Tuesday, October 22, 2019

င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၅)

သူများရဲ့စိတ်ချမ်းသာမှုကို ဂရုမစိုက်တဲ့ပုဂ္ဂိုလ်က
သူကိုယ်တိုင် စိတ်မချမ်းသာလို့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
င့ါလှေ ငါထိုး ပဲခူးရောက်ရောက် - အပိုင်း(၄) 
 ★ အခုခေတ်မှာ ဒီလို စာအုပ် (The Emotional Life of Your Brain) လေးတွေ သိပ္ပံပညာရှင်တွေ သူတို့ ထုတ်ထားတာရှိတယ်။ တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဦးနှောက်နဲ့ တရားမထိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဦးနှောက်ကို ဓာတ်ပုံရိုက်ပြီးတော့ နှိုင်းယှဉ်ကြည့်တာ။ fMRI ဆိုတဲ့ စက်ကြီးတွေ EEG ဆိုတဲ့ စက်ကြီးတွေ ဒီစက်ကြီးတွေ သုံးပြီးတော့လုပ်ထားတာ။ 

★ ဒီစာအုပ်ကိုရေးတဲ့ ပါမောက္ခကြီးက အမေရိကန်နိုင်ငံသား နှစ်ပေါင်းလေးဆယ်ကျော်လောက်ရှိပြီ တရားထိုင်လာတာ။ မဟာစည်ဆရာတော်ကြီး နည်းနဲ့လဲ တရားထိုင်ထားတယ်။ ဆရာကြီးဂိုအင်ဂါ နည်းနဲ့လဲ တရားထိုင်တယ်။ ၁၉၇၃ ခုနစ် ဘုန်းဘုန်းတို့ ရှစ်နှစ်သား ကိုးနှစ်သားကတည်းက သူတို့က ဗုဒ္ဓဂယာမြန်မာကျောင်းမှာ ဆယ်ရက်စခန်း ခုနစ်ကြိမ်ဆက်တိုက်ထိုင်တားတဲ့ ဆရာကြီးတွေ။ 

★ သူရေးထားတဲ့ စာအုပ် - The Emotional Life of Your Brain ဆိုတာ english လို ရေးထားတယ်။ ကိုယ်ရဲ့ ဦးနှောက် နဲ့ ကိုယ်ရဲ့ စိတ်ခံစားမှု ဘယ်လိုဆက်သွယ်မှု ရှိတယ်၊ ဘယ်လို ဆက်နွယ်တယ် ဒါလေးကို ပြောပြထားတာ။ 

★ တကယ်လို့ ဘယ်သူဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ အဲဒီစိတ်ရှိတဲ့ပုဂ္ဂိုလ်က သူ့ဦးနှောက်က ဘယ်နေရာမှာ အလုပ်လုပ်သလဲ? သူတို့ ပြောတာကတော့ အင်္ဂလိပ်စကားတွေ များများပါသွားရင် ဘုန်းဘုန်းခွင့်လွတ်နော်။ ဘုန်းဘုန်း ကြိုးစားပြီးတော့ မြန်မာလိုပြောပြပေးမယ်။ 

★ ဦးနှောက်ရဲ့ အရှေ့ခြမ်းက ဆုံးဖြတ်ချက်နဲ့ ပတ်သတ်တဲ့ဒေသ။ နောက်ပြီးတော့ စိတ်တည်ငြိမ်မှုနဲ့ ပတ်သတ်တဲ့ ဒေသ တခုရှိတယ်။ တခု မကပါဘူး၊ နှစ်ခုသုံးခု ရှိတယ်။ အဲဒီထဲမှာ အရေးကြီးတဲ့တစ်ခု ACC (Anterior Cingulate Cortex) ဆိုတာ ဒီနားလေးမှာ ရှိတယ်။ 

★ တကယ်လို့ လူတစ်ယောက်က ဘယ်သူဘာပဲ ဖြစ်ဖြစ်ကွာ ငါ့ဆိုင်ကယ် ငါစီးတာ ဘာဖြစ်တုန်း။ တခါတည်း သူသွားချင်တဲ့ လမ်းသွား၊ ဝင်ချင်တဲ့လမ်းဝင်။ ကားသမားတွေ ငါ့ကား ငါမောင်းတာ ဘယ်သူ ဘာဂရုစိုက်ဖို့လိုတုန်း? မျဉ်းဖြူပေါ် တက်မောင်းတော့ ဘာဂရုစိုက်ဖို့လိုတုန်း? 

