Tuesday, July 28, 2020

★ ❛ အသောကမင်း ❜ ❛ (BC 304-232) ❜ ★

 ပြည်သူများအတွက် ဥယျာဉ်များ, လမ်းများ, ရေတွင်းရေကန်များ, ဆေးရုံများ ပြု ပြင်ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများ ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိ ဝေးကွာသောနိုင်ငံများမှ ကျောင်းသားများပင် 
ပညာလာသင်ကြားကြသည်။ 

 ★ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရိစ္ဆာန်များကိုသတ်ဖြတ်၍ ယစ်ပူဇော်သော
ဓလေ့ကို တားဆီးခဲ့သည်။ တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ 
တည်ထောင်ပေးရုံသာမက, တိရိစ္ဆာန်ဆေးကုသရေး ဌာနများပင် 
တည်ဆောင်ပေစခဲ့သည်။ 

 ★အသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် 
တတိယ သံဃာယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်, တတိယသံဃာယနာတင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် 
အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က (ကိုးတိုင်းကိုးဌာန) 
ပြည်နယ်တို့ကို ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် 
သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။ 

★ကမ္ဘာ.သမိုင်း၌ ဘုန်းလက်ရုံးနှင့်ပြည့်စုံကြ၍ ကျယ်ဝန်းသော 
နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်းတရားကြီး၏အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင်ရှားနည်းမျိူးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ်
ကျော်ကြားခဲ့ပေသည်။ ယင်းသို့ တစ်မူထူးခြား၍ ကျော်ကြားရခြင်းမှာ အသောကမင်းတရားသည် မေတ္တာ, ကရုဏာ, စေတနာတရားတို့ကို 
အရင်းခံထား၍ လူသတ္တဝါအများ၏ လောကီလောကုတ္တရာ 
နှစ်ဖြာချမ်းသာရေးကို ရှေးရူလျက် မိမိ၏နိုင်ငံတော်ကို အခြားအခြားသော 
ဧကရာဇ်တို့ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ 
အုပ်စိုးခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အသောကမင်းတရားကြီး၏ 
ဘွဲ့နာမသည် ဥရောပအနောက်စွန်းမှသည် အာရှတိုက်အရှေ့စွန်းသို့တိုင်အောင် 
ယခုခေတ်အထိ မမှေးမိန်ပဲ အလေးအမြတ်ပြုခြင်းကို 
ခံယူရလျက်ပင်ရှိပေသည်။ 

★(BC-300)ခုနှစ်ခန့်က ဂရိဧကရာဇ် (အယ်လက်ဇနအ သ-ဂရိတ်)၏ 
ဂရိတပ်များသည် အိန္ဒိယအနောက်မြောက်ပိုင်းမှ ဝင်ရောက်တိုက်ခိုက်လာ၍ အိန္ဒု မြစ်ဝှမ်းတစ်ခွင်၌ လွှမ်းမိုးကြီးစိုးလာကြသောအခါ ယင်းတို့အား ဂင်္ဂါမြစ်ဝှမ်းသို့
မရောက်စေရန် တွန်းလှန်တိုက်ခိုက်ခဲ့သည်။ နောင်အခါကျယ်ဝန်းကြီးမားသော မောရိယနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်းတရားကြီး၏ 
မြေးတော်ဖြစ်သော သီရိဓမ္မာသောကမင်းဟုလည်း ခေါ်တွင်သော 
အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့် ဓမ္မာမိဖုရားတို့၏ 
သားတော်တစ်ပါးဖြစ်ပေသည်။ 

(BC-304)ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟုခန့်မှန်းကြသည်။ အသောကမင်းအရွယ်
ရောက်လျှင် အဝန္တိတိုင်း, ဥဇ္ဇေနီပြည်ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား 
မင်းသားဘဝ၌ပင် သာကီဝင်သူဌေးသမီးဖြစ်သော ဝေဋိသဒေဝီကို ယူခဲ့၍ 
နောင်အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ်တစ်ပါးဖြစ်လာသော 
ရှင်မဟိန္ဒထေရ်လောင်းနှင့် သင်္ဃမိတ္တာထေရီလောင်း, သားတော်နှင့် 
သမီးတော်တို့ကို ရခဲ့သည်။ 

