Tuesday, January 21, 2020

"ဝိပဿနာဆိုတာ မခက်ပါ"

ဝိပဿနာ စတင်ကျင့်ကြံအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေ တို့အတွက် ဝိပဿနာနဲ့ဆိုင်တဲ့
 ကျိုးစားအားထုတ်ပုံအမျိုးမျိုး တို့အပြင် တရားအားထုတ်ကြရာ၌ ကြုံတွေ့ရမဲ့ 
အခက်ခဲတွေ စသည်အားဖြင့် လက်လှမ်းမှီသလောက်ရှာဖွေ၍ ဓမ္မဒါနပြုခဲ့ပါသည်။ 
အမှန်တိုင်း ပြောရရင် ဓမ္မမိတ်ဆွေတို့ဟာ ဝိပဿနာ ကို စပြီး မလုပ်ကြည့်သေးလိုပါ။ တကယ်တန်းလက်တွေ့လုပ်ကြည့်လိုက်တဲ့အခါမှာ အကျင့်ဖြစ်သွားပြီဆိုရင်ဖြင့် 
နေ့စဥ် တရားမထိုင်ရသေးပါက တစ်ခုခုလိုနေသလိုလို၊ အကြောင်းကိစ္စ 
တစ်ခုခုရှိလို့ တစ်ရက်လောက် ပျက်ကွက်လိုက်ရင်တောင်မှ အပြစ်
တစ်ခုခုရှိသလိုတောင် ခံစားမိမှာပါ။ 

အဲဒီလို လုပ်ကြည့်တဲ့အခါ ဝိပဿနာ အားထုတ်ပုံ ဟာ အခက်ကြီး မဟုတ်ပါလား
ဆိုတာ သိလာကြမှာပါ။ ဓမ္မမိတ်ဆွေတို့ဝိပဿနာအားထုတ်စေချင်တဲ့ စေတနာဖြင့် ဖတ်ရှုထားသမျှကို ပိုမိုပြီး အဓိပ္ပါယ်ရှင်းလင်း နားလည်စေရန် ထပ်မံ၍ ကုသိုလ်ပြုရာ " ကိုသိန်းနိုင်အုန်း ရဲ့ ဖေစဘုတ် စာမျက်နှာမှ ဝိပဿနာဆိုတာ မခက်ပါ ဆိုတဲ့ ရေးသားဖေါ်ပြထားတာ ကို ကောက်နှုတ်ပြီး ထပ်မံကုသိုလ်ပြုလိုက်ပါတယ်။ 
( ခန္ဓာ-၅ပါးတစ်ဦး ) ဝိပဿနာ ဆိုတာ ဘာလဲလို့ဆရာတော်ကြီးတွေက 
အမျိုးမျိုး ဥပမာ ပေးကြပေမဲ့ ...အလွယ်ဆုံးမှတ်ယူရရင်.. "ခန္ဓာ" ရဲ့ 
အရှိ ကို "ဉာဏ်" နဲ့သိအောင် လုပ်တဲ့ အလုပ်ဟာ "ဝိပဿနာ"ပါ။ 

 ဗုဒ္ဓတရားတော်အရ သက်ရှိသတ္တဝါ တွေမှာ ရုပ် နဲ့ နာမ်ပဲ ရှိပါတယ်။ 
အမည်နာမတွေ ဘယ်လိုဘဲ ခေါ်ခေါ်၊ သက်မဲ့အရာဝတ္ထုတွေ မှာ ရုပ်ပဲ ရှိပါတယ်။ ဝိပဿနာတရား ရှုပွားအားထုတ်တဲ့အခါ ဘယ်နည်းနဲ့ပဲရှုရှု၊ ရှုချင်တဲ့ နည်းနဲ့ရှုပါ။ 
ဝိပဿနာ ရဲ့အရှုခံ အာရုံသည် "ရုပ်ဖြစ်ရင်ဖြစ်" မဖြစ်ရင် "နာမ်ဖြစ်" ရပါမယ်။ 
"ရုပ်နာမ်"ကို ဖယ်ထားပြီးတော့ ဝိပဿနာ ရှုလို့ မရပါဘူး။ ဘယ်နည်းနဲ့ပဲ ရှုရှု၊ 
အရင် စသိမယ့် ဉာဏ်က..ပဲ ရုပ်နာမ်ပိုင်းခြားသိတဲ့ "ဉာဏ်"ဖြစ်ပါတယ်။ 
ပါဋ္ဌိ လို ခေါ်တော့...နာမရူပ ပရိစ္ဆေဒဉာဏ် (ရုပ် နာမ် ခွဲခြားသိသောဉာဏ်) ပါ။ 

