Tuesday, October 22, 2019

သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဘာဖြစ်လို့ပြောလဲ

သဒ္ဓါသည် အကောင်းဆုံးဥစ္စာ
*****************************
သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဘာဖြစ်လို့ပြောလဲ ? လောကလူတွေဟာ 
သဒ္ဓါ တရား မရှိရင် ဒါန ကောင်းမှု လုပ်ပါ့မလား၊ သီလ ရော ဆောက်တည်ပါ့မလား၊ ကမ္မဋ္ဌာန်းဘာဝနာ ရော အားထုတ်ပါ့မလား၊ မထုတ်ဘူး။ သဒ္ဓါလို့ဆိုတဲ့ 
စိတ်ဝင်စားမှုလေး ယုံကြည်မှုလေးပေါ်မှာ အခြေခံပြီး လူတွေဟာ ဒါနကောင်းမှုလုပ်တယ်၊ ဒါနကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဘဝသံသရာမှာ ချမ်းသာသုခ ရကြတာချည်းပဲ။ 

လောကမှာ သူဌေးကြီးဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့် - ကိုယ့်ဘဝ ကိုယ့်လက်ထက် ကိုယ်ကြိုးစားလို့ စည်းစိမ်ဥစ္စာ ရလာတာ မရှိ မဟုတ်ဘူး၊ ရှိတယ်။ ဒါလည်း ကံပေးမှ ခိုင်မြဲတယ်၊ ဘဝမှာ အလွန်ချမ်းသာတဲ့ မိသားစုအိမ်ကို ရောက်လာဖို့ဆိုတာ ဘယ်သူက 
ပို့တာလဲ၊ ကံကပို့တာ၊ သဒ္ဓါတရား ရှိခဲ့သည့်အတွက်ကြောင့် သဒ္ဓါတရားက ပို့လိုက်တာလို့ ပြောလို့ရတယ်၊ ချမ်းသာတဲ့ မိသားစုအိမ်မှာ လူလာဖြစ်ဖို့ရန်အတွက် သဒ္ဓါ ရှိခဲ့လို့ ကုသိုလ်ကောင်းမှု လုပ်ခဲ့သည့်အတွက်ကြောင့် သဒ္ဓါတရားက ပို့လိုက်တာ၊ 
သူ့မှာ ပိုင်ဆိုင်တာဘာတုံးဆိုရင် သဒ္ဓါ ဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်တယ်။ 

သဒ္ဓါ ဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်လို့ရှိရင် ဇောတိကလို သူဌေးကြီးမျိုးလည်း ဖြစ်တာပဲ၊ 
ဇောတိက ဘာကြောင့် သူဌေးဖြစ်တုံး? သဒ္ဓါ ရှိခဲ့လို့၊ ဟိုတုန်းက 
ဇဋိလသူဌေးလည်း ဘာကြောင့် သူဌေးဖြစ်တုံး? သဒ္ဓါ ရှိခဲ့လို့။ ဟုတ်ရဲ့လား။ 
သဒ္ဓါကို အရင်းတည်ထားပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ 
ဇောတိက, ဇဋိလ, ပုဏ္ဏ တို့ သူဌေးတွေဖြစ်လာကြရတာတဲ့။ 

ပုဏ္ဏသူဌေး ဆိုရင် ကြည့် - လှူတာက နည်းနည်း၊ ရလိုက်တာက အများကြီး၊ 
ထွန်ထားတဲ့ မြေကြီးခဲတွေ အကုန်ရွှေဖြစ်သွားတယ်၊ ဘယ်သူကပေးတာတုံး၊ 
သဒ္ဓါကပေးတာ။ ဒါကြောင့်မို့ သဒ္ဓါကပေးတဲ့ ပစ္စည်းဥစ္စာဆိုရင် ဖျက်ဆီးလို့ မရဘူး၊ အလွန်ခိုင်မာတယ်။ သဒ္ဓါ ရှိနေပြီဆိုရင် ဘဝသံသရာခရီးမှာ အမြဲ ပြည့်စုံ
လုံလောက်နေနိုင်တယ်။ ဒါကြောင့် သဒ္ဓါဆိုတဲ့ ဥစ္စာပါဖို့ လိုတယ်။ 