★ ဒီထဲကနေ နောက် အလယ်လိုင်းဝင်တယ်၊ နောက် ဟိုဖက်လိုင်း ၀င်တယ်၊ နောက် ဒီဖက်လိုင်း ဝင်တယ်။ ဘယ်သူဘာပြောမတုန်း? အဲဒီလိုစိတ်နဲ့ ကားမောင်းတဲ့အခါမှာ ဒီဧရိယာ ACC ဆိုတဲ့နေရာ ထိခိုက်တာတဲ့။ တနည်းအားဖြင့်ပြောရင် သူက လူနာတစ်ယောက်။ သူ့ကို လူနာတစ်ယောက်အနေနဲ့ ကြည့်တာ။ 

★ အဲဒီအချိန်မှာ အဲဒီကားသမား၊ အဲဒီ ဆိုင်ကယ်သမား အဲဒီအချိန်မှာ သူ့ကိုယ်သူလဲ မေတ္တာမရှိဘူး။ မန္တလေးတိုင်း ဒီနေ့ တနေကုန် မနက်ကရယ် နေ့ခင်းရယ် ဆရာဝန်ကြီးတွေ တရားဟောတယ်။ ဆရာဝန်ကြီးတွေက ပြောကြတဲ့ အသိဉာဏ်အရဆိုရင် မန္တလေးတိုင်းထဲမှာ လူသေအများဆုံးရောဂါက ဘာတုန်းဆိုရင် accident မော်တော်ဆိုင်ကယ်ကြောင့် သေတာတွေတဲ့။ 

★ မန္တလေးဆေးရုံကြီးမှာဆိုရင် တစ်နေ့ကို အနည်းဆုံးနှစ်ယောက် ဆုံးပါတယ်။ အသက် ဆုံးရှုံးပါတယ်။ ကင်ဆာ အဖြစ်များတယ်။ ဥပမာ ဓာတုဗေဒပစ္စည်းတွေ အများကြီးသုံးလို့ အသီးတွေ ဘာတွေ ရောင်းတဲ့လူ အသားတွေဘာတွေ ရောင်းတဲ့လူက ဆေးတွေဘာတွေထိုးလို့ အဲဒါကြောင့် ကင်ဆာတွေဘာတွေ များလာတာ။ ကမ္ဘာပေါ်မှာတောင် ဘုန်းဘုန်းတို့က နာမည်ကြီးလာတယ် ကင်ဆာတွေဖြစ်တာ။ 

★ ဒါပေမဲ့ အဲဒီ ကင်ဆာက ဒုတိယပဲ လိုက်တယ်။ ပထမကတော့ ဘယ်သူဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့ ဆိုင်ကယ် ငါ စီးတာ အဲလို လူမျိုးတွေ ဖြစ်တာ။ အဲဒီတော့ သူများကို ဂရုမစိုက်တဲ့ လူက သူကိုယ့်ကျိုးကို သူ့ ကိုယ်ကျိုးစီးပွားကို ဂရုစိုက်မလာ? မစိုက်ပါဘူး။ 

★ ဘေးအိမ်က ဘာပဲ ဖြစ်ဖြစ်ဂရုမစိုက်ပဲ သီချင်းအကျယ်ကြီးဖွင့်တဲ့လူ ဘယ်သူ အိပ်ချင်အိပ် ကိစ္စမရှိဘူး၊ ဘယ်သူ တရားထိုင်ချင်ထိုင် ကိစ္စမရှိဘူး။ ဘယ်ကလေးတွေ စာဖတ်ချင်ဖတ် ငါ ဂရုမစိုက်ဘူး။ ငါ သီချင်းအကျယ်ကြီး ဖွင့်မယ်။ 

★ တခါကျတော့ တခါတခါကျတော့ သီချင်းတောင် မကဘူး။ စိတ်ညစ်ပြီးတော့ တရားတောင် အကျယ်ကြီးဖွင့်တယ်။ သူကိုယ်တိုင်လဲမနာဘူး။ စိတ်ညစ်လို့ ဖွင့်တာ။ ဟုတ်တယ်မို့လား? အဲဒီလိုခံရတဲ့ အိမ်တွေ မိသားစုတွေ ဘုန်းဘုန်းဆီ ရောက်လာတယ်။ 