အဲဒါကြောင့် ဝိပဿနာ ရှုတဲ့အခါ အရှုခံအာရုံအဖြစ် ထားရမှာက "ရုပ် သို့မဟုတ် နာမ်"ဖြစ်ရမယ်ဆိုတာ ဦးစွာသဘောပေါက်ဖို့လိုပါတယ်။ ပုထုဇဥ်လူသားဆိုတာကလည်း နတ်တွေ ဗြဟ္မာတွေ လို မဟုတ်ပဲ၊ အဲဒီ ရုပ် နဲ့နာမ်နှစ်ပါးမှာ နာမ်တရားထက် ရုပ်တရားက ပိုပြီးထင်ရှားနေတော့ စပြီး ရှုတဲ့အခါ ရုပ်တရားကို အရှုခံ ထားပြီး ရှုတာက ပိုကောင်းပါတယ်လို့အကြံပေးပါတယ်။ ဝိပဿနာဆိုတာ ရုပ်နာမ်မှာ ရှုရမှာ 
ဖြစ်တော့ မရှုမီ ကြိုတင်ပြီးတော့ ရုပ်ဆိုတာက ဘယ်လိုလဲ။ 

နာမ်ဆိုတာက ဘယ်လိုလဲ သိရှိ သဘောပေါက်ထားလို့ရှိရင်တော့ အခက်အခဲ မရှိ လွယ်ကူပါလိမ့်မယ်။ တရားအားထုတ်တယ်ဆိုတာ နှလုံးသွင်းပြောင်း လိုက်တာပါ။ အယင်တုန်းကတော့ "ငါသွားတယ်၊ သူသွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါသွားတယ်၊ ယောကျ်ားမိန်းမသွားတယ်” လို့ နှလုံးသွင်းပါတယ်။ အခု တရားအားထုတ်တဲ့အခါမှာ 
ဘယ်သူ သွားတာလဲလို့ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ 
သွားနေကျအတိုင်း သွားပါ၊ အသွားပြောင်းဖို့မလိုပါဘူး။ 
ရုပ်နာမ်ပေါ်မှာသာ သတိထားပြီးသွားခြင်း နဲ "့မိစ္ဆာသတိ"ကနေ "သမ္မာသတိ"ကို ပြောင်းသွားပါလိမ့်တယ်။ အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ ထိုင်တယ်၊ 
အခုကျတော့ ရုပ်နာမ် က သတိနဲ့ထိုင်တယ်၊ အယင်တုန်းက 
ပုဂ္ဂိုလ်သတ္တဝါ ဟာ သတိနဲ့ အိပ်တယ်။ 

အခုက ရုပ်နာမ်သတိနဲ့အိပ်တယ်၊ အယင်တုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ ရပ်တယ်။ 
အခုက ရုပ်နာမ် က သတိနဲ့ ရပ်တယ်။ ဒါပဲ ကွာတာပါ။ တရားအားထုတ်တယ်ဆိုတာ နဂိုအမူအရာထဲမှာ ရုပ်နာမ်ပေါ်ရောက်အောင် သမ္မာသတိကို သွင်းထားလိုက်ခြင်းပါ။ 
အဲဒီလို သတိသွင်းထားလိုက်ရင် ရုပ်သဘော နာမ်သဘောကို သိလာပါလိမ့်မယ်။ 
ရုပ်သဘောက ဘယ်လိုလဲလို့မေးရင် ဖောက်ပြန်တတ်တဲ့သဘောက ရုပ်ပါ။ ဖောက်ပြန်တယ်ဆိုတာက နဂိုအနေနဲ့ မတူပဲ တစ်မျိုးတစ်မျိုး 
ပြောင်းသွားတာကို ဖောက်ပြန်တယ်လို့ ခေါ်ခြင်းပါ၊ အဲဒါကိုပဲ ရုပ် လို့ ခေါ်ပါတယ်။ 

