Tuesday, October 22, 2019

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဓမ္မဒါနသည်သာ အမြတ်ဆုံး

ဓမၼဒါနသည္သာ အျမတ္ဆုံး
**********************
ဓမ္မပဒအဋ္ဌကထာမှာ အဋ္ဌကထာဆရာက အချက်နှစ်ချက်ပေးထားတယ် ၊ အချက်နှစ်ချက်က ဘာလဲလို့ဆိုရင် လောကမှာလှူမှုတန်းမှု လုပ်နေကြတာတွေဟာ ဓမ္မဒါနဆိုတဲ့ အသိဉာဏ်ရလို့ အသိဉာဏ်ရထားတဲ့အပေါ်မှာ အခြေခံပြီးတော့ လှူဒါန်းမှုပြုလုပ်ကြတယ်။ဆိုလိုတာက တရားဓမ္မနာယူကြရလို့ လူတွေဟာ ဒါနလုပ်နေကြတာ ၊ တရားမနာရရင် ဒါနမလုပ်ဖြစ်ဘူး ၊ ဒါကြောင့် ဓမ္မဒါနက ပိုပြီးအရင်းခံကြတာပေါ့ ၊ ဒါတစ်ခုမှတ်ထားပေါ့နော် ၊ 

ပစ္စည်းဝတ္ထုတွေ ဘယ်လောက်ပဲလှူလှူ၊ အခုလိုတရားပွဲကြီးကျင်းပပြီးတော့ အသိဉာဏ်ကိုပေးလှူလိုက်တာက ၊ ဓမ္မအသိကိုပေးလှူတာ ပိုပြီးကောင်းတယ်၊ ဘာဖြစ်လို့ကောင်းတာတုန်းဆိုတော့ လူတွေဟာတရားနာရမှ သဒ္ဓါတရားတွေဖြစ်လာပြီးဒါနကောင်းမှု ၊ သီလကောင်းမှု ၊ ဘာဝနာကောင်းမှုဆိုတာတွေလုပ်ဖြစ်တာ၊ အဲဒီတော့ ဒီဓမ္မဒါနဆိုတဲ့ ဓမ္မအသိဉာဏ်ကိုပေးလှူတာဟာ ဒါနအားလုံးကို ဖြစ်ပေါ်စေတတ်သည့်အတွက်ကြောင့် အကောင်းဆုံးလို့ ပြောရတယ် ။ ဒါ အဋ္ဌကထာဆရာကြီးက ရှင်းတဲ့တစ်ချက်နော် ၊

 ဒါဖြင့် သူရှင်းတာက အခြေခံကျတဲ့အကြောင်းရင်းကို ရည်ရွယ်ပြောတဲ့ စကားတစ်ခုပဲနော် ၊ အခြေခံကျတယ်ဆိုတဲ့ အကြောင်းတစ်ခုပြောတာ။ နောက် အကြောင်းတစ်ခုပေးလိုက်တာ ရှိသေးတယ် ၊ ဘာတုန်းဆိုတော့ အသိပညာ ဓမ္မဒါနလို့ခေါ်တဲ့ တရားနာရလို့ ၊တစ်ဦးတစ်ယောက်ကမှ တရားကိုရှင်းပြခြင်း ( ရှင်းပြတယ်ဆိုတာ ဓမ္မကိုပေးတာပဲနော် ) ၊ အသိပညာပေးခြင်း မရှိဘူးဆိုရင် ဘုရား ပစ္စေကဗုဒ္ဓါကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ တရားထူး တရားမြတ် မရနိုင်ဘူး။ ရှင်သာရိပုတ္တရာမထေရ်တောင် ရှင်အဿဇိရဲ့ ဖြန့်ဝေမှု ဓမ္မဒါနကိုလက်ခံရရှိမှ သောတာပန်ဖြစ်တာ ၊ ကြည့်လေ ၊ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရဗိုဇ်ကြီးဟာ အမတဆိုတဲ့သေခြင်းကင်းရာတရားကို လိုက်ရှာတယ် ၊ 

ရှာတဲ့အခါမှာ ထိုခေတ်ကခေတ်စားနေတဲ့ နာမည်ကြီး သဥ္စယပရဗိုဇ်ကြီးထံမှာ တပည့်ခံပြီးပရဗိုဇ်လုပ်နေတယ် ၊ သူ့ဆီကပညာတွေသင်လိုက်တယ် ၊ အဲ့ဒီသင်ယူလိုက်တဲ့ ပညာတွေဟာ သူ့ကိုအကျိုးပေးနိုင်စွမ်းမရှိဘူး ၊ ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကိုလှည့်လည်ပြီးရှာရင်း စောင့်စားနေတာအကြာကြီးပဲ ၊ နောက်ဆုံးကျတော့ မြတ်စွာဘုရားပွင့်လို့ ပဥ္စဝဂီငါးဦးကို တရားဓမ္မဟော ၊တရားဟောပြီး သာသနာပြုတွေစေလွှတ်လိုက်တဲ့နောက်မှာ ပဥ္စဝဂီတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိကတစ်ပတ်ပြန်ကျော့ပြီးတော့ ရာဇဂြိုဟ်ကို ရောက်လာတယ် ။ 