★တစ်ခါတစ်ပါး ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တော်မူသည်ဟု 
ကြားသိရလျှင် အသောကမင်းသည် ဝေဋိသဒေဝီနှင့် သားတော်သမီးတော်တို့ကို ဥဇ္ဇေနီပြည်၌ပင်ထားခဲ့၍ ခမည်းတော်ရှိရာ ပါဋလိပုတ္တနေပြည်တော်သို့ 
အလျင်အမြန်လာခဲ့၍ ခမည်းတော်အားလုပ်ကျွေးပြုစုသည်။ 
ခမည်းတော် ခန္ဓာငြိမ်းလျှင် နိုင်ငံအလုံးကိုသိမ်းပိုက်လိုက်လေသည်။ 
ထိုအခါ တက္ကသိုလ်ပြည်၌ သူပုန်သူကန်တို့ကိုနှိမ်နင်းနေသည့် 
နောင်တော်သုမန မင်းသား ခေါင်းဆောင်သော 
(အသောကမင်းသားနှင့် တစ်မိတည်းမဟုတ်သည့် ) 
(ကိုးကျိပ်ကိုးယောက်)သော ညီနောင်မင်းသားတို့သည် သမုဒ္ဒရာလှိုင်းထ 
သကဲ့သို့ စစ်ကြီးချီလာ၍ ပါဋလိပုတ္တနေပြည်တော်ကို ဝန်းရံလုပ်ကြံ
ကြသော်လည်း အရေးမလှကြပဲ သေကြေပျက်စီး ကြရလေသည်။ 

★အသောကမင်းသည် ထီးနန်းကိုသိမ်းပိုက်ပြီး၍ (၄)နှစ်ကြာမှသာလျှင် 
(BC-270 ပြည့်ဟု ခန့်မှန်းကြသည်) ရာဇဘိသေကကို ခံယူတော်မူသည်။ စာပေအထောက်အထားများအရ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ 
သူပုန်သူကန်ရန်ကို နှိမ်နှင်းခြင်းစသော နိုင်ငံနော်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်လျက်ရှိနေကြောင်း ယူဆရပေသည်။ 

ဘိုးတော်နှင့် ခမည်းတော်တို့နည်းတူ နိုင်ငံတော်ကိုချဲ့ထွင်ခဲ့ကြောင်းလည်း 
သိရသည်။ ရာဇဘိသေကခံယူသောအခါ (ဒေဝါနံပီယ)ဟူသော ဘွဲ့ကိုလည်းကောင်း, 
(ပီယဒဿ ီ)ဟူသော ဘွဲ့ကိုလည်းကောင်း ခံယူသည်။ 
တစ်မိတည်းဖွား ညီတော်ဖြစ်သော တိဿ 
ကုမာရ အား အိမ်ရှေ့အရာအပ်နှင်းသည်။ 

အဂ္ဂမဟေသီမိဖုရားကြီးကား 
အသန္ဓီမိတ္တတည်း။ ဝေဋိသဒေဝီသည် သားတော် မဟိန္ဓ နှင့် သမီးတော် 
သိင်္ဃမိတ္တာတို့ကို ပါဋလိပုတ္တနေပြည်တော်သို့ ပို့စေ၍ မိမိမူ ဝေဒိဿ 
ဂီရိမြို့၌ပင် နေလေသည်။ မင်းတရားကြီးသည် နိုင်ငံနော်အုပ်ချူ ပ်ရေးကို 
စည်းစနစ်ကျနစွာဖြင့် ဆောင်ရွက်သည်။ နိုင်ငံတော်အတွင်း၌ နယ်ပယ်အသီးသီးသို့ မင်းညီမင်းသားများနှင့် ယုံကြည်စိတ်ချရသော အမတ်ကြီးများကို စေလွှတ်ကာ
အုပ်ချူ ပ်စေသည်။ ပြည်နယ်ကြီးများ အုပ်ချူ ပ်ရသူကို ရာဇူကဟုခေါ်၍ ခရိုင်ဝန်အဆင့်အတန်းရှိသူများကို ပြာဒီသိကဟု ခေါ်သည်။ 

နိုင်ငံနော်တစ်ခုလုံးကို ဌာနအသီးသီးခွဲ၍ အုပ်ချူပ်စေရာ, ဌာနတာဝန်ခံကို 
မုခဟုလည်းခေါ်၍ မဟာမတ္တဟုလည်းခေါ်သည်။ အုပ်ချူ ပ်ရေးအတွက် 
ခွဲခြားထားသော ဌာနများတွင် စက်မှုလက်မှုလုပ်ငန်းဌာန, အခွန်တော်စည်းကြပ်ရေး
ဌာနနှင့် စစ်တမ်းကောက်ယူရေးဌာန, နိုင်ငံတွင်း နိုင်ငံပ ကူးသန်းရောင်းဝယ်ရေးဌာန, တိုင်းရင်းထွက်ကုန်ပစ္စည်းများ စီမံခန့်ခွဲရေးဌာန, 
အမြတ်တော်ကြေးဌာနတို့လည်း ပါဝင်သည်။ 

★စစ်ဘက်၌လည်း ယင်းသို့ပင် ဌာနများခွဲ၍ အုပ်ချူ ပ်ရာ ရေကြောင်း, 
စားနပ်ရိက္ခာ, ခြေလျင်တပ်, မြင်းတပ်, ရထားတပ်, ဆင်တပ် စသည့်ဌာနတို့ဖြစ်သည်။ အခြားနိုင်ငံများနှင့်လည်း သံတမန်လဲလှယ်ဆက်သွယ်ကာ ချစ်ကြည်စွာဆက်ဆံခဲ့ရာ ဂရိနိုင်ငံသည်လည်း အသောကမင်းကြီး၏ မောရိယနိုင်ငံတော်နှင့် 
အဆက်အသွယ်ရှိခဲ့သည်။ 

အုပ်ချူ ပ်ရေးကို ဆောင်ရွက်ရာ၌ မင်းတရားကြီးသည် အချိန်မရွေး နေရာမရွေးဆောင်ရွက်သည်။ နိုင်ငံငြိမ်းချမ်းသာယာမှုကို မင်းတရားကြီးသည် ကိုယ်ရေးထက်မကပင် အလေးပြုပေသည်။ အသောကမင်းတရားကြီးရေးထိုးခဲ့သော ကျောက်စာတစ်ချပ်၌- ❛❛တစ်လောကလုံး၏ ကောင်းကျိူးချမ်းသာအတွက် ဆောင်ရွက်ရန်တာဝန်ထက် ကြီးလေးသော တာဝန်သည်မရှိ။ ငါကြီုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်သမျှတို့သည်လည်း ဝေနေယျ သတ္တဝါတို့အား 
ဤပစ္စုပ္ပန်ဘဝ၌ ချမ်းသာသုခဖြစ်စေရုံသာမက နောင်တမလွန်ဘဝပါ 
ကောင်းရာသုဂတိသို့ ရောက်ကြစေခြင်းငှာ ငါ၌ ဆောင်ရွက်သည့်တာဝန်တည်း
ဟူသော ကြွေးမြီမှ လွတ်ကင်းစေရန်ဖြစ်သည်❞ဟူ၍ ပါရှိလေသည်။ 

★ဆိုခဲ့သည့်အတိုင်း မင်းတရားကြီးသည် ကျယ်ပြန့်သော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီးကို စနစ်တကျ စီမံခန့်ခွဲအုပ်ချူပ်
နိုင်ခဲ့လေရာ မင်းတရားကြီး၏ အမိန့်ရာဇသံကို ပါဋလိပုတ္တနေပြည်တေည်မှ 
အိန္ဒု မြစ်ဝှမ်းသို့ တိုင်လည်းကောင်း, အာရေဗျပင်လယ်သို့တိုင်လည်းကောင်း 
မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။ အသောကမင်းတရားကြီးသည် ဖွားတော်မူသည်မှစ၍ မင်းအဖြစ်သို့ရောက်သည့်တိုင်အောင် မျိူးရိုးစဉ်လာအတိုင်း ဗြဟ္မဏအယူဝါဒီတစ်ဦးဖြစ်သည်။ ဘိုးတော်, ခမည်းတော်တို့ ပြုသကဲ့သို့ပင် 
အာဇီဝကတို့အား ကိုးကွယ်၍ နေ့စဉ် အာဇီဝက (၆၀ ၀၀၀)တို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။ 

သို့သော် ဘိသိက်ခံ၍ (၄)နှစ်မြောက်ပြီးနောက်တွင် နိဂြောဓ သာမဏေငယ်ကို 
အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော ဥပသကာတစ်ဦး
ဖြစ်လာပြီးလျှင် သာမဏေငယ်၏ ဆရာတော်ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့်တကွ များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ်
ကိုးကွယ်သည်။ ရဟန်းသံဃာတို့နေစိမ့်သောငှာ ပါဋလိပုတ္တနေပြည်တော်၏ 
အရှေ့နောင်ဘက်၌ အသောကာရာမကျောင်းတော်ကြီးကို ဆောက်လုပ်လှူ 
ဒါန်းခဲ့ရာ အသောကမင်းတရားကြီး၏ ပထမဆုံးသော 
ကုသိုလ်တော်အဆောက်အအုံကြီး ဖြစ်ပေသည်။ 

★ရာဇဘိသေက ခံယူပြီးနောက် (၈)နှစ်အကြာ (BC-262)ခုနှစ်တွင် 
အသောကမင်းကြီးသည် အရှေ့ဘက်ပင်လယ်ကမ်းခြေ, မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့
စပ်ကြားရှိ ကလိင်္ဂတိုင်း(သြရိဿ )တိုင်းကို သိမ်းသွင်းရန် ရေတပ်, ကြည်းတပ် 
အလုံးအရင်းနှင့် ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ထိုအချိန်တွင် 
အသောကမင်းကြီး၏ နိုင်ငံတော်သည် တောင်ဘက်စွန်းပြည်နယ်ငယ်အချို့မှအပ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး ပါဝင်ခဲ့လေသည်။ 

★ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရားကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရခြင်း မဖြစ်နိုင်တော့ပေ။ သွေးချောင်းစီးအောင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက 
သေကြေပျက်ဆီးကြရသည်။ ထောင်သောင်းချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်။ 
ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရသောအခါ 
လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မိခြင်းကို 
ယူကြုံးမရဖြစ်မိသည်။ 

ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား, 
ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက်အခိုက်၌ 
များစွာငြီးငွေ့ စက်ဆုတ်သွားသည်။ နိုင်ငံသူနိုင်ငံသားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသောစိတ်များဖြစ်ပေါ်လာသည်။ ထို့ကြောင့် မိမိထက်
အင်အားငယ်သော နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့်
 ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ 

 ★ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ မေတ္တာတရားနှင့် 
ဂရုဏာတရားတို့ကို အရင်းခံထား၍ သူတစ်ပါးအား ညှင်းပန်းနှိပ်စက်မှုကို 
မလိုလား, အားမပေးသော ဗုဒ္ဓအယူဝါဒကို ပို၍ကြည်ညိုလေးစားကာ 
ထက်ထက်သန်သန်ဆည်းကပ် ကိုးကွယ်ခြင်းကို 
ပြု ပြီးလျှင် သာသနာတော်ကိုများစွာ ချီးမြောက်တော်မူသည်။ 

တရားတော်နှင့်လျော်ညီစွာ နေထိုင်ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း 
ကိုယ်စိတ်နှစ်ပါးကို အထူးပြု ပြင်တော်မူသည်။ မိမိသာမက မိမိ၏မိဖုရား, သားတော်, သမီးတော်, ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ မိမိ၏နိုင်ငံသားအားလုံးတို့၏ ပစ္စုပ္ပန်နှင်တမလွန်အကျိူ း စီးပွားဖြစ်ထွန်းရေး, လူသားအချင်းချင်း, 
ပြည်ထောင်အချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်သော
တရားဓမ္မဖြင့်သာ အောင်မြင်ရာသည်ဟူသော 
ဓမ္မဝိဇယဝါဒကို လိုက်နာကျင့်သုံးစေလေသည်။ 

★နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာသူများ 
ပေါများလာအောင် အားထုတ်သည်။ နိုင်ငံတော်အတွင်း၌ အရာထမ်းအမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ (၅)နှစ်တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို 
လူအများအား ဟောကြားပြသရန် ညွှန်ကြားသည်။ ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ 
အစရှိသော ဘုရားရှင်နှင့်စပ်လျဉ်း၍ အထွက်အမြတ်ထားသော အရပ်များသို့ အဖူးအမျှော်သွားရောက်ပြီးလျှင် ထိုနေရာအရပ်များ၌ အထိမ်းအမှတ်
အဆောက်အအုံများ စိုက်ထူတည်ဆောက်ခဲ့သည်။ 

မိမိဆောင်ရွက်ခဲ့သမျှအကြောင်းအရာများနှင့် တရားဓမ္မအဆုံးအမတို့ကို ကြာရှည်စွာမပျောက်မပျက်တည်တံ့စိမ့်သောငှာ နိုင်ငံတော်အတွင်းရှိ 
နယ်ပယ်အသီးသီးတို့၌ ကျောက်တိုင်များ, ကျောက်ပြားများ, ကျောက်ဂူ 
လိုဏ်နံရံများတွင် ကမ္ဗည်းကျောက်စာထွင်း၍ အနှံ့အပြား၌ မော်ကွန်းထားခဲ့သည်။ နိုင်ငံတော်အတွင်း အနှံ့အပြညး၌ မော်ကွန်းကျောက်စာများဖြင့် မှတ်တမ်းတင်
ထားခဲ့ရာ မိဂဒါဝုန်, လုမ္ဗိနီ စသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွက်အမြတ်နေရာများ၌
လည်းကောင်း, ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း (၁၀၀၀၀)ကျော်ဝေးသော အိန္ဒိယအနောက်မြောက်ဒေသ ပက်သျှဝါခရိုင်၌လည်းကောင်း, ဘုံဘိုင်ပြည်နယ်အတွင်း၌လည်းကောင်း, သြရိဿ (ကလိင်္ဂတိုင်း) ပြည်နယ်အတွင်း၌လည်းကောင်း, စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး 
နေရာအနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် (၃၀)ကျော်ခန့် 
စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။ 

ကျောက်စာရေးထိုးရာ၌ အက္ခရာနှစ်မျိူး အသုံးပြုကြောင်း တွေ့ရသည်။ 
တစ်မျိူးမှာ လက်ယာမှလက်ဝဲဘက်သို့ရေးရသော ခရောသျှဋ္ဌီအက္ခရာမျိူးဖြစ်၍ 
တစ်မျိူးမှာ ဗြာဟ္မီအက္ခရာမျိူ းဖြစ်ရာ ဒေဝနာဂရီနှင့် ယခုအိန္ဒိယအက္ခရာများ၏ မူလအခြေခံအက္ခရာများဖြစ်ကြသည်။

 မင်းတရားကြီးသည် အယူဝါဒရေးဆိုင်ရာ, လူမှုရေးဆိုင်ရာ အဆောက်အအုံ 
များစွာတို့ကိုလည်း ဆောက်လုပ်ကုသိုလ်ပြုခဲ့သည်။ လူမျိူးမရွေး, ဇာတ်မရွေး, မရှိဆင်းရဲသားတို့အား နေ့စဉ်ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ်ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့သည်။ 

ယင်းတို့အနက် ဗိုပေါပြည်နယ်, ဆန်ချီအရပ်ရှိ သဦ္စစေတီတော်ကြီးသည် အဓိကရထူပါရုံကြီးတစ်ဆူ ဖြစ်ပေသည်။ ဘုရားရှင် ဟော်ကြားတော်မူခဲ့သော 
ဓမ္မက္ခန္ဓာ (၈၄၀၀၀)ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူ ဒိပ်ကျွန်းအလုံး 
နေရာအနှံ့အပြား၌ စေတီတော်ပေါင်း (၈၄၀၀၀), ရေတွင်းရေကန်ပေါင်း 
(၈၄၀၀၀)ကို လှူ ဒါန်းခဲ့သည်။ 

သာသနာ့အမွေခံနိုင်ရန် သားတော်နှင့်သမီးတော်တို့ကိုပင် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ အသောကရာမကျောင်းမှအပ အခြားသော
အရပ်များ၌လည်း သံဃာများအတွက် ကျောင်းများဆောက်လုပ်လှူ ဒါန်းခဲ့၍ 
ပစ္စည်းလေးပါး အထောက်အပံ့လည်း ပေးခဲ့ပေသည်။ 
အသောကမင်းတရားကြီးသည် လူအပေါင်းအား ကိုယ်စိတ်နှစ်ပါး 
ဆင်းရဲအောင် နှိပ်စက်ညှင်းပန်းခြင်းမပြုပေ။ 

မင်းတရားကြီးသည် မိမိတို့နိုင်ငံသားတို့အတွက်သာမဟုတ် ကျောသားရင်သား
မခွဲခြားပဲ ကမ္ဘာတစ်လောကလုံးရှိ လူ,သတ္တဝါတို့၏ ကောင်းကျိူ းချမ်းသာအတွက် လိုလားတော်မူသော စိတ်ထားရှိကြောင်းကို မလိကတိုင်းတွင် စိုက်ထူခဲ့သော ကျောက်စာတစ်ခု၌- ❛❛ငါသည် ငါ၏သားတော်, သမီးတော်တို့အတွက် ဤမျက်မှောက်ဘဝ၌သာမက နောင်တမလွန်ဘဝ၏ ကောင်းကျိူ းကိုပါ လိုလားတော်မူသကဲ့သို့ လူခမ်သိမ်းတို့အတွက်လည်း လိုလားတော်မူသည်။

လက်အောက်ခံ လူမျိူ;တို့၏စိတ်၌ မင်းတရားကြီးသည် 
ငါတို့၏ဖခင်သဖွယ်ဖြစ်ပါပေသည်။ 
ငါတို့ကို သူ့ကိုယ်အား သူချစ်သကဲ့သို့ ချစ်ပါပေသည်။ 
ငါတို့ကား မင်းတရားကြီး၏ သားသမီးသဖွယ်ဖြစ်ပါပေသည်❞ဟူ၍ အောက်မေ့သဘောထားလာရန် ဆောင်ရွက်ရမည်ဟု အရာထမ်းအမှုထမ်းများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားချက်အရ သိရလေသည်။ 

★လူသားတို့အတွက်သာမက တိရိစ္ဆာန်များအပေါ်၌လည်း ကြင်နာသနားထောက်ထားတော်မူသည်။ ဗုဒ္ဓဝါဒီအဖြစ် ကူးပြောင်း
လာပြီးနောက်တွင် သားသတ်ရုံများ၌ အသတ်အဖြတ်လျော့နည်းနိုင်သမျှ 
လျော့နည်းစေသည်။ တိရစ္ဆာန်များအတွက် ရေတွင်းရေကန်များတူးဖော်
ပေးသည့်အပြင် တိရစ္ဆာန်များအတွက် ဆေးရုံများလည်း 
ဆောက်လုပ်ပေးထားလေသည်။ 
Crd: Buhdism Page 

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...