ထိုင်တာ ကြာလာတဲ့အခါမှာ ထိုင်စနဲ့မတူတော့ပါဘူး။
 အောက်ပိုင်းကိုယ်က နာကျင်ကိုက်ခဲမှု၊ ပူမှု စသည် ဖြစ်လာတတ်ပါတယ်။ 
အဲဒါဘာဖြစ်တာလဲ မေးရင် ရုပ်ဖောက်ပြန်တာပါ။ ကိုယ်နှင့်စပ်သမျှ ခြေဖဝါး ကနေပြီး ငယ်ထိပ်အထိ တစ်ကိုယ်လုံးမှာ ဖြစ်နေသမျှတွေကို ပညတ်နာမည် တပ်ချင်သလို တပ်ပါ။ နာတယ်၊ ကျဥ်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ညောင်းတယ်၊ ထုံတယ်၊ တောင့်တယ်၊ တင်းတယ်၊ မူးတယ်၊ ဝေတယ်၊ အော်ဂလီဆန်တယ် စသည်ဖြင့် နာမည်တပ်ချင်သလို တပ်ပါ။ 
အဲဒါတွေသည် အမည်ပညတ်တွေသာဖြစ်ပါတယ်။ 

တကယ်တော့ ပရမတ်သဘောအားဖြင့် ရုပ်ဖောက်ပြန်နေကြတာပါ။ 
အဲဒီလို ရုပ်ဖောက်ပြန်တာကို ဘယ်သူကသိလဲ မေးရင် နာမ်က သိပါတယ်။ 
ပုဂ္ဂိုလ်သတ္တဝါက သိတာမဟုတ်ပါဘူး။ နာမ်ကလည်း အလိုလိုသိတာ မဟုတ်ပါဘူး။ 
အာရုံပြုလို့ သိတာပါ။ အလိုလိုလည်း သိတာ မဟုတ်ပါဘူး။ အမှတ်တမဲ့နေလို့ သိတာ မဟုတ်ပါဘူး။ အဲဒီညွှတ်တတ် သိတတ်တဲ့သဘောသည် နာမ်ပါ။ 
မသိဘဲနဲ့ အမျိုးမျိုး ဖောက်ပြန်နေတာက ရုပ်ပါ။ အဲဒီဖောက်ပြန်သမျှကို လိုက်ပြီး အာရုံပြုသိနေတာက နာမ်ပါ။ နာတယ်သိ၊ ကျဥ်တယ်သိ၊ ထုံတယ်သိ၊ ညောင်းတယ်သိ၊ တောင့်တယ်သိ၊ တင်းတယ်သိ.. စသည်ဖြင့် ကိုယ်ထဲမှာ ဖြစ်ဖြစ်သမျှတွေကို 
လိုက်သိနေတာက နာမ်ပါ ဘဲ။ ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်တတ်တဲ့ ရုပ်တရားနဲ့ သိတတ်၊ ညွှတ်တတ်တဲ့ နာမ်တရားအပြင် ဘာမှမရှိပါဘူး။ 
ဒါပေမယ့် မိမိတို့ကတော့ မသိသေးပါ။ 

ဘာဖြစ်လို့ မသိသေးလဲမေးရင် မကြည့်လို့ မသိတာဘဲ ဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ အဆန်း မဟုတ်ပါ။ တကယ်တော့ မျက်လုံး
ပြောင်းလိုက်တာပါ။ မိမိတို့မှာ ပကတိမျက်လုံး နဲ့ ဉာဏ်မျက်လုံးရယ်လို့ 
မျက်လုံးနှစ်မျိုး ရှိပါတယ်။ 
ပကတိ မျက်လုံးက အပေါ်ယံမြင်ပါ။ 

ပုဂ္ဂိုလ်သတ္တဝါ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်လို့ မြင်တဲ့ အမြင်မျိုးပါ။ 
ဉာဏ်မျက်လုံးက အတွင်းမြင်ပါ။ ရုပ်နာမ်မြင်တဲ့ အမြင်မျိုးပါ။ 
ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဉာဏ်မျက်လုံးနဲ့ ရှုကြည့်ရမှာပါ။ 
ပကတိမျက်လုံး ကနေ ဉာဏ်မျက်လုံးကို ပြောင်းပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ 
ရုပ်နာမ်ကို မြင်အောင် ရှုကြည့်တဲ့အလုပ်ဟာ "ဝိပဿနာ"အလုပ်ပါဘဲ။ 
ရုပ်နှင့်နာမ် တရားနှစ်ပါးဟာ ပဋ္ဌာန်း အညမညပစ္စည်းအရ ပြောရရင် 
အချင်းချင်း အပြန်အလှန် မှီနေကြပါတယ်။ ဒါပေမဲ့ ရုပ်သဘော နဲ့
နာမ်သဘောက မတူကြပါဘူး။ ရုပ်က ဖောက်ပြန်တဲ့သဘောပါ။ 
ရုပ်အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။ 

နာမ်က သိတတ်ညွှတ်တတ်တဲ့သဘောပါ။ ရုပ်က ရုပ်အလုပ်လုပ်၊ 
ဖောက်ပြန်ပါတယ်။ နာမ်က မကူညီနိုင်ပါ။ နာမ်ကလည်း သိတဲ့ညွှတ်တဲ့ 
အလုပ်လုပ်ပါတယ်။ ရုပ်ကို အကူအညီမပေးနိုင်ပါ။ ဒီတော့ အလွယ်ဆုံး
သိထားရရင်တော့... ရုပ်နာမ်နှစ်ပါးတို့ဟာ အချင်းချင်းအပြန်အလှန် အကျိုးအကြောင်း သဘောတရားအရ မှီနေကြသော်လည်း အချင်းချင်းအကူအညီ မပေးနိုင်ကြပါဘူး။ 
ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်ပါတယ်။ နာမ်ကလည်း သိပြီး ညွှတ်ပြီး ပျက်ပါတယ်။ သွားချင်တော့ နာမ်က သွားချင်တယ်။ သွားတော့ ရုပ်က သွားပါတယ်။ 

ရုပ်သွားရာ နာမ်က ပါသွားရပါတယ်။ အဲဒီသဘောတွေကို သိအောင် သွားရင်း ရုပ်နာမ်ပေါ်သတိကပ်ပြီး သွားရပါတယ်။ အဲဒီလိုသွားရင် သွားတဲ့ အမူအရာ မပြောင်းရဘဲ အသွားမပျက် သွားနိုင်ပြီး အရှုမပျက် ရှုနိုင်ပါတယ်။ "သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ငါ မဟုတ်၊ သူ မဟုတ်၊ သွားတာ နာမ်နဲ့ရုပ်” လို့ အသိတိုးလာပါလိမ့်မယ်။" သွားချင်တဲ့ နာမ် ကလည်း သွားချင်ပြီး ချုပ်ပျက်၊ သွားတဲ့ ရုပ်ကလည်း သွားပြီး ချုပ်ပျက်သွားတာကို တွေ့ရပါလိမ့်မယ်။ "သွားချင်တဲ့ နာမ်က အကြောင်း၊ သွားတဲ့ ရုပ်က အကျိုး" လို့ 
နာမ်ရုပ်နှစ်ပါးကို ကြောင်းကျိုးဆက်စပ်ပြီး ဖြစ်နေတဲ့သဘော၊ အကြောင်းချုပ်တော့ အကျိုးချုပ်တဲ့ သဘောတွေကို မြင်အောင် ရှုသွားရပါတယ်။ 

ဝိပဿနာ ရှုတယ်ဆိုတာ ရုပ်ကို ရှုရင်ရှု မရှုရင် နာမ်ကို ရှုရမှာပါ။ 
ဦးစွာပထမ သိရမှာလည်း ရုပ်နာမ်ပဲ သိရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ရပြီးမှ တခြားဉာဏ်တွေ ရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ဉာဏ် မရဘဲနဲ့ တခြား ဉာဏ်တွေ 
မရနိုင်ပါဘူး။ ရုပ်နှင့်နာမ်က ကင်းပြီးတော့ ဖြစ်တာ မဟုတ်တဲ့အတွက် သင့်တော်တဲ့ ဣရိယာပုထ်၊ သင့်တော်တဲ့ အမူအရာနဲ့ အဆင်ပြေသလို ရှုမှတ်နေရမှာဖြစ်ပါတယ်။
 ရှုတဲ့အခါ ရုပ်ကို မှီပြီး ရုပ်ဖြစ်တာလဲ မြင်အောင် ရှုရပါမယ်။ 
ရုပ်အကြောင်း ရုပ်အကျိုးကွဲအောင် ရှုရပါတယ်။ 

ရုပ်မှီပြီး နာမ်ဖြစ်တာကိုလည်း မြင်အောင်ရှုရပါတယ်။ ရုပ်အကြောင်း 
နာမ်အကျိုး ကွဲအောင် ရှုရပါမယ်။ နာမ်ကို မှီပြီး ရုပ်ဖြစ်တာ မြင်အောင် ရှုပါ။ 
နာမ်အကြောင်း ရုပ်အကျိုးကို ကွဲအောင် ရှုရပါမယ်။ 
အသွားအလာ အနေအထိုင် မပျက် သွားရင်း လာရင်း စားရင်း သောက်ရင်း၊ 
နေရင်း ထိုင်ရင်း၊ ပြောရင်း ဆိုရင်းနဲ့ “ဘယ်သူအကြောင်း ဘယ်သူ့အကျိုးလဲ၊ ဘယ်သူရှေ့ဆောင်လဲ၊ ဘယ်သူနောက်လိုက်လဲ” လို့ ခန္ဓာတွင်း ဉာဏ်သွင်းပြီး သွားလာတာကို တရားအားထုတ်တယ်၊ ဝိပဿနာပွားတယ်လို့ ခေါ်တာပါ။

မိမိတို့ခန္ဓာကိုယ်မှာ ပြုပြုသမျှ၊ ပြောပြောသမျှ၊ ကြံကြံသမျှ 
အမူအရာတိုင်းမှာ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ 
ရုပ်နာမ်ကွဲပြီးတော့ နောက်ပိုင်း ကြောင်းကျိုးပိုင်းခြား သိမြင်အောင် 
ရှုပွားအားထုတ်ရပါတယ်။ ရုပ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံ၊ 
ရုပ်အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ် အကြောင်းကြောင့် 
ရုပ်အကျိုးပေါ်ပုံ၊ နာမ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံတို့ကို သိမြင်အောင်
 ရှုဖို့လိုပါတယ်။ ကြောင်းကျိုးမပိုင်ဘဲနဲ့ ကင်္ခါယုံမှား မကွာနိုင်ပါဘူး။ 

ကင်္ခါယုံမှားမကွာရင် တရားထူးရဖို့ မဖြစ်နိုင်ပါဘူး။အဲဒီမှာ ကင်္ခါ ဆိုတာ 
ယုံမှားခြင်း(ဝိစိကိစ္ဆာ) ပါ။ ရတနာမြတ်​သုံးပါး၊ ကံ ကံ၏အကျိုးနှင့် ရုပ်နာမ်ခန္ဓာတွေအပေါ် ယုံမှားသံသယဖြစ်ခြင်းပါ။ ဒါကြောင့် အလိုက်သင့် ရှုပါ။ အလုပ်လုပ်တဲ့အခါမှာ 
ထိုင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်ဟာ မထိုင်နိုင်တော့တဲ့အခါ လျောင်းရှု၊ ရပ်ရှု၊ 
စင်္ကြံလျှောက်ရှု နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပက်လက်ကုလားထိုင် စသည်နှင့် 
နေသာသလို နေပြီး ခန္ဓာတွင်းမှာ ဉာဏ်သွင်းရှုပေးပါ။ 

ကိုယ်နှင့် စပ်ပြီး ကိုယ်တွင်းမှာ ဖောက်ပြန်နေသမျှ၊ စိတ်နှင့်စပ်ပြီး စိတ်ထဲမှာ သိနေသမျှ ညွှတ်နေသမျှကို ရှုကြည့်ပေးရပါတယ်။ ဉာဏ်နှင့်ကြည့်နေတော့ ခန္ဓာမှာ ရုပ်နှင့် 
နာမ်ပဲ ရှိရာ ရုပ်ကလည်း ရုပ်အလုပ်လုပ်ရင်းက ဖောက်ပြန်နေပါတယ်။ နာမ်ကလည်း နာမ်အလုပ်လုပ်ရင်းက သိနေညွှတ်နေပါတယ်။ ရုပ်ဆိုတာ သူ့ရဲ့အမည်ပါ။ 
အလုပ်ကတော့ ဖောက်ပြန်တဲ့ အလုပ်ပါ။ ရုပ်က သူ့အလုပ်ဖြစ်တဲ့ ဖောက်ပြန်တဲ့ 
အလုပ်ကို မရပ်ပါ။ ရပ်ရင် သေပြီ။ ရုပ်အလုပ်က နာကျင် ကိုက်ခဲ ထုံကျဥ် 
မူးသေ စသည်တို့ပေါ့။ ခန္ဓာကိုယ်ထဲမှာ အဲဒီ သဘောမျိုးတွေ တစ်မျိုးမဟုတ် တစ်မျိုးရှိနေပါတယ်။ အဲဒီတစ်မျိုးမျိုးကို သတိကပ်ပြီး “ရုပ်” လို့ ရှုနေပါ။
 ရုပ်လို့ရှုပါဆိုတော့ ရုပ်ဆိုတာကို ပါးစပ်ကလည်း မဆိုရပါ။ 

စိတ်ထဲကလည်း မဆိုရပါ။ ဖောက်ပြန်တဲ့ နာသဘော စသည်ကို သိနေဖို့ပါပဲ။ အဲဒီလို သိနေ ကြည့်ရှုနေတဲ့အခါမှာ ကိုယ်နေကိုယ်ထားကို အေးအေးဆေးဆေး နေသာသလို သက်သာစွာ ရှုလို့ရပါတယ်။ ပင်ပင်ပန်းပန်းလည်း မဟုတ်ပါ။ ရုပ်သဘောကို သိပြီး အနားလည်း ရပါတယ်။ အပန်းဖြေပြီး အိပ်ပျော်ချင်လည်း ပျော်သွားပါစေ။ နိုးလာရင် ပြန်ရှုပါ။ 
အဲဒါ အနားယူတဲ့ ဝိပဿနာအလုပ်ပါ။ အဲဒီလို ကိုယ်ကို နေသာသလိုနေပြီးတော့ 
ရှုနေတဲ့ ပုဂ္ဂိုလ်အတွက် ပေါ်လာသမျှ ဖောက်ပြန်သမျှသည် ရှုစရာပါ။ 
ရှုရမှာပါ။ တရားမရှုပွားဖူးတဲ့သူတွေမှာ တရားရှုမှတ်နေရင်း....
ရင်တုန်တယ်ဆိုရင် .. "အမလေး ငါ ဘယ်လိုဖြစ်မှန်း မသိဘူး .. "ဆိုပြီး 
အပူသောက ဝင်ကြမှာပါ။ 

ရှုနေကျပုဂ္ဂိုလ်ကျတော့ တုန်တာပဲ ဆိုပြီးရှုတော့ အပူမပါပါ။ အပူမပါပဲနဲ့ နေသာသလို နေပြီးတော့ တုန်တိုင်း တုန်တိုင်း ရုပ်လို့ ရှုနေတဲ့အခါ အပူမပါတဲ့အတွက် သက်သာပါတယ်။ အဲဒီ ဖောက်ပြန်တဲ့အထဲမှာ ငါဘယ်လိုဖြစ်မှန်း မသိဘူး။ ရောဂါများထသလား မသိဘူးလို့ စိတ်ပါသွားရင် ပူပါတယ်။ အပူပါရင် ရောဂါပိုတိုးပါတယ်။ နဂိုက ရုပ်ဖောက်ပြန်မှုထဲမှာ စိတ်ဖောက်ပြန်မှုပါ တိုးသွားတော့ ရောဂါပိုကြီးသွားပါတယ်။ 
ဒါကြောင့်မို့ အချို့ဆရာဝန်တွေဟာ ရောဂါသည်ကို ရောဂါအကြောင်းအမှန် 
မပြောကြပါ။ ပြောလို့ရှိရင် ရောဂါသည် စိတ်ဓာတ်ကျပြီး ရောဂါပိုကြီးသွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 
ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်..ရယ်လို့ ရုပ်လေးပါးထဲမှာ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က အားအကောင်းဆုံးပါ။ ကျန်တဲ့ ရုပ်တွေ ပျက်စီးချင်သလောက် ပျက်စီး၊ 
စိတ်ကြောင့်ဖြစ်တဲ့ရုပ် မပျက်စီးက မပျက်စီးပါ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က အားအကောင်းဆုံးပါ။ အဲဒါကြောင့် နေသာသလိုနေပြီးတော့ ရှုမယ်ဆိုရင် 
ကုသိုလ်လည်း ရမယ်။ ရောဂါလည်း ပျောက်သွားပါလိမ့်မယ်။ 
တရားရှုပွားအားထုတ်တဲ့အခါ စိတ်ကို အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက်ထားပြီး ရုပ်ဖောက်ပြန်တာပဲ။ ငါဖောက်ပြန်တာ မဟုတ်ဘဲ ရုပ်ရဲ့သဘောက 
ဖောက်ပြန်တဲ့သဘောပဲ။ ဖောက်ပြန်တဲ့အလုပ်ပဲ။ ငါ့အလုပ်က ရှုရမယ့်အလုပ်ပဲဆိုပြီး ရှုကြည့်နေတဲ့အခါ ရောဂါတွေ ပျောက်သွားပါလိမ့်မယ်။ အဲဒီလို ရောဂါတွေ 
ပျောက်သွားတဲ့အခါ တန်ခိုးလို့ ယူဆတတ်ကြပါသေးတယ်။ 

တန်ခိုးမဟုတ်ပါ။ စိတ်ကြည်လင်လာတော့ သွေးသားကြည်လင်ပါတယ်။ သွေးသားကြည်လင်တော့ ရောဂါတွေ ပျောက်တာပါ။ အဲဒီသဘောပါဘဲ။ 
ကိုယ့်အလုပ်က ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နာမ်နှစ်ပါး ထင်ရှားရာကို ရှုတဲ့ အလုပ်ပါပဲ။ ရုပ်နှင့် နာမ်ကလည်း အချင်းချင်း မှီနေတော့ ရုပ်ဆွဲ နာမ်လဲ၊ နာမ်ဆွဲ ရုပ်လဲပါတယ်။ 
ပရမတ် သဘောက တစ်ညှာဆွဲ တစ်တွဲပါ သဘောပါ။ သတိပဋ္ဌာန်တရားလေးပါးကို သတိပြုကြည့်ပါ။ ကာယာ နုပဿနာသတိပဋ္ဌာန် ဆိုတာ ရုပ်ကို အရှုခံပြီး ရှုတာပါ။ 
အရှုခံက ရုပ်၊ ရှုနေတာက နာမ်ဆိုတော့ နာမ်ပါသွားပါတယ်။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ဝေဒနာကို အရှုခံထားပြီး ရှုတာပါ။ ဝေဒနာက နာမ်တရား၊ 
ရှုတာကလည်း နာမ်တရားပါ။ အဲဒီ နာမ်ဘယ်မှာ မှီနေလဲဆိုတော့ ရုပ်မှာ မှီနေပါတယ်။ အဲဒီလို သိတဲ့အခါ ပြီးသွားပါတယ်။ ချက်ချင်းတော့ မသိသေးပါ။ သိချိန်တန်မှ သိမှာပါ။ 
 ဝိပဿနာ ရဲ့အလုပ်က အရှိ နဲ့ သတိနဲ့ကိုက်အောင် လုပ်တဲ့ အလုပ်ပါ။ 

မစဥ်းစားပါနဲ့။ လိုက်မရှာပါနဲ့။ အရှိရုပ် နဲ့ အရှိနာမ် နဲ့ ကိုက်အောင် ရှုကြည့်ရပါတယ်။ မရှိတာလည်း မရှာပါနဲ့။ ရှိတာလည်း မကြိုက်ပါ မဖြစ်ပါနဲ့။ မဖြစ်ကြသေးတာကိုလည်း ဖြစ်အောင် မလုပ်ပါနဲ့။ ဖြစ်နေတာကိုလည်း ပျက်အောင် မလုပ်ပါနဲ့။ အရှိအတိုင်းမြင်အောင် ကြည့်ပါ။ ဖြစ်နေတဲ့အတိုင်း ကြည့်ပါ။ စိတ္တာနုပဿနာသတိပဋ္ဌာန် ဆိုတာ နာမ်ကမ္မဋ္ဌာန်းပါ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတာပါ။ အဲဒီစိတ်ဟာ ဘယ်မှာ မှီနေသလဲဆိုယင် ရုပ်မှာ မှီနေပါတယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန် နဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့ဟာ နာမ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ နာမ်ကမ္မဋ္ဌာန်းပါ။ ဓမ္မနုပဿနာသတိပဋ္ဌာန်က ရုပ်နာမ်ရောတဲ့ ကမ္မဋ္ဌာန်းပါ။ 

ဒါတွေ အားလုံးဟာ ဘုရားရှင်ဟောခဲ့တာချည်းပါပဲ။ ဖြစ်နိုင်လို့ ရနိုင်လို့ ဟောခဲ့တာတွေပါ။ ရှုအားကောင်းစွာနဲ့ ရှုဖို့ ပွားဖို့ပဲ လိုပါတယ်။ ရှုရမှာက ရံခါ ရုပ်၊ ရံခါ နာမ်ကို ရှုရမှာပါ။ ရှုတဲ့အခါ ရုပ်ကို မှီပြီး နာမ်ဖြစ်တာလည်း တွေ့ပါလိမ့်မယ်။ နာမ်မှီပြီး ရုပ်ဖြစ်တာလည်း သိပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးအပြင် တခြားဘာမှမရှိဘူးဆိုတာ သိလာပါလိမ့်မယ်။ အဲဒီသဘောတွေကို သိအောင် သွားတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို မှီပြီးဖြစ်တယ်လို့ သတိထားပြီး ရှုပွားသွားရမှာပါ။ ပြုတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြုတယ်ဆိုတာ သတိထားပြီး ပြုရမှာပါ။ ပြောတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြောနေတယ်ဆိုတာ သတိထားပြီး ရှုပွားပြောရမှာပါ။ 

ဝိပဿနာ အလုပ်ဆိုတာ အသိ ပြောင်းအောင် လုပ်တဲ့ အလုပ်ပါ။ တရားအားထုတ်လို့ အသိပြောင်းသွားပြီဆိုရင် နဂိုနေ၊ နဂိုစား၊ နဂိုသွားလာတာမျိုးနဲ့ ဘယ်လိုမှ မတူဘဲ အမူအရာ ပြောင်းသွားပါတယ်။ အမူအရာ မပြောင်းရင်တော့ တရားမရသေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အနေအထိုင် အသွားအလာ အပြောအဆိုအမူအရာမှ မပြောင်းသေးရင် အသိမပြောင်းသေးလို့ပါပဲ။ အသိမပြောင်းတာလည်း ရုပ်နာမ်ကို အမှန်မမြင်သေးတာ ဖြစ်လို့ပါဘဲ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကြောင်းကျိုးတရားပါ။ ပဋ္ဌာန်း တရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်းပစ္စည်း အကျိုးပစ္စယုပ္ပန်အနေ ဟောခဲ့ပါတယ်။ သစ္စာတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ 

အကြောင်း သမုဒယ၊ အကျိုး ဒုက္ခပါပဲ။ ဒီလောကကြီးထဲမှာ အကြောင်းအကျိုးအပြင် ဘာမှ မရှိပါ။ ဒီခန္ဓာကိုယ်အတွင်းမှာလည်း ကြောင်းကျိုးအပြင် ဘာမှမရှိပါ။ ဒီခန္ဓာမှာ ရုပ်နာမ်ကွဲပြီးရင် အဲဒီရုပ်နာမ် အကြောင်းကို သိမ်းဆည်းသိတဲ့ ဉာဏ်ရရမှာပါ။ အဲဒီ ဉာဏ်မှမရရင် "ဝီစိကိစ္ဆာ" မကင်းနိုင်ပါ။ "သောတာပန်" မဖြစ်နိုင်ပါ။ ဒါကြောင့် ရုပ်နာမ်ကွဲအောင် ကြိုးစားရှုပွားပါ။ ရုပ်နာမ်ရဲ့ အကြောင်းကို သိမ်းဆည်းနိုင်အောင် ဝိပဿနာတရား ကြိုးစားရှုမှတ်ကြပါလို့ တိုက်တွန်းရင်း ဓမ္မဒါနပြုလိုက်ရပါတယ်။ (ခန္ဓာ-၅ပါးတစ်ဦး) ကိုးကားမူယင်း-( ကိုသိန်းနိုင်အုန်း ရဲ့ ဖေစဘုတ် စာမျက်နှာ မှ "ဝိပဿနာဆိုတာ မခက်ပါ " ဆိုတဲ့ ရေးသားဖေါ်ပြထားတာ ကို ကောက်နှုတ်ပြီး ထပ်မံကုသိုလ်ပြုလိုက်ပါတယ်)
Mg Shwe Oo - Ngaoh

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...