိတ်ချမ်းသာအောင်ထားတဲ့နေရာမှာ အဲလောက်ထိ အဆင်မပြေဘူး။ ဒါကြောင့် ဘုရားအလောင်းတော်ရဲ့ ဇာတ်တော်တွေကို ဖတ်တဲ့နေရာမှာ ဘုရားအလောင်းတော်ကို နမူနာတွေယူဖို့ ။ 

★ ဘုရားအလောင်းတော်ကတော့ ဘာတုန်း? ဉာတတ္တစရိယာ သူနဲ့သိတဲ့လူတွေ၊ ဆွေမျိုးတွေ သူတို့အတွက် တွေးပါတယ်။ လောကတ္ထစရိယာယ #သူနဲ့မသိတဲ့လူတွေ သူနဲ့မပတ်သတ်တဲ့လူတွေ #တခြားတိုင်းပြည်က 
#လူတွေအတွက်တောင်မှ တွေးတယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာဓမ္မသာမိ

Friday, October 25, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၁၀)

မုဒိတာ တရားထိုင်မယ်
▬▬▬▬▬▬▬▬▬▬ 
★ ဘုန်းဘုန်းရှင်းပြတာ နည်းနည်းလေး ကြာသွားပြီ။ နည်းနည်းလေး တရားထိုင်ရအောင်။ တရား ထိုင်ပုံထိုင်နည်းလေးကို ပြောပြမယ်။ မုဒိတာ တရားထိုင်မယ်နော်။ ခုပြောသွားတဲ့အထဲမှာ မပါတဲ့ မုဒိတာ။ 

★ ကရုဏာကတော့ ပြောပြီးပြီ။ ကရုဏာတရားထိုင်ပုံ ဒီနေ့တော့ အချိန်မရလို့ မပြောတော့ဘူး။ မုဒိတာ တရားထိုင်မယ်။ မုဒိတာ တရားထိုင်တယ် ဆိုတာ ကိုယ့်က ဘယ်လောက်ကြိုးစားတယ်။ 

★ ကိုယ်ကြိုးစားတယ်ဆိုတဲ့ဟာ အဲဒါကို ပြန်စဉ်းစားပြီးတော့ ကိုယ့်ဟာကိုယ် ဝမ်းသာပါ။ တောင်ယာလုပ်တယ်ဆိုရင်လဲ ကိုယ်တောင်ယာလုပ်တာ ဘယ်လို ကြိုးစားပြီးတော့ လုပ်တယ်၊ ကိုယ်ကြိုးစားမှုကို ကိုယ်ပြန်ကြည့်ပြီးတော့ ဂုဏ်ယူပါ။ 

★ ကိုယ်က ကျောင်းသားကျောင်းသူဆိုရင်လည်းပဲ နေ့တိုင်းနေ့တိုင်း ကျောင်းသွားပြီးတော့ စာကြိုးစားတာ။ အဲဒါ လေးကြည့်ပြီးတော့ ပြန်တွေးပြီးတော့ ဂုဏ်ယူပါ။ မိဘတွေဆိုရင်လည်းပဲ ကိုယ်သားသမီးကို လိုလေးသေးမရှိအောင် ကြည့်ရှုစောင့်ရှောက်တာ အဲဒါတွေ နေ့စဉ်နေ့စဉ် လုပ်နေကျလုပ်ငန်းတွေ အဲဒါတွေတွေးပြီးတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ။ 

★ ငယ်ငယ်ထဲက စပြီးတော့ မူလတန်းတွေ တက်ခဲ့တယ်၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်တွေ နည်းတဲ့ကြိုးစားမှု တွေ မဟုတ်ဘူး၊ နည်းတဲ့အောင်မြင်မှုတွေ မဟုတ်ဘူး။ အဲဒါတွေပြန် တွးပြီးတော့ ကိုယ့်ဟာကိုယ် ဂုဏ်ယူပါ။ မုဒိတာ ဖြစ်ပါ။ 

★ ၈၀/၂၀ သီအိုရီ ဘုန်းဘုန်း နှစ်တိုင်းဟောတယ်။ 80/20 Theory ဘဝမှာ အဆင်ပြေတာ ၈၀-ရာခိုင်နှုန်းရှိတယ်တဲ့။ မပြေတာက ၂၀ ရှိတယ်။ မပြေတဲ့ ၂၀-ရာခိုင်နှုန်းကို အချိန် ၈၀-ရာခိုင်နှုန်း အသုံးပြုပြီးတော့ လူတွေက တွေးကြတယ်။ ၄-ဆ ပိုတွေးတယ်။ စိတ်ညစ်စရာကျတော့ လေးဆပိုတွေးတယ်။ 

★ ပျော်ရွှင်စရာ ပျော်ရွှင်နိုင်တဲ့အကြောင်းအရာတွေ ဘဝမှာ ၈၀-ရာခိုင်နှုန်းရှိပါတယ်တဲ့။ ကျန်းမာရေး ကောင်းတယ်။ ဒီနေ့ တရားနာပရိတ်သတ်တွေ ကျန်းကျန်းမာမာနဲ့ တရားလာပြီးတော့ နာနိုင်တယ်။ ဘုန်းဘုန်းလည်းပဲ ဒီမှာ ကျန်းကျန်းမာမာနဲ့ တရားလာပြီးတော့ ဟောနိုင်တယ်။ 

★ လုံလုံခြုံခြုံနဲ့ ဒီမှာတရားနာနိုင်ကြတယ်၊ တရားဟောနိုင်ကြတယ်။ အသိဉာဏ်တွေ ဖွံ့ဖြိုးအောင် ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နေကြတယ်။ ဒါ ဝမ်းသာစရာပဲ။ 

★ ဒါပေမဲ့ ဝမ်းသာစရာရှိတယ်ဆိုရင် ဘဝမှာအောင်မြင်စရာ၊ ဝမ်းသာစရာတွေ အဲဒါတွေကိုတော့ အဲဒီ ၈၀-ရာခိုင်နှုန်းကို ၂၀-ရာခိုင်နှုန်းပဲ အင်အားသုံးပြီးတော့ အချိန်သုံးပြီးတော့ တွေးပါတယ်။ ၄-ဆ လျော့ပြီးတော့ လျော့တွက်ပြီးတော့ တွေးတယ်။ 

★ ဒါကြောင့် ကိုယ်ရဲ့ဘဝထဲမှာ အောင်မြင်မှု သိပ်မရှိပါလားဆို တခါတခါခံစားရတယ်။ ဘယ်လောက်ပဲ ကြိူးစားကြိုးစား စာမေးပွဲတွေ ဘယ်လောက်ပဲ အောင်လာအောင်လာ စိတ်ထဲမှာ ကျေနပ်တယ်မရှိသေးဘူး။ စိတ်ထဲမှာ ပျော်ရွှင်တယ် မရှိသေးဘူး။ ပီတိ မဖြစ်နိုင်ဘူး။ 

★ အဲလို ပီတိ မဖြစ်နိုင်တဲ့ပုဂ္ဂိုလ် ဘဝထဲမှာ ပီတိ ရှာမတွေ့နိုင်တဲ့ ပုဂ္ဂိုလ်က “ငါ့လှေငါထိုး ပဲခူးရောက်ရောက်” အတွေးမျိုး တခါတခါ ပေါ်တယ်။ တခြားလူတွေ ဘာဖြစ်ဖြစ် ငါ ဒါလုပ်မယ်ဆိုပြီးတော့ သူများကို ဂရုမစိုက်ပဲ ဆုံးဖြတ်ချက်မျိုးတွေ လုပ်တတ်တယ်။ 

★ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အဲလိုလုပ်တယ်။ ကိုယ်ကျိုးဆန်တဲ့ အပြုအမူတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ်ဘဝထဲမှာ ရှိနေတဲ့ ပီတိတွေ တွေ့အောင်ရှာပါ။ ကိုယ့်အကြောင်း ကိုယ်ပဲတွေးရင် ကိုယ့်အောင်မြင်မှု အကြောင်းကိုပဲ ကိုယ်တွေးရင် မလုံလောက်သေးဘူးတဲ့။ ★ Self–centered အတ္တဆန်တဲ့ အတွေးမျိုး ဝင်တတ်တယ်တဲ့။ မာနတွေ ဝင်တတ်တယ်။ မာနတွေ ဝင်တဲ့အခါကျမှ ငါက ဒါ လုပ်နိုင်တယ်၊ ဘယ်သူ့ ဂရုစိုက်စရာလိုတုန်း ဆိုပြီး “င့ါမြင်း ငါဆိုင်း စစ်ကိုင်းရောက်ရောက်” ဖြစ်ပြန်ရော။ အဲဒါကြောင့် သူများရဲ့ အောင်မြင်မှုကိုလည်းပဲ တွေးပေးပါတဲ့။ 

★ ကိုယ့်မိသားစုအောင်မြင်မှု ကိုယ့်မိသားစုမှာ ဘယ်သူက ဘယ်လောက် ကြိုးစားတယ် အဲဒါတွေတွေးပြီးတော့ တန်ဖိုးထားပေးပါ။ သူငယ်ချင်းတွေရဲ့အောင်မြင်မှု တွေးပြီးတော့ တန်ဖိုးထားပေးပါ။ 

★ အဲ့လိုလုပ်တယ်ဆိုရင် ဦးနှောက်ထဲမှာ ACC (Anterior Cingulate Cortex) ဆိုတဲ့နေရာ prefrontal cortex ဆိုတဲ့နေရာ အဲဒီနေရာကို ကိုယ်က တက်ကြွအောင် လုပ်နေတာ အားကောင်းအောင် လုပ်နေတာ Active ဖြစ်အောင်လုပ်နေတာ။ 

🔺 ပိုပြီးတော့ အားကောင်းမဲ့အရာကတော့ ဘာတုန်းဆိုတော့ ကိုယ်နဲ့မဆက်စပ်တဲ့ပုဂ္ဂိုလ် ပတ်သတ်မှုမရှိတဲ့လူ အထူးသဖြင့် ကိုယ်ကို အကောင်းမမြင်တဲ့လူ အဲဒီလူရဲ့အောင်မြင်မှု အဲဒီလူရဲ့ကောင်းကွက်ကို မြင်အောင်ကြည့်နိုင်တယ် မုဒိတာ ဖြစ်နိုင်တယ်ဆိုရင်တော့ ACC နဲ့ ဒီ prefrontal cortex ဆိုတဲ့ ဒီဦးနှောက်က အရမ်းအားကောင်းသွားပြီ။ 

★ ကိုယ့်ကိုယ်ကို စိတ်ညစ်အောင် စိတ်ထဲမှာ မလုံမခြုံဖြစ်အောင် လုပ်နေတာ ဘယ်သူလုပ်နေတာတုန်း? ဒီလူက လုပ်နေတာ။ ကိုယ့်မကြိုက်တဲ့လူက လုပ်နေတာ။ အဲဒါကြောင့် သူရဲ့ ကောင်းကွက်လေးတစ်ခုနှစ်ခု ကိုယ်က မြင်ထားတယ်ဆိုရင် သူ့ကို ကိုယ်က ရန်သူလို့ မသတ်မှတ်တော့ဘူး။ 

★ သူ့ကို ရန်သူလို့ သတ်မှတ်လိုက်ရင် ကိုယ့်ဦးနှောက်က ဘယ်နေရာမှာ အလုပ်လုပ်တာတုန်း? Amygdala - ဦးနှောက် အဟောင်းက အလုပ်လုပ်တာ old brain က အလုပ်လုပ်တာ။ ဒါကြောင့် သူများကို ရန်သူဆိုပြီးတော့ မမြင်နဲ့တဲ့။ 

★ ရန်သူလို့ မြင်ထားတယ်ဆိုရင်လည်းပဲ ကိုယ့်ကိုယ်ကို သနားလိုက်။ ကိုယ့်ကို ရန်လုပ်နေတဲ့သူကို လည်း သနားလိုက်။ သနားတဲ့စိတ်ဝင်လာတာနဲ့ အဲဒီကြောက်စိတ် လုံးဝပျောက်သွားတယ်။ ကိုယ်ကို ရန်လုပ်နေတဲ့လူကို ကြောက်တဲ့စိတ် လုံးဝပျောက်သွားတယ်။ ဒါ ကြောက်စိတ်ပျောက်အောင် ဖျောက်တာ။ 
🍃မေတ္တာနဲ့ ဒေါသကို အစားထိုးတာ။ 
🍃ကရုဏာနဲ့ ဒေါသကို အစားထိုးတာ။ 
🍃မုဒိတာနဲ့ အစားထိုးတာ။ 
🍃ဥပက္ခာနဲ့ အစားထိုးတာ။ 

★ အခုတရားထိုင်မှာ ၃-မိနစ် တရားထိုင်မယ်။ ပထမဆုံး ကိုယ်ရဲ့အောင်မြင်မှုကို ပြန်ပြီးတော့တွေးပါ၊ ဂုဏ်ယူပါ။ မုဒိတာ ဖြစ်ပါ။ နှစ်ခုသုံးခု သုံးလေးခု တွေးပါ။ နောက်ပြီးရင် ကိုယ်မိသားစု အောင်မြင်မှု သူတို့ရဲ့ကြိုးစားမှု သူတို့ရဲ့ အရည် အချင်းတွေ စိတ်သဘောထားတွေ စိတ်သဘောထားကောင်းတာတွေ အဲဒါတွေ တွေးပြီးတော့ မုဒိတာဖြစ်ပါ။ 

★ နောက်ပြီးတော့ ကိုယ့်သူငယ်ချင်းတွေ သူတို့ရဲ့ အောင်မြင်မှု ကြိုးစားမှု သူတို့ရဲ့စေတနာ အဲတာတွေ တွေးပြီးတော့ မုဒိတာ ဖြစ်ပါ။ နောက်ဆုံးကျတော့ ကိုယ့်ကို အတင်းပြောဖူးတဲ့ ကိုယ့်ကို မကြိုက်တဲ့လူ အဲဒီလူတစ်ယောက်ရဲ့ ကောင်းကွက်လေးကို မြင်အောင်ကြိုးစားကြည့်ပါ။ 

★ အောင်မြင်တယ်ဆိုရင်တော့ ဒီနေ့ည တရားပွဲအောင်မြင်ပြီ။ ကိုယ်ကိုယ့်ကို စိတ်ညစ်အောင် လုပ်နိုင်တဲ့လူမရှိတော့ဘူး။ ငါ့လှေ ငါ့ထိုး ပဲခူးရောက်ရောက် ဆိုတဲ့လူနဲ့တွေ့ရင် ကိုယ့်စိတ် မတုန်လှုပ်တော့ဘူး။ အဲဒီလူကိုပဲ သနားတဲ့စိတ် ချက်ချင်း မြင်တယ်။ 

★ သူ့မှာ ဒီကောင်းကွက်လေးရှိတယ်၊ အဲဒီ ကောင်းကွက်လေးကိုပဲ အခြေခံပြီးတော့ သူ့ကို ပြုပြင်ရရင် ရနိုင်မယ်ထင်တယ်ဆိုပြီးတော့ မျှော်လင့်ချက်တွေရှိတယ်။ အကောင်းမြင်ဝါဒရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နိင်တယ်။ ပြဿနာရှိတိုင်း လက်လျော့တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ 

★ ကဲ ပထမဆုံး ၀င်လေထွက်လေ ရှုရှိုက်မယ်။ ကိုယ့်ဟာကိုယ် တင်ပလ္လင်ခွေ ထိုင်ပြီးတော့ သက်တောင့်သက်သာ ရှိအောင် ထိုင်ပါ။ ဒီလို ၀င်လေထွက်လေကို ကျကျနန ရှုရှိုက်ပါ။ 

 🧘🏻‍♂️ပထမဆုံး ၀င်လေ ၁ ၂ ၃ ရှူရှိုက်ပါ … 
ထွက်လေ ၁ ၂ ၃ ဆိုပြီးတော့ ရှူထုတ်ပါ... 
🧘🏻‍♀️🧘🏻‍♂️၀င်လေ ၁ ၂ ၃ … ထွက်လေ ၁ ၂ ၃… 
🧘🏻‍♀️🧘🏻‍♂️အခုတခါ ကိုယ်ရဲ့ အောင်မြင်မှုကို ပြန်ပြီးတော့ စဉ်းစားပါ။ 
စဉ်းစားပြီးတော့ ကိုယ့်ဟာကိုယ် ဂုဏ်ယူပါ။ စားမေးပွဲအောင်တဲ့သူဆိုရင် ဒီစာမေးပွဲအောင်ဖို့အတွက် ဘယ်လောက်ထိကြိုးစားခဲ့တယ်။ 
🧘🏻‍♀️🧘🏻‍♂️ဒီနှစ်စာမေးပွဲကျတဲ့သူဆိုရင် အရင်နှစ်တွေက 
အောင်ထားတဲ့ဟာ ပြန်တွေးပြီးတော့ မုဒိတာဖြစ်ပါ 
ဖြစ်အောင်လုပ်ပါ ကိုယ့်ဟာကိုယ် အားပေးပါ။ 
🧘🏻‍♀️🧘🏻‍♂️၀င်လေထွက်လေ မှန်မှန် ရှူရှိုက်ပါ တချိန်တည်းမှာ 
မုဒိတာ ဆက်ပြီးတော့လုပ်ပါ… 
 🧘🏻‍♀️🧘🏻‍♂️စိတ်လွှင့်သွားတယ်ဆိုလည်း လွှင့်သွားတဲ့စိတ်ကို 
အသိအမှတ်ပြုလိုက်… စိတ်လွှင့်နေတယ် လွှင့်တဲ့စိတ်နဲ့ ရန်ဖြစ်နဲ့။ 
၀င်လေထွက်လေ တချက်လောက်ရှူလိုက်။ 
ပြီးရင် မုဒိတာ ဆက်လုပ်ပါ… ၃-မိနစ်ပြည့်ပါပြီ။ 
မျက်လုံးဖွင့်လို့ ရပါပြီ။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာဓမ္မသာမိ 