ကျန်တဲ့ဥစ္စာ အဓိက မဟုတ်ဘူး၊ သဒ္ဓါဆိုတဲ့ ဥစ္စာကို သူခိုးဓားပြက 
လုယက်တိုက်ခိုက်လို့ မရဘူးတဲ့။ သံသရာခရီး သွားတဲ့အခါမှာ သဒ္ဓါဆိုတဲ့ 
ပစ္စည်းဥစ္စာ ပါသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ လူဖြစ်ရင်လည်း အထက်တန်း၊ 
နတ်ဖြစ်ရင်လည်း အထက်တန်း၊ ဘယ်နေရာပဲဖြစ်ဖြစ် အထက်တန်း
ကျကျ စည်းစိမ်ဥစ္စာ ပြည့်ပြည့်ဝဝနဲ့ ဖြစ်ရတယ်။ 

ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ ဥစ္စာရှိရင် ခုနက စိန်ရှိဖို့လည်း မခဲယဉ်းတော့ဘူး၊ 
ရွှေရှိဖို့လည်း မခဲယဉ်းဘူး၊ တိုက်ရှိဖို့လည်း မခဲယဉ်းဘူး၊ ကားရှိဖို့လည်း 
မခဲယဉ်းဘူး။ အဓိကအကြောင်းကို မြတ်စွာဘုရားက ဖြေတာ။ 
"သဒၶိဓ ဝိတၱံ ပုရိသႆ ေသ႒ံ" သဒ္ဓါဆိုတာ တကယ့်အကောင်းဆုံး ပစ္စည်းဥစ္စာ။ 

လောကမှာ ရသမျှ ပစ္စည်းဥစ္စာ၊ လူ့သမိုင်းမှာ ချမ်းသာတဲ့လူမှန်သမျှ 
သဒ္ဓါတရား အရင်းခံတဲ့ ကံကအကျိုးပေးလို့ ရကြတာ၊ ချမ်းသာကြတာချည်းပဲ။ 
ကံမကောင်း အကြောင်းမလှပြီဆိုရင် ဘာလုပ်လုပ် ပျက်စီးတတ်တယ်။ 
ကံရှိတဲ့ပုဂ္ဂိုလ်မှ အောင်မြင်တယ်၊ ဖြစ်ထွန်းတယ်။ လောကမှာကြိုးစားကြပေမယ့် 
လူတိုင်းရော စီးပွားဖြစ်ရဲ့လား၊ မဖြစ်ဘူး။ မဖြစ်တာ ဘာကြောင့်လဲဆိုရင် 
ဒီ အခြေခံကွဲလွဲချက်တွေ ရှိနေလို့ပဲ။ 

အဲဒီ အခြေခံ ကွဲလွဲချက်ကို ရည်ညွှန်းပြီး မြတ်စွာဘုရားက
 "သဒၶိဓ ဝိတၱံ ပုရိသႆ ေသ႒ံ - သဒ္ဓါတရားဟာ အကောင်းဆုံးသော 
ဥစ္စာတစ်ခုပါ" တဲ့။ အဲဒီတော့ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် 
ပရိသတ်တို့ ဘဝအရေး စိတ်အေးရန်အတွက် ဘာပစ္စည်းစုကြမလဲ၊ သဒ္ဓါဆိုတဲ့
ပစ္စည်းကို စုရမယ်။ "သဒၶါဟူသည္" ဒါဖြင့် သဒ္ဓါဆိုတာ ဘာလဲ၊ ကုသိုလ်ကောင်းမှု 
ပြုလုပ်ရန် စိတ်ဝင်စားနေတာ သဒ္ဓါ၊ ယုံကြည်တာ သက်သက် မဟုတ်ဘူး၊ 
ဘုရား တရား သံဃာကို ယုံကြည်တယ်၊ ကောင်းတာလုပ်ရင် ကောင်းတာ
ဖြစ်တယ်လို့ ယုံကြည်တယ်၊ အဲဒါလက်ခံပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ရန် စိတ်ဝင်စားနေတာကို သဒ္ဓါ လို့ ခေါ်တယ်။ 

သဒ္ဓါ ဆိုတာ စိတ်ဝင်စားတယ်၊ ယုံကြည်တယ်။ သဒ္ဓါတရား မိမိစိတ်ထဲမှာ 
ဖြစ်လာတာနဲ့ တပြိုင်နက် ဘာလှူရင်ကောင်းမတုံးလို့ စိတ်က လှူဖို့တန်းဖို့ 
ကြံစည်လာတယ်။ သီလဆောက်တည်ဖို့၊ ဥပုသ်စောင့်ဖို့ စိတ်ကူးလာတယ်။ ကမ္မဋ္ဌာန်းအားထုတ်ဖို့ စိတ်ကူးလာတယ်။ အဲဒီ စိတ်ကူးလေး ဖြစ်လာရင် 
ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်ပြီလို့ မှတ်ပေတော့နော်။ အဲဒီလို စိတ်ကူးမရသေးရင် 
သဒ္ဓါတရား မရှိဘူးလို့ ပြောရမယ်။ 

လှူတာ တစ်ခုတည်းတင် မဟုတ်ဘူးနော်။ ကုသိုလ်ကောင်းမှုမှာ 
စိတ်ဝင်စားလာတယ်၊ အခုကြည့်လေ၊ တရားပွဲသွားပြီး တရားနာဦးမှပဲ 
ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်သူ့ကြောင့် ပေါ်လာတာတုံး၊ 
သဒ္ဓါကြောင့် ပေါ်လာတာ။ 

သဒ္ဓါ ရှိတဲ့ပုဂ္ဂိုလ်ဟာ (၁) တရားနာချင်တယ်၊ (၂) သူတော်သူမြတ်ကို ဆည်းကပ် 
ဖူးမြင်ချင်တယ်၊ (၃) လှူချင်တန်းချင်တယ်၊ ဒါ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ 
အမှတ်အသားလက္ခဏာ ၃-ချက်ပဲ။ တရားနာချင်တာလည်း သဒ္ဓါကြောင့်၊ 
သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြင်ချင်တာလည်း သဒ္ဓါကြောင့်၊ 
လှူချင်တန်းချင်တာ တစ်ခုတည်းကို သဒ္ဓါလို့ ခေါ်တာ မဟုတ်ဘူး။ 

ဒါကြောင့်မို့ တာဝတိံသာနတ်ပြည်က နတ်တွေဟာ သေခါနီးဖြစ်တဲ့ 
သူတို့မိတ်ဆွေနတ်ကို မှာလိုက်ကြတယ်။ မင်း စိတ်ကူးမလွဲနဲ့၊ သုဂတိဘုံကို 
ရောက်အောင်သွား၊ အကောင်းဆုံးသောအရာကို ရအောင်ယူ၊ အဲဒီ 
အကောင်းဆုံးသောအရာကို လက်လွတ်ဆုံးရှုံးမခံနဲ့။ 
ဒီစကားလေး ၃-ခွန်း မှာလိုက်ကြတယ်။ 

 (၁) "သုဂတိဘုံသွား" ဆိုတာ လူ့ပြည်သွားလို့ ပြောတာ၊ 
(၂) "အကောင်းဆုံးသောအရာကို ရအောင်ယူ" ဆိုတာ သဒ္ဓါတရားကို ပြောတာ၊ 
(၃) "အကောင်းဆုံးသော အရာကို လက်လွတ်ဆုံးရှုံးမခံနဲ့" ဆိုတာ သဒ္ဓါတရား 
မပျက်စေနဲ့လို့ ပြောလိုက်တာ။ ဘာဖြစ်လို့တုံးဆိုရင် သဒ္ဓါတရားရှိရင် 
နတ်ပြည်ရောက်ဖို့ရာ လုံလောက်သောကြောင့် ဖြစ်တယ်။ 

ဟောဒီ သဒ္ဓါတရားရှိရင် ကုသိုလ်ကောင်းမှုအားလုံးဟာ ဘာမှမခက်တော့ဘူး၊ ဒါကိုပြောတာနော်။ လောကမှာ အောင်မြင်မှု၊ ကြီးပွားမှု၊ 
စည်းစိမ်ဥစ္စာတွေရမှုရဲ့ အခြေခံအကျဆုံး အကြောင်းတရားသည် 
သဒ္ဓါသာ ဖြစ်ပါတယ်တဲ့။ အဲဒါကြောင့် သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ 
ဟောတာဖြစ်တယ်။ ကျန်တဲ့ကုသိုလ်တွေက သူ့ကိုအကြောင်းပြုပြီး 
ရလာတာဖြစ်သောကြောင့် သူ့လောက် အဓိကမကျဘူးတဲ့။ 

အာဠဝကကြီးမေးတဲ့ ဒီမေးခွန်းရဲ့အဖြေဟာ ဘဝအရေးနဲ့ ပတ်သက်တာ။ 
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ "ကိုယ့်ဘဝအရေး 
စိတ်အေးရအောင်" အကောင်းဆုံး ပစ္စည်းဥစ္စာဖြစ်တဲ့ သဒ္ဓါတရားကို 
ပိုင်ဆိုင်အောင် လုပ်ကြရမှာဖြစ်ပါတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ 
မပြည့်စုံသေးရင် ဘဝအရေး စိတ်အေးဖို့ ပြည့်စုံအောင် လုပ်ထားရမယ်၊ 
ဟုတ်ရဲ့လား။ 
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော် 
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...