★ “အရှင်ဘုရား တပည့်တော်တို့ ဘယ်လို စိတ်ထားရမှာတုန်း?” အဲဒါမျိုးတွေ ခဏခဏ ကြားရတယ်။ ခဏခဏ ဘုန်းဘုန်းတွေ့ရတယ်။ အဲတော့ ဘုန်းဘုန်းဆိုချင်တာက သူများရဲ့ စိတ်ချမ်းသာမှုကို ဂရုမစိုက်တဲ့ပုဂ္ဂိုလ်က သူကိုယ်၌က ကိုယ်က စိတ်မချမ်းသာလို့။ 

★ သူကိုမြင်တာ အဲလိုမြင်မှ၊ အဲလိုကြည့်မှ အဲလိုမဟုတ်ဘူးဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ လုပ်တဲ့နေရာမှာ ကိုယ်က ပြဿနာ ဖြေရှုင်းရာ မရောက်ပဲ ကိုယ်က ပြဿနာရဲ့ အစိတ်အပိုင်းပဲ ဖြစ်လာတယ်။ ဘုန်းဘုန်း အင်္ဂလိပ်လို ပြောပါရစေ။ You don’t become part of the solution, instead you become part of the problem. 

★ ပြဿနာဖြေရှုင်းဖို့ ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကိုယ်က အဖြေထဲမှာ ပါမလာဘူး။ အဖြေမှန်လဲ အဖြေလဲ ဖြစ်မလာဘူး။ အဖြေဖြစ်မဲ့အစား ပြဿနာထဲကိုပဲ ကိုယ်ဝင်သွားတယ်။ ကိုယ်ကိုယ်တိုင်ကပဲ ပြဿာနာထဲ ပါလာတယ်။ ဒါ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ခံစားမှု၊ ကိုယ့်စိတ်ခံစားမှု ကိုယ်မသိလို့တဲ့။ 

★ ဒါကြောင့် အခုခေတ်မှာ IQ မြင့်ရုံနဲ့ မရသေးဘူး။ EQ ပါ မြင့်ရမယ်တဲ့။ EQ ဆိုတာက Emotional Quotient ကိုယ်စိတ်ခံစားမှု ကိုယ်သိတာ။ တရားတော်အနေနဲ့ ဆိုရင်တော့“စိတ္တနုပဿနာ” ပါပဲ။ 

★ “စိတ္တနုပဿနာ” က စိတ်ညစ်တယ်ဆို စိတ်ညစ်တာကို သိတယ်။ သိအောင် သင်ပေးတယ်။ ဝင်လေထွက်လေ ကြည့်လိုက်။ စိတ်ညစ်တယ် “သြော် ငါ ဒီမှာ စိတ်ညစ်နေပြီ” ချက်ချင်းသိတယ်။ 

★ ချက်ချင်းသိတဲ့ အခါကျတော့ သိတဲ့ပုဂ္ဂိုလ် က စိတ်ညစ်ပြီးတော့ သူများကို သွားဆဲတာမျိုးတွေ၊ သူ့ကိုယ်သူ အန္တရာယ် ဖြစ်အောင် လုပ်တာမျိုးတွေ၊ မဆင်မခြင် နေထိုင်တာမျိုးတွေ သူမလုပ် ဖြစ်တော့ဘူး။ စိတ်ညစ်တာကို သတိထားမိလို့တဲ့။ 
★ အဲဒါကြောင့် သတိတစ်လုံးနိုင်ရင် ဘာပိုင်တုန်း? နိဗ္ဗာန်ပိုင်တယ်တဲ့။ 
“သတိတစ်လုံးနိုင် နိဗ္ဗာန်ပိုင်” 

★ နိဗ္ဗာန်ဆိုတာက ပြဿနာ ငြိမ်းတာကိုပြောတာ။ အကုန်လုံး ကိလေဿ မကုန်သေးပင်မဲ့ - ဥပမာ ဒီနေရာမှာ ပြဿာနာ တခုရှိနေတယ်။ အဲဒီ ပြဿနာ ငြိမ်းအောင် လုပ်နိုင်တယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေက နိဗ္ဗာန်ဖက်ကို ဦးတည်နေတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။ 

★ ဘေးအိမ်က ဘယ်လိုပဲဖြစ်ဖြစ် သူဟာသူ သီချင်းအကျယ်ကြီး ဖွင့်ထားတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ် သူကိုယ်တိုင် အဲဒီသီချင်းကို နားထောင်ပြီးတော့ စိတ်သာယာမှုရှိလား? 

ချမ်းသာမှုရှိလား? လုံး၀ မရှိပါဘူးလို့ ဘုန်းဘုန်း ပြောနိုင်တယ်။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ

No comments:

Post a Comment

လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို ဝေဖန်ပိုင်ခွင့် ရှိသလား?

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသ...