Tuesday, October 22, 2019

သာသနာ တည်အောင် ကြိုးစားတယ်ဆိုတာ

သာသနာတည်အောင် ကြိုးစားတယ်ဆိုတာ
 ---------------------------------------------- 
သာသနာပြုတယ်ဆိုတဲ့အဓိပ္ပါယ်က ကိုယ်တိုင်က သဒ္ဓါတရားရှိတယ်။ 
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုထဲ သဒ္ဓါတရား မရှိသေးဘူးဆိုရင် သဒ္ဓါတရားရှိအောင်လုပ်ပေးတာ၊ ဒါ သာသနာပြုတာပဲ။

ဒီထက်ကောင်းတဲ့ သာသနာပြု ဘယ်ရှိမလဲနော်။လှူတာတန်းတာရောသာသနာပြု မခေါ်နိင်ဘူးလားဆိုရင် အထောက်အကူပြုတယ်လို့ပဲ ပြောရမယ်။ တိုက်ရိုက်
သာသနာပြုတော့ မဟုတ်ဘူး။ တိုက်ရိုက်သာသနာပြုတယ်ဆိုတာကတော့ကိုယ့်မှာ
သီလရှိသလို သူများကို သီလရှိအောင်၊ ကိုယ့်မှာ သဒ္ဓါတရားရှိသလို သူများကို 
သဒ္ဓါတရားရှိအောင်၊ ကိုယ့်မှာ ပညာရှိရင် သူများကို ပညာရှိအောင် 
ဒီလိုပြုတဲ့ပုဂ္ဂိုလ်ကမှ တိုက်ရိုက်သာသာနာပြုတယ်။ 

ကျန်တဲ့လှူတာတန်းတာ ထောက်ပံ့တာ သွယ်ဝိုက်ပြီးတော့ သာသနာပြုတယ်
ပြောရမယ်။ အဲဒီတော့ …အမြဲတမ်းပဲ သွယ်ဝိုက်ပြီးတော့ မနေကြနဲ့နော်။ တိုက်ရိုက်သာသနာပြုဖို့လည်း လုပ်ပေါ့။ လူတွေက များသော အားဖြင့် တယ်ပြီးတော့ဝေ့လည်ကြောင်ပတ်လုပ်တာ များတယ်လေ။ 
ဝေ့နေတာ ဝေ့နေလို့ သံသရာထဲက ထွက်ကိုမထွက်နိုင်တာ။ 
အဲဒီတော့ သံသရာထဲက ထွက်နိုင်အောင်
တိုက်ရိုက်ကြိုးစားဖို့ လိုအပ်တယ်ပေါ့။ 

ကိုယ့်သန္တာန်မှာ သာသနာတည်အောင်ကြိုးစားသင့်တယ်။ အဲဒီလို ကြိုးစားနိုင်မှုဟာ 
အင်မတန်မှ ကျေနပ်စရာ ဖြစ်လာတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ 
အဆုံးအမဟာ ဘယ်မှာ တည်သလဲဆိုရင် ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ တည်တာလေ။မကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ မတည်ဘူး။ အဲဒီတော့ သာသနာဆိုတာ 
မြေကြီးပေါ် တည်တာလည်း မဟုတ်ဘူး။ ကျောင်းပေါ်
တည်တာလည်း မဟုတ်ဘူး။ 

စေတီပေါ် တည်တာလည်း မဟုတ်ဘူး။ ဘယ်မှာ တည်တုန်း။ 
ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ သာသနာတည်တယ်။ ဘယ်လောက်တည်တယ်ဆိုတာ 
ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်။အဲဒီတော့ ဘုရားသာသနာနဲ့ ကြုံပါလျက်သားနဲ့ ကိုယ့်သန္တာန်မှာ သာသနာတစ်ခုမှ မတည်ဘူး။ 

မခိုင်မာဘူးဆိုရင် ဒီထက်ဆုံးရှုံးတာ ဘယ်ရှိမလဲ။မသိလို့ ဆုံးရှုံးသွားတဲ့ 
အနေအထားမျိုး မရှိအောင် ဘုန်းကြီးတို့တတွေ ဘယ်လိုကြိုးစားရမလဲ။ 
၁။ သီလနဲ့ ပြည့်စုံအောင် ကြိုးစားရမယ်။ 
၂။ သီလကို အခြေခံပြီး သမာဓိလုပ်ငန်း ကျင့်စဉ်တွေကိုကြိုးစားရမယ်။ 
၃။ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီး နောက်ဆုံးပန်းတိုင်ထိရောက်အောင် 
ကြိုးစားရမယ်။ အဲဒီလို အဆင့်ဆင့် ကြိုးစားသွားတဲ့ သဘောမျိုးကို 
သာသနာတည်အောင် ကြိုးစားတယ်လို့ခေါ်တယ်။ 
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 
#AshinNandamalabhivamsa 
www.drnandamalabhivamsa.com.mm

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...