 အဲဒီအချိန်မှာ အရှင်သာရိပုတ္တရာအလောင်းက ရှင်အဿဇိကို သွားတွေ့တယ် ၊သူ့ကို မြင်လိုက်တာနဲ့ပဲ ဒီပုဂ္ဂိုလ်ရဲ့အနေအထားကို စိတ်ထဲမှာ ကျေနပ်သွားတယ် ၊ ရင်ထဲမှာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာအနေအထား ၊ ကိုယ်ဣန္ဒြေအမူအယာနဲ့ တရားမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာအနေအထား ၊ ကိုယ်ဣန္ဒြေအမူအယာက လုံးဝ မတူဘူး ၊ ခြားနားတယ် ၊ အကဲခတ်တတ်တဲ့ပုဂ္ဂိုလ်က သိတယ် ၊ရင်ထဲမှာအေးချမ်းနေလို့ရှိရင် မျက်နှာမှာလည်း လာပြီးအရိပ် ထိုးနေတယ် ၊ အေးချမ်းတယ် ၊ ရင်ထဲမှာပူနေလို့ရှိရင်လည်း မျက်နှာမှာလာပြတယ် ၊ အေးချမ်းမှု ရှိ , မရှိ ၊ တရားထူးတရားမြတ် ရှိ , မရှိဆိုတာ သူ့ရဲ့အမူအယာကြည့်တာနဲ့ အကဲခတ်လို့ ရတယ် ။ ရှင်အဿဇိကို မြင်လိုက်တာနဲ့ သူ့ဆရာကြီးထက် ဆပေါင်းများစွာသာတယ် ၊ မျက်နှာအနေအထားကြည့်လိုက်တာနဲ့ တရားထူး တရားမြတ်ရှိရမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားတယ် ၊ 

အဲဒီ အရှင်အဿဇိနောက် လိုက်ပြီးတော့မေးတယ် " ဘယ်သူ့ကိုဦးတည်ပြီး သင်္ကန်းဝတ်တာလဲ ၊ သင့်ဆရာဘယ်သူလဲ ၊ သင့်ဆရာက ဘာတွေဟောလဲပေါ့ " ၊ သင့်ဆရာရဲ့အယူဝါဒကဘာတွေလဲ ၊ သူသိချင်တာ ၊ ဓမ္မကို ရှယ်ယာလုပ်ခိုင်းတာပေါ့ ၊ ရှင်အဿဇိက သူရဟန္တာဖြစ်နေပေမယ့်လို့ ထိုအချိန်မှာ ဓမ္မစကြာတို့ ၊ အနတ္တလက္ခဏသုတ်တို့လောက်ပဲ မြတ်စွာဘုရားဟောသေးတာနော် ၊သုတ္တန်တွေမြောက်များစွာ မထွက်သေးဘူး ၊ ဒါနဲ့ သူရှယ်ယာ လုပ်တာ ဘာလုပ်လဲ ၊ သစ္စာလေးပါးပဲမဟုတ်လား ၊ အဲဒီ သစ္စာလေးပါးကို အကျဉ်းချုံးပြီးပြောလိုက်တာ ၊ " ေယ ဓမၼာ ေဟတုပၸဘဝါ ၊ တေသံဟေတုံ တထာဂတော အာဟ " ။ 

 ဒီဂါထာလေးက မြန်မာနိုင်ငံမှာ အခုခေတ်ပြည်လို့ခေါ်ပြီး ရှေးတုန်းက သရေခေတ္တရာရှိ ရှေးဟောင်းဌာနတစ်ခု မှော်စာခင်ဘကုန်းတို့မှာ တူးဖော်ရရှိတဲ့ ပုရပိုက်မှာ ဒီဂါထာလေး ရေးထားတာတွေ့တယ် ၊ မြန်မာပြည် ဒီဂါထာလေး ရောက်လာတဲ့သဘော ရှိတယ်ပေါ့ ။ - ယေ ဓမ္မာ ဟေတုပ္ပဘဝါ ၊ - တေသံ ဟေတုံ တထာဂတော အာဟ ၊ - တေသဥ္စယော နိရောဓော ၊ - ဧဝံ ဝါဒီ မဟာ သမေဏာ ။ မြတ်စွာဘုရားဟောတဲ့ သစ္စာတရားကို ဂါထာလေးတစ်ပုဒ်နဲ့ အကျဉ်းချုပ် ပြောလိုက်တာ ။ ဆိုလိုတာက " အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေရဲ့ အကြောင်းကိုလည်း ဟောတယ် ၊ အဲဒီအကြောင်းတရားတွေ ချုပ်ငြိမ်းသွားလို့ အကျိုးတရားတွေချုပ်ငြိမ်းသွားတာကိုလည်းဟောတယ် " လို့ ၊ သြော်…အကြောင်းရှိနေလို့ အကျိုးရှိနေတယ် အကြောင်းချုပ်ရင် အကျိုးချုပ်မယ်ဆိုတဲ့ ဒီphilosophy ကိုပြောလိုက်တာပဲနော် ၊ အဲဒါသိဖို့ အင်မတန်ခက်တာ ၊ အဲဒါပြောလိုက်တာ ၊ ဒါ ရှယ်ယာလုပ်လိုက်တာပဲ ၊ သူသိတဲ့ ဓမ္မကိုပေးလိုက်တာ ၊ 

အဲဒါ ဓမ္မဒါနလို့ ခေါ်တယ် ။ အဲဒီ ဓမ္မဒါနကို လက်ခံရရှိလိုက်တဲ့အခါကျတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်အလောင်းဖြစ်တဲ့ ဥပတိဿဟာ အသိဉာဏ်ပွင့်သွားတယ် ၊ အသိဉာဏ်ပွင့်သွားပြီး သံသယကင်းသွားတယ်အမြင်မှားတွေ ပျောက်သွားတယ် ၊ အမြင်မှန်ရသွားတယ် ၊ သောတာပန်ဖြစ်တယ်ဆိုတာ အမြင်မှန်ရတာနဲ့ သံသယကင်းတာ ဒီနှစ်ခုကို ပြောတာ ၊ အမြင်မှန်သွားပြီ ၊ သံသယကင်းသွားပြီ ၊ သောတာပန်မဖြစ်သေးရင် အမြင်မမှန်သေးဘူး ၊ သံသယမကင်းသေးဘူး ၊ ဓမ္မနဲ့ပတ်သက်လို့ သောတာပန်ဖြစ်မှ အမြင်မှန်ပြီး သံသယကင်းတာ ။ ကြည့် ၊ ရှင်အဿဇိကဖြန့်ဝေလိုက်တဲ့ ဒီဓမ္မဒါနကို ရရှိပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထူးခြားတဲ့အသိဉာဏ်ကိုရတယ် နောက်ဆုံးမှာ အဂ္ဂသာဝကဉာဏ်တွေပါရပြီး သာသနာတော်မှာ အင်မတန်မှ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာတာတဲ့ ၊ ကဲ ဒါဖြင့် ရှင်သာရိပုတ္တရာ အသိဉာဏ်တွေရသွားအောင် ဓမ္မဒါနတွေပေးတာက ရှင်အဿဇိ ၊

 အဲဒီ ဓမ္မဒါနကြောင့် အကျိုးဖြစ်ထွန်းသွားတာက ရှင်အဿဇိလား ၊ ရှင်သာရိပုတ္တရာလား ၊ ကဲ လှူတဲ့လူထက် ယူတဲ့လူက အကျိုးပိုရတယ်ဆိုတာမှတ်ထားနော်။ ဒါဆိုတာ ပေးသူအတွက်မဟုတ်ဘူး ၊ ယူသူအတွက်ဟုတ်ရဲ့လား၊ ဒါ မျက်မြင်အားဖြင့်လည်း ယူတဲ့သူကရတာလေ ၊ ပေးတဲ့သူက ပါသွားပြီလေ ၊ ကိုယ့်ဆီကဟာ သူုများပေးလိုက်တာကိုး ၊ ယူတဲ့ သုူက ရတာသေချာတာပေါ့ ၊ ကုသိုလ်ရတာတွေ ဘာတွေ အသာထားနော် ၊ အေး ၊ ဒါနဆိုတာ ပေးသူအတွက် အကျိုးဖြစ် ထွန်းတာထက် ယူသူအတွက်အကျိုးဖြစ်ထွန်းတာကို စံထားပြီး မြတ်စွာဘုရားက အဖြေထုတ်တာ ။ 

ဘာကြောင့် ဓမ္မဒါနက မြတ်သလဲလို့ မေးလိုက်လို့ရှိရင် ဥပမာ - ရှင်အဿဇိက ရှင်သာရိပုတ္တရာကို သင်္ကန်းတစ်စုံလှူမယ် ရင် ဒီသင်္ကန်းက မဟောင်းခင် ၊ မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့ ၊ ဟုတ်ရဲ့လား ၊ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်းပဲ ၊ တစ်ရက်စာပဲ ရမှာပေါ့ ၊ ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲရှိမယ် ၊ သင်္ကန်းအကျိုးပြုမှုကလည်း ဒီလောက်ပဲရှိမယ် ၊ အဆောက်အအုံ လှူလိုက်မယ်ဆိုလို့ရှိရင်လည်း အဆောက်အအုံရဲ့ အကျိုးပြုမှုက ဒီလောက်ပဲရှိမယ် ၊ ဓမ္မဒါနကြောင့် ဓမ္မကိုရသွားတဲ့အခါ အကျိုးပြုတာကျတော့ သံသရာဝဋ်ကလည်း လွတ်သွားတယ် ၊ အသိဉာဏ်တွေလည်း ရသွားတယ် ၊ နိဗ္ဗာန်ထိအောက်လည်း ရောက်သွားတယ်ဆိုတော့ ဘယ်ဟာက အကျိုးတွေများတုန်း (ဓမ္မကိုလှူတာက အကျိုးများတယ် ) ၊ ဒါကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဓမ္မဒါနသည်သာ အမြတ်ဆုံးဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...