Tuesday, October 22, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် (၁ )

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - I Don’t Care Attitude ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၁) ★ ဒီနေ့ ၂၀၁၉-ခုနှစ် ဇူလှိုင်လ (ရ)ရက်၊ ကျောက်ဆည်မြို့နယ်အတွင်းမှာ
ရှိတဲ့ စက်မှု ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိတဲ့ အင်ရောင်း BPI ဆေးဝါးစက်ရုံမှာ 
ဒီနေ့ည ဘုန်းဘုန်း ဟောပေးဖို့ နှလုံးသွင်းထားတဲ့ တရားကတော
 “င့ါလှေ ငါထိုး ပဲခူးရောက်ရောက်” တဲ့။ 

★ အဲဒီဟာကို အကြောင်းပြုပြီးတော့ လူတွေရဲ့စိတ်ခံစားမှုကို ဘုန်းဘုန်း ဟောပေးမယ်။ 
“ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” အဲဒါကို ခေါင်းစဉ်ပေးထားတာ ဘုန်းဘုန်းက 
English လိုလဲ ပေးထားတယ် “I don’t care attitude” ဆိုပြီး ဘယ်သူမှ 
ဂရုမစိုက်ဘူးဆိုတဲ့ သဘောထားအမြင်။ 

★ အဲဒီအကြောင်းကို ဆွေးနွေးပြီးတော့ ဘယ်လို အဲလိုစိတ်မျိုးဖြစ်ပေါ်လာတဲ့
အခါမှာ ကိုယ့်ကိုယ်ကို ဘယ်လို ကူညီရမှာတုန်း? တခြားလူတစ်ယောက်က 
အဲလိုစိတ်မျိုး ဖြစ်ပေါ်လာရင်လည်းပဲ အဲဒီလိုမျိုးပုဂ္ဂိုလ်ကို ဘယ်လို 
ကူညီရမှာ တုန်း? ဆိုပြီးတော့ ဘုန်းဘုန်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 

★ “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” “ငါမြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” 
ဆိုတာ ဘေးကလူတွေကို ဂရုမစိုက်ဘဲနဲ့ ကိုယ်လုပ်ချင်ရာလုပ်တာ။ 

★ ကိုယ်ရဲ့အပြောအဆို ကိုယ်ရဲ့အပြုအမူ သူတစ်ပါးအပေါ်မှာ 
ဘယ်လိုဆိုးကျိုး သက်ရောက်မှုရှိတယ်၊ ဘယ်လိုကောင်းကျိုး သက်ရောက်မှု 
ရှိတယ်ဆိုတာ အဲဒါ စဉ်းစား ဆင်ခြင်မှုမရှိဘဲနဲ့ ကိုယ်လုပ်ချင်ရာ စွတ်လုပ်တာ။ 
အဲဒါ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်။ 

★ အဲဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားက Buddhist education ဆိုတာ 
ဒီ သာသနာဘောင်ထဲ ဝင်လာပြီးတော့ training ယူတဲ့ အခါမှာ ကိုရင်အနေနဲ့ 
ရဟန်းအနေနဲ့ သီလရှင်ဆရာလေးတွေအနေနဲ့ ပထမဆုံးလေ့ကျင့်ရတဲ့ ပထမဆုံး
သင်ကြားရတဲ့ lesson - သင်ခန်းစာ ကတော့ English လို ပြောရင် Education of Consumption အသုံးပြုတဲ့ နေရာမှာ - ကိုယ်က consumer စားသုံးသူ 
- စားသုံးတဲ့နေရာမှာ ဘယ်လိုစိတ်ထားမယ်ဆိုတာ သင်ပေးတယ်။ 

★ စား ဝတ် နေရေး ကျန်းမာရေး လေးခုပေါ့။ ဘုန်းကြီးစကားနဲ့ ပြောရင်တော့ 
ပစ္စည်းလေးပါး - သင်္ကန်းရယ်၊ ဆွမ်းရယ်၊ ကျောင်းရယ်၊ ဆေးရယ် လေးမျိုး။ 
ဒီလေးမျိုးကို လူတိုင်းလူတိုင်း consume လုပ်တယ်။ အခု ဒီက စက်ရုံ 
ဆေးထုတ်လုပ်တယ်။ မြန်မာပြည်က ဆေးဝါးစက်ရုံသုံးခုထဲမှာ 
တစ်ခုပါတယ်ဆိုပြီးတော့ စက်ရုံမှုးက ပြောပြတယ်။ 

★ ဆေးအမျိုးပေါင်း လေးဆယ်ကျော်ထုတ်လုပ်တယ်။ အဲဒီတော့ 
ဘုန်းဘုန်းတို့က ဒီဆေးတွေကိုလဲ consume လုပ်တယ် အသုံးပြုတယ်။ 
အဝတ်အစား အသုံးပြုတယ်။ စားစရာသောက်စရာ နေ့တိုင်း အသုံးပြုရတယ်။ 
အသုံးမပြုရင် ဒီခန္ဓာကိုယ်က ဘယ်လိုမှ မနေနိုင်ဘူး။ 

★ နောက်ပြီးတော့ နေစရာ၊ ထိုင်စရာ အသုံးပြုရတယ်။ အဲလို အသုံးပြုရတဲ့
နေရာမှာ မြတ်စွာဘုရား သင်ပေးတဲ့ စကားလုံးလေးတစ်လုံး ဘုန်းဘုန်းက 
အဲဒီဟာကို အကျယ်ပြောဖို့ မဟုတ်ပါဘူး။ အဲဒီဟာနဲ့ ပတ်သတ်တဲ့ တရားတွေ 
တခြားနေရာမှာ ဟောထားတာ ရှိပါတယ်။ 

★ အဆိပ်အတောက် မဖြစ်အောင် စားသုံးနည်းဆိုတဲ့ ခေါင်းစဉ်နဲ့ 
စင်ကာပူမှာရော၊ ရန်ကုန်မှာရော ဟောထားတာ ရှိပါတယ်။ 
မနေ့ကပဲ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဒီခေါင်းစီးလေး နည်းနည်းလေး ပြောပြထားတာရှိတယ်။ ဟိုနည်းနည်း ဒီနည်းနည်းပေါ့။ 

★ ဒီနေ့ည ဒီဟာ အဓိကပြောဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ 
စကားလုံးကို မြတ်စွာဘုရားက အဲဒီ Education Consumption စားသုံးသူရဲ့ 
အသိဉာဏ်ဆိုတဲ့ သင်ခန်းစာလေး၊ ပထမဆုံးစကားလုံးလေး 
အရမ်းကို အဓိပ္ပါယ် ရှိတယ်။ 

★ ပထမဆုံးစကားလုံးလေးကို ပါဠိလိုက “ပဋိသင်္ခါ ယောနိသော” တဲ့။ 
ဆိုကြည့်ပါအုန်း။ (ပဋိသင်္ခါ ယောနိသော) (ပဋိသင်္ခါ ယောနိသော) 
(ပဋိသင်္ခါ ယောနိသော) အင်္ဂလိပ်လို ပြောမယ်ဆိုရင်တော့ 
Mindful reasoning လို့ အဓိပ္ပါယ်ရတယ်။ 

★ သတိနဲ့ အသိဉာဏ်နဲ့ နှစ်ခုသုံးပြီးတော့ နေရာတိုင်းမှာ စားသုံးရမယ်၊ 
နေရာတိုင်းမှာ ဝတ်ဆင်ရမယ်။ အဲဒါကိုပြောတာ။ ဘုန်းဘုန်းတို့က ကိုယ်စားချင်သလို 
စားတယ်။ တခါတခါ ကိုယ်ရဲ့ခန္ဓာကိုယ်တောင်မှ ကိုယ် မေတ္တာမထားဘူး။ 
စားလိုက်တာလေ။ 

★ ဘာတွေစားမိတယ် ကိုယ်က အကုန်လုံးမသိဘူး။ 
လျှာက တောင်းတဲ့ဟာပဲ ကိုယ် စားလိုက်တာ။ စားတဲ့ထဲမှာ 
အဆိပ်တွေဘာတွေပါလား ကိုယ်မသိဘူး။ “တန်ရင် ဆေး၊ လွန်ရင် ဘေး” တဲ့။ 

 ★ အရာတစ်ခုထဲကပဲ သူက ဆေးလဲ ဖြစ်နိုင်တယ်၊ ဘေးလဲ ဖြစ်နိုင်တယ် ဆိုတော့ 
သတိတချက် လွတ်လိုက်တာနဲ့ သူက ဘေးဖြစ်နိုင်တာပဲ။ ဘာမှ အာဟာရမဖြစ်တဲ့ 
အချိုမှုန့်တို့ ဘာတို့ အဲဒါဆိုရင်တော့ သူက ဘေးတခုပဲ ဖြစ်တယ်။ 
သူက အာဟာရ မှမဖြစ်ဘူး၊ ဘာ vitamin - ဗီတာမင် မှ မရှိဘူး အဲထဲမှာ။ 

★ အာဟာရရှိတဲ့ စားစရာသောက်စရာတောင်မှ လွန်ရင်ဘေးဖြစ်တယ်တဲ့။ 
အဲဒီအချိန်မှာ ဘာလို့ ဘေးဖြစ်တာလဲ ဆိုတော့ ကိုယ့်ကိုယ်ကို ကရုဏာမရှိတဲ့ 
အချိန်ဖြစ်နေလို့တဲ့။ သတိလွတ်တဲ့အချိန် ဖြစ်နေလို့။ 

★ အဲဒီအချိန်မှာ ကိုယ်ရဲ့ အကြောင်းအကျိုးဆင်ခြင်တဲ့ ဉာဏ်က ရိုင်းရိုင်းပြောရရင်တော့ အကြောင်းအကျိုးဆင်ခြင်တဲ့ ဉာဏ်က အလုပ်မလုပ်ဘူး အဲဒီအချိန်မှာ။ အကြောင်းအကျိုးဆင်ခြင်တဲ့ ဉာဏ်က သေပြီ။ “ပမာဒေါ မစ္စုနော ပဒံ” တဲ့ ဓမ္မပဒထဲမှာ။ ★ မေ့လျော့တဲ့ ပုဂ္ဂိုလ်က အစစရာရာ သေနေတာတဲ့။ ဘဝလဲ သေနေတာ အဲအချိန်မှာ။ အဲတော့ ဘုန်းဘုန်းတို့က ဘာဖြစ်လို့ ဒီလိုစိတ်မျိုးဖြစ်တာတုန်း တခါတခါ ကိုယ့်စိတ်ထဲမှာ ရှိတဲ့စကားလုံးကို ပြောပစ်လိုက်တယ် ပြောထည့်လိုက်တယ်။ ဘယ်သူ့ကိုပဲထိထိဆိုပြီးတော့ ပြောထည့်လိုက်တာ။ 

 ★ အစည်းအဝေးထဲမှာပဲဖြစ်ဖြစ် လက်ဖက်ရည်ဝိုင်းထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါမှာလဲ ကိုယ်စိတ် ကျေနပ်ရင်ပြီးရောဆိုပြီး ပြောထည့်လိုက်တာပဲ။ တခြားလူတွေကို ဂရုမစိုက်ဘူး။ I don’t care! ဂရုမစိုက်ဘူး။ 
★ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘေးက ဘယ်လိုကြည့်မှာတုန်း? အဲဒီလူကို ဒေါသ ဖြစ်မှာလား? အဲဒီလူကို ကြောက်မှာလား? အဲဒီလူကို မုန်းမှာလား? အဲဒီလူကို ဝိုင်းပြီးတော့ ကျဥ်ဖယ်မှာလား? ★ အဲဒီလို ဝိုင်းပြီးတော့ သူ့ကို ကျဥ်ဖယ်ထားမယ်ဆိုရင် အဲဒီလူက ကိုယ့်ရဲ့အိမ်နီးနားချင်း ဖြစ်မယ်ဆိုရင် ကိုယ် ဘယ်လို လုပ်မှာတုန်း? သူနဲ့ မလွတ်နိုင်ဘူး။ ဒီလို အမြဲတမ်းတွေ့နေရတယ်။ ကိုယ့်နဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်မယ်ဆိုရင် ဘယ်လို လုပ်မှာတုန်း? မတွေ့နိုင်ဘူးလား? ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...