Thursday, October 24, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် -အပိုင်း(၉)

တစ်ယောက်ကိုတစ်ယောက် အချင်းချင်းမှီခိုတဲ့ အညမညနိယာမ -------------▬▬▬▬▬▬▬▬▬▬▬▬▬▬-------- 
★ နောက်တဖက်ကနေ လှည့်ပြီးတော့ပြောရရင် လူ့အသိုင်းအဝိုင်း လေ့လာတဲ့ပညာ 
Sociology ရှုထောင့်ကနေ ပြောမယ်ဆိုရင် ဘုန်းဘုန်းတို့ ကြားထဲမှာ 
#လူမိုက်တစ်ယောက်ရှိရင် #ဘုန်းဘုန်းတို့လဲအပြစ်ရှိတယ်။ 

★ သူက အားငယ်လို့ သူက ဂရုမစိုက်မခံရလို့ အားငယ်တဲ့စိတ်မျိုးဖြစ်လို့ သူဒီလိုပြုမူတယ်ဆိုရင် ဘုန်းဘုန်းတို့ သူကို ဂရုစိုက်ပေးလိုက်။ ထိုင်ပြီးတော့ နားထောင်ပေးလိုက်။ လူအများစုက ပိုက်ဆံအကူအညီလိုချင်တာ မဟုတ်ဘူး။ 

★ သူ့မှာ သူ့ဂုဏ်သရေနဲ့ သူဘဝနဲ့ သူရှိတယ်ဆိုတာကို အသိအမှတ်ပြုခံချင်တာ၊ diginity ခေါ်တယ်။ ဘဝရဲ့ diginity ဘဝရဲ့ ဂုဏ်ကျက်သရေ အဲဒီဟာကို လိုချင်တာ။ 

★ အဲဒါကြောင့်မို့လို့ ငါးပါးသီလကို ကြည့်ပါအုန်းတော့ ငါးပါးသီလကို ကြည့်မယ်ဆိုရင် သူက I don’t care attitude ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ အမြင်မျိူး မဟုတ်ဘူး။ ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့အမြင်မျိုး။ 

★ Caring attitude - ဂရုစိုက်တဲ့ အသိအမြင်မျိုးပါ ငါးပါးသီလက။ သူများကို မနှိပ်စက်ပါဘူး။ သူများအသက်ကို မသတ်ပါဘူး၊ သူများကို အင်အားသုံးပြီးတော့ အနိုင်မကျင့်ပါဘူးဆိုတဲ့ 

★ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမ္မာဒိယာမိ” က သူများပေါ်မှာ မေတ္တာရှိလို့ သူများပေါ်မှာ ကရုဏာရှိလို့ အကျိုးလိုလားလို့ ကျင့်ကြံတဲ့သိက္ခာပုဒ်တဲ့။ 

★ ကိုယ်တစ်ယောက်တည်းပဲ လောကကြီးထဲမှာ ကိုယ်တစ်ယောက်တည်းပဲရှိတဲ့ ပုံစံမျိုးနဲ့နေရင် အဲဒီသိက္ခာပုဒ် ဂရုမစိုက်ဘူး။ ဒါကြောင့် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမ္မာဒိယာမိ” သင်ကြားပေးတဲ့ ဗုဒ္ဓမြတ်စွာဘုရားက လူတွေရဲ့ဒုက္ခကို စိတ်ဝင်စားပြီးတော့ အဲဒီဒုက္ခတွေနည်းအောင် ဘယ်လိုလုပ်ရမှာတုန်း? 

★ ဒီဘောင်လေးတွေ ချပေးထားတာ #အကြမ်းမဖက်နဲ့၊ #အင်အားသုံးပြီးတော့ စကားမပြောနဲ့ကြ။ ပါဏာတိပါတာ ဝေရမဏိ။ 

 ★ အဒိန္နာဒါနာ ဝေရမဏိ - လူတစ်ဦးစီ တစ်ဦးစီမှာ သူရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ရှိရမယ်။ ဒါမှ သူ့ဘဝ လုံခြုံမှာပေါ့။ သူ့ဘဝ မလုံခြုံဘူးဆို ဒီလူ သူများကို အနှောက်အယှက်ပေးမှာပဲ၊ သူများပစ္စည်း သူခိုးမှာ။ အဲဒါကြောင့်မို့လို့ ကူဋဒန္တသုတ်၊ သောဏဒဏ္ဍသုတ်၊ နောက်ပြီးတော့ မဟာသီလနာဒသုတ် ဒီဃနိကာယ်ထဲမှာပါတယ်။ 

★ အဲဒီသုတ္တန်တွေထဲမှာ မိန့်တာက စီးပွားရေး ကောင်းမွန်အောင် ဝိုင်းလုပ်ရတယ်တဲ့၊ အစိုးရက ဦးဆောင်လုပ်ရတယ်တဲ့။ အစိုးရက အတွေးအခေါ် မှန်တယ်ဆိုရင် စီးပွားရေးကောင်းတယ်။ မှုခင်းတွေ မရှိဘူး၊ မှုခင်းတွေ နည်းတယ်။ England နိုင်ငံမှာ holiday သွားမယ်ဆိုရင် ဘေးအိမ်ကလူတွေကို သော့သွားပေးထားတယ်။ ကျွန်တော်တို့ holiday သွားမယ်၊ အိမ်ကို စောင့်ရှောက်ပေးပါ။ 

★ သူတို့က holiday သွားမယ်ဆိုရင်လဲ ကိုယ့်ကို သူတို့ သော့လာပေးထားတယ်။ “အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” မဆိုတဲ့ လူတွေ။ ဒါပေမဲ့ အဲဒီ သိက္ခာပုဒ်လုံတယ်။ ဘာလို့ လုံခြုံတုန်း? သူတို့ အလုပ်ရှိအောင် job creation - အလုပ်ဖန်တီးပေးမှု ဆိုတာကို အစိုးရတိုင်းက ဂရုစိုက်လို့။ 

★ လူတွေ အလုပ်ပြုတ်ပြီဆိုတာနဲ့ အစိုးရကအလုပ်ပြုတ်တဲ့နေ့က စပြီးတော့ သူတို့ နေလို့ထိုင်လို့ရအောင်၊ မငတ်အောင်ဆိုပြီးတော့ ထောက်ပံကြေးတွေ ပေးတယ်။ စာတိုက်မှာဘဲ သွားထုတ်ယူကြတယ်။ “အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” သူခိုးတွေမရှိအောင် တစ်နိုင်ငံလုံးက ဝိုင်းလုပ်ထားတယ်။ 

★ ဘုန်းဘုန်းက သူခိုးအားပေးတဲ့အနေနဲ့ သူခိုးကို အပြစ်မတင်နဲ့လို့ပြောတာ မဟုတ်ပါဘူး။ ခိုးတဲ့ပုဂ္ဂိုလ် အဲလိုပြစ်မှု ကျူးလွန်ရှိတဲ့ပုဂ္ဂိုလ်ကို ထောင်ထဲမှာထည့်ရမယ်ဆိုရင် ထောင်ထဲမှာထည့်၊ ဒါပေမဲ့ ထောင်ထဲမှာထည့်တာတစ်ခုထဲနဲ့ ပြဿနာ မပြေလည်ဘူး။ 

★ သူကိုလည်းပဲ အတတ်ပညာတွေ သင်ပေးရမယ်။ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးရမယ်။ အပြင်ဖက်မှာလဲ စီးပွားရေး ကောင်းအောင်လုပ်ရမယ်။ 

★ လူတစ်ဦးနဲ့တစ်ဦး မေတ္တာထားနိုင်အောင်၊ မေတ္တာတော့ လူတိုင်းထားချင်တယ်။ မေတ္တာရှိမှ ဘုန်းဘုန်းတို့ရဲ့ဘဝ၊ လူတွေရဲ့ ဘဝ၊ လူသားရဲ့ဘဝက အသက်ရှင်နိုင်တာကိုး။ အစထဲကတည်းကကို သူများကို မှီခိုပြီးမှ အသက်ရှင်ထားရတာ။ ကိုယ့် မိဘကိုရော၊ အိမ်နီးနားချင်းကိုရော မှီခိုပြီးတော့ အသက်ရှင်ထားရတာ။ 

★ ဆရာဝန်တွေက လယ်သမားကို မှီခိုတယ်။ လယ်သမားတွေစိုက်တဲ့ ဆန်စပါးတွေ၊ သီးနှံတွေ စားတယ်။ တောင်သူလယ်သမားတွေကလဲပဲ ဆရာဝန်တွေ ဆေး အသိပညာကို မှီခိုပြီးတော့ သူတို့လဲ အသက်ရှင်ရတယ်။ 

★ ဆရာဝန်တွေနဲ့ လယ်သမားတွေကလည်းပဲ လမ်းဆောက်တဲ့ အင်ဂျင်နီယာတွေ၊ တံတားဆောက်တဲ့ အင်ဂျင်နီယာတွေ သူတို့ကို မှီခိုရပြန်တယ်။ မဟုတ်ရင် အဲဒီပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ တစ်နေရာနဲ့တစ်နေရာ သယ်ယူပို့ဆောင်လို့ မရဘူး။ အင်ဂျင်နီယာကလည်းပဲ ဆရာဝန်ကိုရော၊ လယ်သမားကိုရော မှီခိုရပြန်တယ်။ 

★ အင်ဂျင်နီယာလဲ သူထမင်း သူစိုက်စားတဲ့ လူ မဟုတ်ဘူး။ ကြည့် အချင်းချင်းမှီခိုနေတာ။ The Law of Interdependence တဲ့ တစ်ယောက်ကိုတစ်ယောက် အချင်းချင်းမှီခိုတဲ့ “အညမည နိယာမ” တဲ့။ 

★ ပဋိစ္စသမုပ္ပါဒ် အကြောင်းနဲ့အကျိုး၊ အင်ဂျင်နီယာကအကြောင်း လယ်သမားကအကျိုး။ အင်ဂျင်နီယာ ဆောက်ထားတဲ့ လမ်းတွေကို သူ အသုံးပြုတယ်။ လယ်သမားကအကြောင်း လယ်သမားတွေ စိုက်ထားတဲ့ထမင်းကို သူစားတာ။ အကြောင်းနဲ့အကျိုး အပြန်ပြန်အလှန်လှန် ဖြစ်ပါတယ်။ ★ ဆရာဝန်နဲ့လူနာနဲ့ လူနာကလဲ ဒီဆရာဝန်တွေရှိလို့ သူ့မှာ အသက်ချမ်းသာရာရတယ်၊ အသက်ရှင်ရတယ်။ ဆရာဝန်ကလဲ ဒီ လူနာတွေရှိလို့ ဒီ အသက်မွေးဝမ်းကြောင်း လုပ်နိုင်တယ်။ 

★ တစ်ယောက်ကအကြောင်း တစ်ယောက်ကအကျိုး။ ဟိုဖက်တစ်ယောက်ကအကြောင်း ဒီဖက်က အကျိုး ဖြစ်ပြန်တယ်။ အဲလို အပြန်ပြန်အလှန်လှန် မှီခိုတာ၊ အဲဒီလို အသိလေးဝင်လိုက်တာနဲ့ #ငါတစ်ယောက်ထဲနေလို့မရပါလား။ 
#အများနဲ့ လုပ်ရတာပါလား။ 

★ အဲလို #သူများကိုစပြီး appreciate #တန်ဖိုးထားတဲ့စိတ်မွေးလိုက်တာနဲ့ “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ စိတ် နည်းသွားပါတယ်။ 

 ★ တော်ရုံတန်ရုံ သူတပါး ကိုယ်မကြိုက်တာကိုလုပ်၊ကိုယ်မကြိုက်တာပြောရင်တေါင် ပိုပြီးတော့ သည်းခံနိုင်တယ်။ သည်းခံနိုင်တဲ့ ပုဂ္ဂိုလ်က အဖြေမှန်ထဲမှာ ပါတယ်။ မသည်းခံနိုင်တဲ့ ပုဂ္ဂိုလ်က ပြဿနာထဲကို ပါသွားတယ်။ ဆက်လက်ဖော်ပြပါမည်။ 
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် 
ပါမောက္ခ ဒေါက်တာဓမ္မသာမိ

Wednesday, October 23, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၈)

သူများစိတ်ညစ်အောင်လုပ်တဲ့လူကိုလည်း မေတ္တာထားပါ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ Anti social behavior ရှိတဲ့ပုဂ္ဂိုလ် င့ါလှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါဆိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို မမုန်းနဲ့တဲ့။ သူတို့ကိုကြည့်ပြီးတော့ ဒေါသမဖြစ်နဲ့လို့ ဒီနေ့ ဘုန်းဘုန်း အဓိကပြောချင်တယ်။ 

 ★ သူက သူ့အပြုအမူကို မပြောင်းဘူး ဒီတိုင်းဆက်နေတယ်ဆိုရင် ဒေါသမဖြစ်ဖို့က အရမ်းခဲယဉ်းတယ်။ ဒါဖြင့် ဘယ်လိုလုပ်ရမှာတုန်း? ဒေါသဖြစ်ပြီဆိုရင် အဲဒီ ဒေါသကို ဘယ်လိုကုစားမှာတုန်း ဒီနည်းလေးကို ယူထားပါ။ 

★ Annger - ဒေါသ ဖြစ်သွားတယ်ဆိုရင် healing - ကုစားမှု ဖြစ်အောင်၊ ဘာဖြစ်လို့ ဒီဒေါသက ကိုယ့်ရင်ကို ပူလောင်အောင်လုပ်နေတာ၊ ကိုယ့်နဲ့နီးတဲ့လူတွေ ကိုယ့်မိသားစု တွေရော ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရော အကုန်လုံးထိခိုက်တာ။ 

★ ဒေါသထွက်နေတဲ့အချိန်မှာ ထမင်းစားတာ မမြိန်ဘူး။ အဝတ်စား လှလှလေးတွေ ဝတ်ထားတာ အရသာမရှိဘူး။ စိတ်ထဲမှာ ပျော်ရွှင်မှု မရှိဘူး။ 

★ ဘာဖြစ်လို့ ပျော်ရွှင်မှူမရှိတာတုန်း? အဲဒီ ပျော်ရွှင်မှုစွမ်းရည်၊ Happiness capacity - ပျော်ရွှင်မှုစွမ်းရည်ကို အဲ့ဒေါသက ဖျက်လိုက်တာ၊ ဖျက်ဆီးလိုက်တာ။ ဒေါသရဲ့ အဖျက်ဆန်တဲ့ သဘောတရားတွေ။ 

★ Facebook ကြည့်ပြီးတော့ ဒေါသဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်ရမှာတုန်း? အဲဒီ ကိုယ် မကြိုက်တဲ့ပုံတင်တဲ့သူ၊ ကိုယ် မကြိုက်တာ တက်ရေးတဲ့သူ၊ အဲဒီလူကို ဘာလုပ်ရမှာတုန်း? မုန်းရမှာလား? 

★ ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် ဆိုတဲ့လူတွေ facebook ပေါ်မှာ အများကြီးရှိတယ်။ Twitter ပေါ်မှာ အများကြီးရှိတယ်၊ Internet ပေါ်မှာ အများကြီးရှိတယ်။ ဒါကြောင့် အဲဒီလူတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိသေးဘဲနဲ့ internet သွားမကိုင်နဲ့အုန်း။ facebook သွား မကစားနဲ့အုန်း။ 

★ ကရုဏာစိတ်ထားဖို့ ကိုယ့်ကိုယ်ကို ကရုဏာဖြစ်ဖို့ Self-compassion ဆိုတာ ကိုယ်ကိုယ့်ကို ကရူဏာဖြစ်ဖို့ သိပ် အရေးကြီးတယ်။ ဒေါသဖြစ်ပြီဆိုရင် ငါ ဒေါသ အနှိပ်စက် ခံနေရတယ်။ ဒေါသ ငါ့ ဒုက္ခပေးနေတယ် အဲဒီအမြင်လေး ထားပါတဲ့။ 

★ ဒုက္ခဆိုတဲ့ စကားလုံးက အရမ်းတန်ဖိုးရှိတယ်။ #ဒေါသက #င့ါ ဒုက္ခပေးနေပြီ။

 #အဲလိုမြင်တဲ့ပုဂ္ဂိုလ်က #အဲဒီဒေါသကို #မွေးမထားဘူး။ မဟုတ်ရင် တခါတခါကျတော့ ဒေါသကို ဘုန်းဘုန်းတို့ က မွေးထားချင်တယ်။ ★ ကိုယ်ပြောတာ သူများနားမထောင်တဲ့အချိန် ဒေါသနဲ့ ပြောလိုက်ရင် ဟိုက ဂရုစိုက်လိုက်တယ်။ အဲဒါ ကိုယ်က သာယာနေတာ။ စိတ်ထဲမှာ သာယာသွားတာ။ 
#အဲလိုသာယာရင် #ဒုက္ခများလိမ့်မယ် တရားနာပရိတ်သတ်တို့ ။ 

🔺“ဒေါသော အတ္ထံ နဇာနာတိ” ဒေါသက အကြောင်းအကျိုး ဆင်ခြင်ဉာဏ်ကို တုံးစေတယ်၊ အကန်း ဖြစ်စေတယ်။ 

★ တခါတခါကျတော့ ဒီတိုင်းနေရင်းနဲ့ ဒေါသဖြစ်တာက နည်းနည်း ဓာတုဗေဒတွေကနေ ကူညီလိုက်လို့ ဒေါသက ပိုများသွားတာ။ အရက်ဆိုတဲ့ ဓာတုဗေဒ၊ ဆေးပြားဆိုတဲ့ ဓာတုဗေဒ အဲဒါတွေ ဖြစ်တယ်။ 

★ အဲလိုရောင်းတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ #ဘယ်သူသေသေ #ငတေမာရင် ပြီးရောဆိုပြီး ရောင်းနေတာ။ ဒါဖြင့် အဲဒီ ပုဂ္ဂိုလ်တွေကို internet ပေါ်မှာတက်ပြီးတော့ ဆဲလိုက်ရုံနဲ့ အဲဒီပြဿနာ ပြေလည်သွားမှာလား? ဝေလာဝေး လုံးဝ မပြေလည်ပါဘူး။ 

★ ဒီပြဿနာတွေ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းရမယ်။ ဖြေရှင်းတဲ့နေရာမှာ 

 🍃#ပထမဆုံးခြေလှမ်းကတော့ #ကိုယ့်ဟာကို #ဒေါသနည်းအောင်လုပ်ဖို့ပဲ။ ဒေါသနည်းပြီဆို #ဒုတိယအဆင့်က 
🍃#ကိုယ့်ရဲ့ပြဿနာကို #ကိုယ်ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို #ကရုဏာဖြစ်ဖို့။ 

★ သူများတွေရဲ့ ပြဿနာကို များများတွေးပြီးတော့ သူများတွေကို ကရူဏာ ဖြစ်ဖို့။ အဲလို ကရူဏာ ဖြစ်တယ်၊ သနားတတ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က အလိုလိုနေရင်းနဲ့ မေတ္တာများတဲ့ ပုဂ္ဂိုလ်ဖြစ်လာတယ်။ 

★ မေတ္တသုတ်ထဲမှာ မြတ်စွာဘုရားဘာဟောထားတုန်း? 

🍃 ပထမက “ကရဏီယ-မတ္တကုသလေန” 
🍃 ဒုတိယက “သန္တုဿကော စ သုဘရောစ အပ္ပကိစ္စော စ သလ္လဟုက ဝုတ္တိ” 

💕 အဲဒါ #မေတ္တာရဲ့qualityတွေ၊ မေတ္တာရဲ့ အရည် အသွေးတွေ ပြောနေတာ။ “သန္တုဿကော စ သုဘရောစ အပ္ပကိစ္စော စ သလ္လဟုက ဝုတ္တိ၊ သန္တိန္ဒြိယော စ နိပကော စ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။” 

🍃 အဲဒါတွေကတော့ နေထိုင်တဲ့နေရာမှာ ပေါ့ပါးအောင် အသုံးအဖြုန်း မများအောင်၊ ကိုယ့်စိတ်ကို ကိုယ် ပြုပြင်ရတဲ့နေရာ၊ အဲဒါလဲ မေတ္တာတမျိုးပဲ။ 

★ နောက် တတိယ တခုက ဘာတုန်း? ဘယ်သူ မေတ္တသုတ်ရလဲ? နောက်တခု ဘာတုန်း? 

🍃ဘယ်လောက်ပဲ သေးငယ်ငယ် သူများ ကဲ့ရဲ့မဲ့အလုပ် မလုပ်နဲ့တဲ့ဆိုတာ ဘယ်သူ ပါဠိရလဲ? ဆုချချင်လို့။ န စ ခုဒ္ဒ မာစရေ” - “ခုဒ္ဒ” ဆိုတာ သေးငယ်တာ။ “န” ဆိုတာ မလုပ်နဲ့တဲ့။ “ပရေ ဝိညူ” ဆိုတာ သူများ။ သူများဆိုတာ လူတိုင်းမဟုတ်ဘူး ။ “ဝိညူ” - အသိဉာဏ်ရှိတဲ့သူ၊ “ဥပဝဒေယျုံ” - ကဲ့ရဲ့မဲ့ အရာ။ 

🍃 “န စ ခုဒ်ဒ မာစရေ ကိဉ်စိ ယနေ ဝိညူ ပရေ ဥပဝဒယြေုံ” - #ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မဲ့ #အလုပ်ကို #အပြောကို #အပြုအမူကို #ပြောဆိုပြုလုပ်နေတဲ့ပုဂ္ဂိုလ်က #သူ့ကိုယ်သူမေတ္တာမရှိဘူးလို့ ဗုဒ္ဓမြတ်စွာဘုရားက ဆိုလိုတာ။ 

★ သူ့ကိုယ်သူ မေတ္တာမရှိတဲ့ပုဂ္ဂိုလ်ကို ကိုယ်က ဘယ်လိုလုပ်ရမှာတုန်း? စိတ်ဆိုးရမှာလား? အဖြေမဟုတ်ဘူး။ That is not the answer. 

★ “ဒိဋ္ဌာဝါ ယေဝ အဒိဋ္ဌာ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ၊ ဘူတာဝသမ္ဘဝေသီ ဝ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။” ကိုယ်မြင်ဖူးတဲ့လူ၊ မမြင်ဘူးတဲ့လူ၊ ကိုယ်နဲ့ရင်းနီးတဲ့လူ။ 

★ ဝေးနေတဲ့ “ဒူရေ ဝ သန္တိ” - ဝေးနေတဲ့လူ၊ “အဝိဒူရေ” - နီးနေတဲ့လူတွေ အဲဒီလူတွေ ကြားထဲမှာ ခွဲခြားချင်တဲ့စိတ်၊ ဝိသုဒ္ဓိမဂ်ထဲက ပါဠိစကားလိုပေါ့ “ သီမာ သမ္ဘေဒ” - ခွဲခြားချင်တဲ့ စိတ် discrmination ခေါ်တာပေါ့။ အဲဒီစိတ်တွေ နည်းအောင် လုပ်ရမယ်။ 

★ ဆိုလိုတာက အထက်ကဂါထာနဲ့ အောက်ကဂါထာနဲ့ မေတ္တသုတ်ထဲက နှစ်ဂါထာကို ပေါင်းပြီးတော့ အဓိပ္ပါယ် ယူဆလိုက်ရင် သူများ စိတ်ညစ်အောင် လုပ်တဲ့လူကိုလည်းပဲ ကိုယ်ရဲ့မိသားစုလို မေတ္တာထားနိုင်အောင် ကျင့်ပါလို့ မြတ်စွာဘုရား ဆိုတာ ပြဿနာ ပြေလည်ချင်ရင်။ 

★ အဲလို မဟုတ်ပဲနဲ့ ဒီလူတွေကတော့ ငါရဲ့အယူကို လက်မခံဘူး၊ ဒီလူတွေကတော့ ငါတို့နဲ့ idea ချင်း မတူဘူး၊ ဘက်ချင်း မတူဘူး။ အဲဒီလို မြင်ပြီးတော့ ခွဲခြားခွဲခြား လုပ်တယ်ဆိုရင် ကိုယ်ကိုယ်၌ကိုယ်က ကိုယ့်အပြုအမူကကိုက ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် လူမျိုးတွေ များများပေါ်လာတာ လုပ်ရာရောက်တယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

Tuesday, October 22, 2019

" မင်္ဂလာပါဆိုတဲ့စကားလုံး"

 🌿မြန်မာလူမျိုးတွေရဲ့မင်္ဂလာပါဆိုတဲ့ နှုတ်ဆက် စကားဟာ နိုင်ငံခြားကလူတွေ တော်တော်များများ သိနေကြတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ Tourism လုပ်ကြတဲ့ပုဂ္ဂိုလ်တွေ၊ Tourism နဲ့ပတ်သက်ပြီး မြန်မာပြည်ကို လာရောက် လည်ပတ်ကြပြီး မြန်မာပြည်အကြောင်း ရေးထားတဲ့ Inside Guide ဆိုတဲ့ series နဲ့ ရေးထားတယ်။ သူတို့အခေါ် Burma လို့ရေးထားတယ်။ Inside Guide.

🌿အဲဒီမှာ မြန်မာပြည်အကြောင်းကို ရေးထားပြီး မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ မြန်မာလူမျိုးတွေရဲ့ နှုတ်ဆက်စကားတွေ နောက်ဆုံး မင်္ဂလာပါဆိုတဲ့စကားကအစ၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးအထိ ပြောဆိုကြတယ်။ အနည်းဆုံး မြန်မာပြည်လာလည်ရင်တော့ အဲဒီလောက်လေး ပြောဆိုတတ်မယ်ဆိုရင် မြန်မာလူမျိုးတွေနဲ့ ပိုပြီး ခင်မင်ရင်းနှီးမှုရမယ်ပေါ့။

🌿ဘုန်းကြီးတို့ကိုယ်တိုင် ကိုးရီးယားရောက်တဲ့အခါ ကိုးရီးယားလူမျိုးတွေနဲ့
လာရောက်ပြီး တွေ့ဆုံကြတဲ့ပုဂ္ဂိုလ်တွေ အင်္ဂလိပ်လို မပြောဘဲနဲ့ သူတို့ဘာသာစကားနဲ့ ပြောလိုက်ရင် ခင်မင်ရင်းနှီးမှုက ပိုပြီးတော့ ဖြစ်လာတယ်။
အညာဟိုက်ဆေးရိုး ဆိုရင် သဘောတွေကိုကျလို့။

🌿မြန်မာနိုင်ငံမှာ မင်္ဂလာပါဆိုတဲ့စကားလုံးကို တွင်တွင်ကျယ်ကျယ် ဖြစ်အောင်
ဘယ်သူက စပြီးတော့ တီထွင်ခဲ့တာလဲလို့ဆိုတာကို အမျိုးသမီးကြီးတစ်ယောက်က ပြောဖူးတာတော့ မြန်မာနိုင်ငံမှာ စာအုပ်တွေ ရေးပြီးတော့ ပညာရေးဘက်က
ထင်ရှားခဲ့တဲ့ ဒေါက်တာဘွဲ့ရ ဒကာကြီးတစ်ဦး ရှိတယ်။
သူ့နာမည်က ဒေါက်တာမောင်ဖြူးလို့ ခေါ်တယ်။
  ဖြူးသား ထင်ပါရဲ့၊ အဲဒီဒေါက်တာမောင်ဖြူးက စတင်ပြီးတော့
မင်္ဂလာပါလို့ဆိုတာကို သုံးတယ်လို့၊ ဟုတ် မဟုတ်တော့ မသိဘူး၊
အဲဒီလို ပြောတယ်ပေါ့။ စသုံးတာပေမယ့် တွင်ကျယ် လာတာကတော့
အခုနောက်ပိုင်းမှာ ပိုပြီး တွင်ကျယ်လာတယ်။

🌿အင်္ဂလိပ်စကားကို ဘာသာပြန်ပြီးတော့ ကောင်းသောနံနက်ခင်း ဖြစ်ပါစေ လို့ ပြောကြတာတွေလည်း ရှိတယ်ပေါ့။ အခုတော့ မင်္ဂလာပါဆိုတဲ့ စကားလုံးကို နိုင်ငံခြားသားတွေက တွင်တွင်ကျယ်ကျယ် သိတယ်။
ဘုန်းကြီးတို့နဲ့တွေ့တဲ့အခါလည်း မင်္ဂလာပါဆိုတဲ့ စကားလုံးကို
ရှေ့ဦးစွာ သူတို့နှုတ်ဆက်တယ်။

🌿အဲတော့ မြန်မာလူမျိုးတွေရဲ့မင်္ဂလာပါ ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရ၊
မြတ်စွာဘုရားဟောတဲ့ မင်္ဂလာရဲ့ အနှစ်သာရကို သိရှိနားလည်ပြီး
ဘုန်းကြီးတို့တစ်တွေ လိုက်နာကျင့်သုံး ကြမယ်ဆိုရင် ဒီဘဝမှာ
ကြီးပွားတိုးတက်မှုတွေ ရရှိမှာ သေချာတယ်။

🌿မြတ်စွာဘုရားတရားတော်ဟာ သံသရာဝဋ်ကကျွတ်ဖို့၊ နိဗ္ဗာန်ရဖို့ချည်း
ဟောတာ မဟုတ်ဘူး။ လောကမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေး
ဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှုရေးတွေ လူ့ချမ်းသာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့
နည်းလမ်းတွေကို ဟောထားတာ၊ အများကြီးပဲ။ များသောအားဖြင့်
မြန်မာလူမျိုးတွေမှာ ပိဋကတတ်စာပေက ပါဠိလို ရေးထားတာဖြစ်သောကြောင့် ပိဋကတ်စာပေကို မဖတ်ရှုနိုင်တဲ့အခါ များသောအားဖြင့်လည်း
ဟောတဲ့အခါ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ဟောထားတာ
များသည့်အတွက်ကြောင့် ဗုဒ္ဓ ဟာကြား ထားတဲ့ အခြေခံဖွံ့ဖြိုးတိုးတက်မှု
ဆိုတာတွေဟာ သိရှိကြသော်လည်း အရေးမပါသလို ဖြစ်လာတယ်။

🌿သို့သော် မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးကြမယ်
 စီးပွားရှာတဲ့အခါပဲ ဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားရဲ့အဆုံးအမ လမ်းညွှန်ချက်အတိုင်း လုပ်သွားမယ် ဆိုရင်
အလွန်ပြီးပြည့်စုံတဲ့ ဆုံးမသွန်သင်ချက်တွေဆိုတာ လေ့လာ တွေ့ရှိရတယ်။

🌿ဒီကနေ့ ဒီမင်္ဂလာပါဆိုတဲ့စကားလုံးနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရဲ့
အဆုံးအမဟာ နိဗ္ဗာန်ရဖို့ တစ်ခုတည်း ဦးတည်ဟောတာ မဟုတ်ဘူး။
လူ့ဘဝရောက်လာပြီဆိုရင် ကြီးပွားတိုးတက်ဖို့အတွက် လမ်းစဉ်ချမှတ်ပေးတဲ့
အဆုံးအမတရား ဖြစ်တယ်။ အဲဒီအဆုံးအမ အတိုင်း ဘုန်းကြီးတို့တစ်တွေ
လိုက်နာပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက် ကျင့်သုံးမယ်ဆိုရင်
စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာတဲ့ ဖွံ့ဖြိုးတဲ့ မိမိတို့ရဲ့မိသားစု၊ ဖွံ့ဖြိုးတိုးတက်တဲ့
လူ့အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ ကုမ္ပဏီ၊ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ ရွာ ဒေသ၊
နောက်ဆုံး နိုင်ငံအထိအောင် ဗုဒ္ဓရဲ့အဆုံးအမတွေ လိုက်နာကျင့်သုံးခြင်းအားဖြင့်
ပြဿနာတွေ အေးငြိမ်းပြီးတော့ အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်တဲ့
အနေအထားမျိုး ရှိတယ်။

🌿သို့သော် မြတ်စွာဘုရားရဲ့အဆုံးအမကို သေသေချာချာမသိတဲ့ ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားရဲ့အဆုံးအမဟာ ဟိုဟာ မလုပ်ရဘူး၊ ဒါ မလုပ်ရဘူးဆိုတဲ့ ဆိုပါစို့ ငါးပါးသီလ ဒါတွေ ရှောင်ရတယ်ဆိုတာနဲ့ ပတ်သက်လာတဲ့အခါမှာ တချို့ပုဂ္ဂိုလ်တွေရဲ့ misunderstanding ဖြစ်တာတွေ ရှိတယ်။ လွဲလွဲမှားမှား အထင်ရောက်ပြီးတော့ သူတို့ပြောတဲ့ စကားနဲ့ဆိုရင် ဗုဒ္ဓဘာသာဖြစ်လို့ရှိရင် ကြီးပွားတိုးတက်တာ မဖြစ်နိုင်ဘူးလို့ ဒီလိုတောင်မှပဲ ယူဆပြောဆိုနေကြတာ ရှိတယ်ပေါ့။

🌿သို့သော် တစ်ချို့ပုဂ္ဂိုလ်တွေအနေနဲ့ စီးပွားရှာတဲ့အခါမှာ ဗုဒ္ဓတရားတော်အရ သမ္မာအာဇီဝဖြစ်အောင် စီးပွားရှာဖို့ဆိုတဲ့ ဒီအကန့်အသတ်တွေကို စီးပွား မဖြစ်နိုင်ဘူးလို့ ဒီလို ယူဆကြတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ တကယ်တော့ ဒါက မမှန်ကန်တဲ့အတွေးအခေါ်၊ မမှန်ကန်တဲ့အယူအဆသာ ဖြစ်တယ်ပေါ့။

🌿တကယ့်ကို မြတ်စွာဘုရားတရားတော်အတိုင်း သမ္မာအာဇီဝဖြစ်ပြီး
စီးပွားရှာမယ်ဆိုရင် ကိုယ့်အတွက်လည်း ကြီးပွား တိုးတက်နိုင်တယ်၊ အများပြည်သူအတွက်လည်း ချမ်းသာစေနိုင်တယ် ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ဗုဒ္ဓဘာသာနိုင်ငံ ဘုရားတရားတော်နှင့်အညီ စီးပွားရှာရင် စီးပွားမတိုးတက်ဘူးလို့
ထင်ကြတာ။ တကယ်ကတော့ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ပြည့်ပြည့်ဝဝ
လိုက်နာပြီး စီးပွားရှာမယ်ဆိုရင် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက် လာနိုင်တယ်လို့
ဒီလိုပြောတာ။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
"မြန်မာတို့ရဲ့ မင်္ဂလာပါ"တရားဒေသနာမှကောက်နှုတ်ချက်။

♥♥♥ စည်လုံးညီညွတ်ရေးအတွက် ဓမ္မအရည်အသွေးများ ♥♥♥

ကိုယ်ကျင့်သီလနှင့် အယူဝါဒ အမြင်တူညီသော ပုဂ္ဂိုလ်များ၏ အဖွဲ့အစည်း ကို 
'သံဃ' ဟု ခေါ်၏။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းမှန်သမျှ ကိုယ်ကျင့်သီလနှင့် ပြည့်စုံရပါမည်။ ပါတိမောက္ခသံဝရသီလကို အခြေခံထား၍ 
ဣန္ဒြိယသံဝရ= (ဣန္ဒြေ ကို စောင့်စည်းခြင်း)၊ 
အာဇီဝပါရိသုဒ္ဓိ=(အသက်မွေးမှု သန့်ရှင်း စင်ကြယ်ခြင်း)၊ 
ပစ္စယ သန္နိဿိတ=(သက်ရှင်တည်နေကြောင်း ပစ္စည်းကို သုံးစွဲရာ၌ 
ကျိုးကြောင်းဆင်ခြင်ခြင်း) တို့ကို ပြည့်စုံစေရမည်။ 

 သမ္မာဒဿန=(မှန်ကန်သောအမြင် ရှိရမည်)။ 
တူညီသောသီလ နှင့် အယူဝါဒကို အခြေခံ၍ ဖွဲ့စည်းထားသဖြင့် 
သံဃာ့အဖွဲ့အစည်းသည် အများအား ဖြင့် ညီညွတ်၏။ 
အငြင်းအခုံပြဿနာများ ကင်း၏၊ အချင်းချင်း 'နို့နှင့် ရေ' ရောထား သည့်ပမာ ကွဲပြားခြားနားမှုမရှိအောင် စည်းလုံး၏။ 'ချစ်သော မျက်လုံး' များဖြင့် 
တစ်ပါးနှင့်တစ်ပါး ကြည့်ရှုကြ၏။ 

သို့ရာတွင် ရံဖန်ရံခါ ညီညွတ်စည်းလုံးစေနိုင်သည့် အရည်အချင်းများ ယုတ်လျော့သွားသည့်အခါ၌ စည်းလုံးညီညွတ်မှု ပျက်ပြားသွား၏။ အချင်းချင်း 
နာကျည်းအောင် ပြောဆိုဆဲရေးခြင်းဖြင့် 'နှုတ်လှံ' ထိုးတတ်၏။ 
သံဃာ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာတတ်သည့် ညီညွတ်မှုပျက်ပြား 
အငြင်း ပွားမှုများ မဖြစ်ပေါ်စေရန် ရဟန်းတိုင်း ပြည့်စုံသင့်သော 
အရည်အချင်း ၁ဝ မျိုးကို ဗုဒ္ဓ မြတ်စွာ ဟောကြားတော်မူခဲ့၏။ 
 ''ရဟန်းတို့၊ ကြည်ညိုလေးစားတတ်၍ အမြဲသတိရှိရှိ ပြည့်စုံစေရမည့် 
အရည် အချင်းဆယ်မျိုး ရှိသည်။ ဤအရည်အချင်း ဆယ်မျိုးသည် စည်းလုံးရေး, 
ဝိဝါဒကင်းရေး, ညီညွတ်၍ တလုံးတစည်းတည်း အရည်အချင်း 
ဆယ်မျိုးမှာ ဤသို့ ဖြစ်၏။

 (၁) ကိုယ်ကျင့်သီလ 
•••••••••••••••••••••• 
ကိုယ်ကျင့်သီလ ရှိရမည်။ 
ပါတိမောက္ခသံဝရဖြင့် စောင့်စည်းရမည်။ ကိုယ်ကျင့် တရား (အာစာရ), 
သွားလာနေထိုင်ရာ (ဂေါစရ), သို့မဟုတ် စိတ်၏ကျက်စားရာ 
(ဂေါစရ)နှင့် ပြည့်စုံရမည်။ သေးငယ်သည့် အပြစ်ကိုပင် အလေးအနက်
ထားကာ ကြောက်စရာအဖြစ် ရှုမြင်ပြီး သိက္ခာပုဒ်များကို 
ခံယူလိုက်နာကျင့်သုံးရမည်။ 

 (၂) ဗဟုသုတ 
••••••••••••••• 
ဗဟုသုတရှိရမည်။ ကြားနာသင်ယူပြီး ကျမ်းစာများကို ဆောင်ထား, 
နှလုံးသား တွင် သိုမှီးထားရမည်။ အစ,အလယ်,အဆုံး ပြည့်ပြည့်စုံစုံ 
ကောင်းသည့် အနက်အဓိပ္ပာယ် စကားဝါကျ ကြွယ်ဝ၍ လုံးဝပြည့်စုံ သန့်ရှင်းသော အကျင့်မြတ်ကို ဖွင့်ဆိုသော ဓမ္မ များကို များစွာသင်ယူပြီး ဖြစ်ရမည်။ 
ဆောင်ထားခြင်း, ရွတ်ဆိုလေ့ကျင့်ခြင်း, စူးစမ်း ဆင်ခြင်ခြင်း, အသိဉာဏ်ဖြင့် 
ထိုးထွင်းသိမြင်ပြီး ဖြစ်ရမည်။

 (၃) ကလျာဏမိတ္တ 
••••••••••••••••••• 
မိတ်ကောင်းဆွေကောင်း ရှိရမည်။ မိတ်ကောင်းဆွေကောင်းကို 
လိုလား နှစ်သက်သူ ဖြစ်ရမည်။ 

 (၄) သုဝစ 
••••••••••• 
အပြောအဆို လွယ်ကူသူ ဖြစ်ရမည်။ 
ပြောရဆိုရ လွယ်ကူစေသည့် သဘာဝ များနှင့် ပြည့်စုံရမည်။ 
သည်းခံတတ်ပြီး အကြံပေးချက် ဆုံးမချက်များကို 
လေးစားစွာ မှတ်ယူသူ ဖြစ်ရမည်။ 

 (၅) ဒကၡ 
••••••••• 
သီတင်းသုံးဖော်များ၏ ကိစ္စကြီးငယ်များကို ဆောင်ရွက်ရေး၌ 
လိမ္မာကျွမ်းကျင်ပြီး မပျင်းမရိ ဆောင်ရွက်တတ်သူ ဖြစ်ရမည်။ 
အလုပ်ကိစ္စ ပြီးစီးကြောင်း အကြံကောင်း ဉာဏ်ကောင်းများရှိပြီး 
ကိုယ်တိုင် ဆောင်ရွက်နိုင်သူ, စီမံခန့်ခွဲတတ်သူ ဖြစ်ရမည်။

 (၆) ဓမၼကာမ 
•••••••••••••• 
ဓမ္မကို မြတ်နိုးသူ, မြတ်နိုးကြောင်း ပြသတတ်သူ, အဘိဓမၼာ အဘိဝိနယ 
အရာ၌ အလြန္စိတ္ပါဝင္စားသူ, ဝမ်းသာအားရရှိသူ ဖြစ်ရမည်။ 

(၇) အာရဒၶဝီရိယ 
•••••••••••••••••• 
အကုသိုလ်တရား ဖယ်ရှားခြင်း, ကုသိုလ်တရား ပြည့်စုံအောင် 
ဆောင်ရွက်ခြင်း ၌ အားထုတ်ကြိုးပမ်းခြင်း ဝီရိယရှိရမည်။ 
ကုသိုလ်တရားနှင့် ပြည့်စုံရေး၌ စွမ်းအားရှိပြီး အခိုင်အမာ အားထုတ်သူ, 
အားထုတ်မှုကို မည်သည့်အခါမျှ မစွန့်လွှတ်သူ ဖြစ်ရမည်။ 

(၈) သန္တုဋ္ဌ
 •••••••••••• 
ပစ္စည်းလေးဖြာ ရရာဖြင့် ရောင့်ရဲခြင်း ရှိရမည်။ 

(၉) သတိမာ 
••••••••••••• 
သတိရှိရမည်။ ထူးကဲ့သော သတိ, ရင့်ကျက်သော ပညာဖြင့် ပြည့်စုံရမည်။ 
ကာလရှည်ကြာက လုပ်ခဲ့ပြောခဲ့သမျှ မှတ်မိသူ ဖြစ်ရမည်။

 (၁ဝ) ပညဝါ 
••••••••••••• 
ပညာရှိရမည်။ ဖြစ်မှုပျက်မှုကို သိသော ပညာ, ထူးခြားစွာ ကိလေသာကို ထိုးဖောက်ဖျက်နိုင်သော ပညာှ ဒုက္ခချုပ်ငြိမ်းခြင်းသို့ ကောင်းစွာ 
စွမ်းဆောင်နိုင်သော ပညာမျိုး ရှိရမည်။ ဗုဒ္ဓဟောကြားတော်မူအပ်သော 
ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံပါလျှင် စည်းလုံးညီညွတ်သော 
အဖွဲ့အစည်းများအဖြစ် ထာဝရ ရပ်တည်နိုင်မည် ဖြစ်ပါသတည်း။ 

သတိထား စောင့်ကြည့်ရမည့် ဣဿာ နှင့် မစ္ဆရိယ

ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ စိတ်ရဲ့ အညစ်အကြေးတွေက 
ဘာတွေတုန်းဆိုတော့ ပထမ "ဣဿာ" တဲ့ ၊ ဣဿာဆိုတာ သူတစ်ပါးကို 
ဂုဏ်မပြုနိုင်တာ ၊အကောင်းမပြောနိုင်တာ၊ဣဿာရှိရင် အကောင်း မပြောနိုင်ဘူး၊ Congratulations မလုပ်နိုင်ဘူးပေါ့လေ။ လူတစ်ယောက် အောင်မြင်လာပြီး 
စည်းစိမ်ချမ်းသာ ရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး ၊ 
မပျော်နိုင်ဘူး ၊ လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး ၊ မရှုစိမ့်ဘူး ၊ 
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ် ၊ Jealousy ပေါ့ ၊

 ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ် ၊ 
စိတ်ဆိုးတာ မဟုတ်ဘူး ၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ် ၊ 
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလို ဖြစ်တယ် ၊ 
အကောင်း မပြောနိုင်ဘူး ၊ ဒါ ဣဿာပဲ ။ 

နောက်တစ်ခုက "မစ္ဆရိယ" ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို 
မရစေချင်တာ ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ် ၊ 
ဒါ မစ္ဆရိယလို့ ခေါ်တယ် ။ မစ္ဆရိယဆိုတာလည်း အတူတူပဲ ၊ ဒေါသနဲ့ ယှဉ်တွဲတယ် ၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ ၊ "နှမြောအိုးမို့ ဘာမှ မလှူဘူး ၊ မတန်းဘူး ၊ မပေးဘူး ၊ မကမ်းဘူး" လို့ ပြောကြတယ် ၊ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး ၊ မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး ၊ 
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး ၊ 
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ ။ 

မစ္ဆရိယက ၅-မျိုး ရှိတယ် ။ (၁) အာဝါသမစ္ဆရိယ တဲ့ ၊ ကိုယ့်နေတဲ့ နေရာမှာ 
သူများလာနေရင် မကြိုက်တာ ၊ ဟုတ်လား ၊ ကိုယ့်အဆောက်အဦထဲ သူများလာရင် မကြိုက်တာဟာ "အာဝါသ မစ္ဆရိယ" နော် ။ "အာဝါသမစ္ဆရိယ" ဆိုတာ အိမ်မှာတင် 
မစ္ဆရိယ ဖြစ်တာ မဟုတ်ဘူး ၊ မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ် ၊ အနားနားမှာ ဒီပြင်လူ လာထိုင်မှာ စိုးလို့ ၊ အထုပ်လေး တင်ထားမယ် ၊မထိုင်စေချင်ဘူး ၊ 
နေရာ မပေးချင်ဘူး ၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ ။ 

(၂) "ကုလမစ္ဆရိယ" ကိုယ်နဲ့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ 
မိတ်ဆွေဖွဲ့ရင် မကြိုက်တာ ၊ ကုလမစ္ဆရိယ ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ ၊ 
ဒကာမကို သူများ ဒကာ ၊ ဒကာမ ဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ ၊ 
ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး ၊ ကုလမစ္ဆရိယ ။ 

 (၃) "လာဘမစ္ဆရိယ" ၊ ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ ။ 
 (၄) "ဝဏ္ဏမစ္ဆရိယ" ဆိုတာ ကျော်ကြားမှုနဲ့ ပတ်သတ်လို့ ရှိရင် ကိုယ်ပဲ 
ကျော်ကြားချင်တယ် ၊ သူများ မကျော်ကြားစေချင်ဘူး ။ 

(၅) "ဓမ္မမစ္ဆရိယ" ဆိုတာ ကိုယ်သိတဲ့တရားကို သူများမပေးချင်ဘူး ၊ ကိုယ်သိတဲ့ 
ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး ၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ ၊ တစ်လောကလုံးရဲ့ ဂုရုကြီး ၊ သူပဲ သိတယ် ၊ ကျန်တဲ့ လူတွေ 
မသိရဘူး ၊ အဲဒါမျိုး လုပ်ချင်တာ ၊ အဲဒါ ဓမ္မမစ္ဆရိယလို့ ခေါ်တယ် ။

 "အာဝါသမစ္ဆရိယ ၊ ကုလမစ္ဆရိယ ၊ လာဘမစ္ဆရိယ ၊ ဝဏ္ဏမစ္ဆရိယ ၊ ဓမ္မမစ္ဆရိယ" 
ဆိုပြီးတော့ မစ္ဆရိယ ငါးမျိုး ရှိတယ် ၊ မစ္ဆရိယ ဆိုတာ ကိုယ်ရထားတဲ့ 
အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော် ၊ 
ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ် ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံ ဘုရားဖူးပြီး 
တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့ ၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့် ဘာကြည့်ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ အစားကျွေးတာကို 
ကြည့်ချင်တယ် ၊ ပိုစိတ်ဝင်စားတယ် ၊ အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ 
ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး ၊ သူတို့ခမျာ ပိန်ပြီး 
ဆာလောင်နေတာလေ ၊ ညနေ အစာကျွေးမယ့်သူလာလို့ရှိရင် 
သူတို့ ယောက်ယက်ခတ်နေပြီ ၊ အစာကျွေးမယ့်လူက 
အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို 
ပစ်ထည့်လိုက်ပြီဆိုရင် အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ 
အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့ ၊ ဆာနေတာ 
စားလိုက်ပါလား ၊အေးအေးဆေးဆေး မစားဘူး ။ 

ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယ ကြောင့် ၊ သူ ရထားတဲ့ အစာကို 
လာမထိနဲ့ပေါ့ ၊ အဲဒီ အဓိပ္ပါယ်မျိုး ရှိတယ် ။ ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် 
ပါးစပ်ထဲမှာ အစာ ရောက်သွားရင် မာန်ဖီတော့တာပဲ မဟုတ်လား ၊ အဲဒီတော့ 
မစ္ဆရိယ က ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ် ၊ ခွေးကလေး နှစ်ကောင် ၊ 
ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့် ၊ ကိုက်ကြပြီ ၊ 

ဒါကြောင့်မို့ မစ္ဆရိယ ဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ ။ 
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ ။ 
သို့သော် အဲဒီ မစ္ဆရိယ နဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး ၊ 
ဘာဖြစ်လို့တုန်း ၊ အာရုံချင်း မတူဘူး ၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့ ၊ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ် ၊ မစ္ဆရိယဆိုတာ 
ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ် ၊ မတူကြဘူး ။ 
 *******************************
တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော "အဘိဓမ္မာမြတ်ဒေသနာ"တရားဒေသနာမှ
ကောက်နှုတ်ချက် ဖြစ်ပါသည်။

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...